interview Peace political news

“တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ အစိုးရကလည်းမပြောတော့ ကုလသမဂ္ဂကို ဒီလိုမျိုးပို့တိုင်ရတာ”

“လူ့အခွင့်အရေးချိုးဖောက်တဲ့တပ်သား၊ အရာရှိတွေကို အရပ်သားခုံရုံးမှာ အရေးယူပေးဖို့ ။တပ်မတော်က လူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ အစိုးရကလည်းမပြောတော့ အားကိုးရမှာက တခြားမရှိတော့ဘူးလေ။ အဲဒါကြောင့် ကုလသမဂ္ဂကို ဒီလိုမျိုးပို့တိုင်ရတာ”

By ရန်ကုန်ခေတ်သစ်

AASYC အထွေထွေအတွင်းရေးမှူး ကိုတိန်ဦးနှင့်ဆက်သွယ်မေးမြန်းချက်

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC) က ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံသို့ တင်ပြလိုက်ပြီး ယင်းတင်ပြမှုများနှင့်ပတ်သက်ပြီး AASYC အထွေထွေအတွင်းရေးမှူး ကိုတိန်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ AASYC ကနေပြီးတော့ ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာတင်ထားလို့သိရတယ်။ အစီရင်ခံစာထဲမှာ ဘယ်လိုအချက်အလက်တွေ ပါဝင်လဲ။

ဖြေ။ ။ UN Human Right Council ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာက မြန်မာနိုင်ငံအရေး အလှည့်ကျ ကြားနာပွဲရှိတယ်။ မြန်မာနိုင်ငံက ဒီလမှာဆိုရင် ကြားနာပွဲရှိတယ်။ အဲဒီအတွက် မြန်မာနိုင်ငံက မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို မြန်မာနိုင်ငံ အဲမှာအစီရင်ခံရတယ်။ အဲလိုမျိုးရှိတာပေါ့နော်။ မြန်မာနိုင်ငံ အစိုးရက အဲဒီမှာ အစီရင်ခံရတာပေါ့။

အဲတော့ ကျွန်တော်တို့လည်း တိုင်ခွင့်ရှိတာပေါ့။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေလည်း ကျွန်တော်တို့လည်း အဓိကကတော့ UPR (Universal Periodic Review) အစီရင်ခံစာလို့ပြောတာပေါ့။

အဲမှာကျွန်တော်တို့လည်း ဒီမြန်မာနိုင်ငံအနေနဲ့ ကြားနာပွဲ မတိုင်ခင်ဆိုတော့ ကျွန်တော်တို့လည်း ကြိုတင်ပြီးတော့ ပြင်ထားတာပေါ့။ UPR အစီရင်ခံစာပေါ့။ အလှည့်ကျ မြန်မာနိုင်ငံက ကုလသမဂ္ဂမှာ နိုင်ငံတကာ နိုင်ငံရဲ့အဖွဲ့ဝင်နိုင်ငံတွေ အကုန်လုံး အလှည့်ကျအစီရင်ခံရတာပေါ့။ လူ့အခွင့်အရေးကို အဲမှာ ကျွန်တော်တို့လည်း တင်ခွင့်ရှိတာပေါ့။

အစီရင်ခံစာထဲမှာ ကျွန်တော်တို့လက်ရှိပေါ့နော်။ ရခိုင်ပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တအားများနေတယ်။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေ ကိုယ်စားဘယ်အဖွဲ့ကမှ နိုင်ငံတကာအဖွဲ့အစည်းတွေကို သီးသန့်တင်ပြခဲ့တာမရှိဘူး။ မရှိသလောက်နည်းတယ်ဆိုတော့ ကျွန်တော်တို့လည်း ဒါတရားဝင်ဖြစ်တယ်ပေါ့ဗျာ။ ဒါကတရားဝင်လမ်းကြောင်းဖြစ်တယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တိုင်းကြားတာတို့ ဘာတို့ဆိုရင် အဲမှာ အစီရင်ခံစာပို့တာတို့ တရားဝင်လမ်းကြောင်းဖြစ်တယ်ပေါ့။ အဲတာကြောင့် ကျွန်တော်တို့ဒီ အစီရင်ခံစာကို ကျွန်တော်တို့ ရခိုင်ပြည်သူတွေကိုယ်စားတင်တာဖြစ်တယ်။

အဓိက ပါဝင်တဲ့အချက်တွေကတော့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့အချက်တွေပါတာပေါ့ဗျာ။ အဲဒီအစီရင်ခံစာမှာ မြန်မာ့တပ်မတော်အနေနဲ့ လက်ရှိ လက်နက်ကိုင် ပဋိပက္ခတွေမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်သွားတာတွေရှိတယ်။ အဲဒီအမှုတွေ နောက်ပြီးတော့ ကျွန်တော်တို့ ရခိုင်လူမျိုးတွေရဲ့ ရသင့်ရထိုက်တဲ့ တိုင်းရင်းသားအခွင့်အရေးတွေကို ယဉ်ကျေးမှု အခွင့်အရေးတွေ ကျွန်တော်တို့ စည်းဝေးခွင့်မရတာတို့ ၂ဝ၁၈ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ မြောက်ဦးလူသတ်မှု ပဋိပက္ခ အဲဒီကနေ ကျွန်တော်တို့ပါတာပေါ့။

အဲဒီအစီရင်ခံစာမှာ အဲတုန်းကဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ ပဋိပက္ခအဖြစ်အပျက်တွေပါတာပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့ ဒေသမှာ ကျွန်တော်တို့ ရခိုင်ပြည်က ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ထည့်ရေးတာပေါ့။

ဘာကြောင့် ဒီလောက် တိုက်ပွဲတွေဖြစ်လဲဆိုတာကို ငြိမ်းချမ်းရေးမှာ အဓိက ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းတွေကို မြန်မာ့တပ်မတော်က NCA လမ်းကြောင်း မှာနေပြီးတော့ NCA ထိုးခွင့်မပေးတာတို့ရှိခဲ့တဲ့ဟာ တွေ အဲတာတွေကို ထည့်တင်ထားတာပေါ့။ အဲတာကြောင့် ဒီတိုက်ပွဲတွေဖြစ်နေတယ်။

မေး။ ။ ကုလသမဂ္ဂကို တင်ပြတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာထဲမှာကော ဘာတွေတောင်းဆိုထားလဲ။

ဖြေ။ ။ ကျွန်တော်တို့ တောင်းဆိုထားတဲ့အချက် ၁၂ချက်က လက်ရှိလူ့အခွင့်အရေးချိုးဖောက်နေတဲ့ မြန်မာ့တပ်မတော်ကော မြန်မာအစိုးရလည်းပါတာပေါ့။ အစိုးရကလည်း တိုက်ဖို့အမိန့်ပေးတယ်တို့ဘာတို့ပြောတယ်ဆိုရင် တပ်မတော်က ထုတ်ပြန်ထားတာတွေ ဘာတွေရှိတယ်ဆိုတော့ ဒါကအစိုးရနဲ့ မြန်မာ့တပ်မတော်နဲ့ ဒီမှာကျူးလွန်နေတာလို့ ကျွန်တော်တို့ ယူဆတယ်။

အဲဒါကြောင့် နောက်ပြီးတော့ အထောက်အထားတွေလည်းရှိတယ်။ တပ်မတော် က ကျူးလွန်တဲ့ဟာတွေ သက်သေအထောက်အထားတွေလည်းရှိတယ်။ ဆိုတော့ အဲဒီတပ်မတော်သားတွေ ကျူးလွန်တဲ့ဟာတွေကို တပ်မတော် စစ်ခုံရုံးမှာ မဟုတ်ဘဲနဲ့ သီးသန့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီးတော့မှ အရပ်သားတွေပါဝင်တဲ့ စုံစမ်းစစ်ဆေးတဲ့ ကော်မရှင်တွေပေါ့။

ဖွဲ့ပြီးတော့မှ လွတ်လွတ်လပ်လပ် ဘက်မလိုက်တဲ့ အဖွဲ့တွေကနေပြီးတော့ အဲတာကို စုံစမ်းစစ်ဆေးပြီးမှ တပ်မတော်သား မြန်မာ့တပ်မတော်က အရာရှိတွေဖြစ်ဖြစ် ကျူးလွန်တဲ့သူတွေကို ထိရောက်တဲ့ အရပ်သားခုံရုံးမှာပေါ့ဗျာ။ အရပ်သားတရားခုံရုံးမှာ အရေးယူပေးဖို့ စစ်ခုံရုံးမှာ မဟုတ်ဘဲနဲ့ အရပ်သားခုံရုံးမှာ အရေးယူပေးဖို့ဖြစ်တယ်။

နောက်တစ်ချက်ပါတာက ကျွန်တော်တို့ လူ့အခွင့်အရေး ရခိုင်ပြည်က လူ့အခွင့်အရေးအခြေအနေကို လူ့အခွင့်အရေးတွေ ကာကွယ်ဖို့မြှင့်တင်ဖို့ ထိန်းသိမ်းဖို့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ရင် ရခိုင်ပြည်ကလူ့အခွင့်အရေးကော်မရှင်သီးသန့် ရခိုင်ပြည်နယ် လူ့အခွင့်အရေး ကော်မရှင်ဆိုပြီး သီးသန့် တစ်ခုဖွဲ့စည်းပြီးတော့မှ ရခိုင်ပြည်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ်ဖို့ ဖြေရှင်းဖို့အတွက် ဖွဲ့ဖို့လိုတယ်ဆိုတာ ကျွန်တော်တို့တောင်းဆိုထားတာရှိတယ်။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကျွန်တော်တို့ ရခိုင်ပြည်ကဖြစ်တဲ့ အမှုတွေကို ကျွန်တော်တို့ ရခိုင်အဖွဲ့တွေက တသီးပုဂ္ဂလ သော်လည်းကောင်း လွှတ်တော်အမတ်တွေလည်း တိုင်တယ်ပေါ့ဗျာ။ ဒါပေမယ့် ဖြေရှင်းမှုက လုံးဝကိုအားနည်းတယ်။ တုန့်ပြန်မှုလည်းမရှိဘူးဆိုတော့ အဲဒါကြောင့် တအားကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေနဲ့ အလုပ်များနေတာလားတော့ မသိဘူး။

တိုင်ကြားမှုတွေများလို့ မလုပ်တာလား။ ကျွန်တော်တို့ဒါကို Facebook live ကနေ Decentralize လုပ်တယ်ပေါ့။ အဲတာကြောင့် ရခိုင်ပြည်နယ်မှာ သီးသန့် လူ့အခွင့်အရေးကော်မရှင်တစ်ခု ဖွဲ့ပြီးတော့မှ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်ပြီးတော့မှ မြှင့်တင်ကာကွယ်သင့်တာပေါ့။

နိုင်ငံတကာ ပြည်တွင်းပြည်ပသတင်းဌာနတွေကော နိုင်ငံတကာ သတင်းဌာနတွေကော လွတ်လွတ်လပ်လပ် ရခိုင်ပြည်ကို ဝင်ပြီးတော့မှ သတင်းယူခွင့်ပေးဖို့ ဖွင့်ပေးဖို့အတွက် တောင်းဆိုထားတယ်။ ရခိုင်မှာဒီ အင်တာနက် ဖြတ်တောက်ထားတာတွေကို ဖွင့်ပေးဖို့ တောင်းဆိုထားတယ်။ နောက်စစ်ဘေးရှောင် ဒုက္ခသည်တွေကို အကူအညီပေးတဲ့အခါမှာ လူသားချင်းစာနာမှု အကူအညီပေးတဲ့အခါမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေကော ပြည်တွင်းက လူမှုရေးအဖွဲ့အစည်းတွေကော ကူညီဖို့၊ လွတ်လွတ်လပ်လပ် ကူညီလို့မရဘူး။ အဟန့်အတားတွေရှိတယ်။

ခွင့်ပြုချက်ရမှ သွားရတယ်တို့ အားလုံးပေါ့။ လူနာတွေကိုဆေးရုံ ယူတာတို့မှာ ဆေးရုံပို့တာတို့မှာအစ အကုန်လုံးလွတ်လွတ်လပ်လပ် မရှိဘူးပေါ့။ အဆင့်ဆင့်တွေ အသေးစိတ်များတယ်။ ခွင့်ပြုချက်တွေယူရတယ်။ ခွင့်ပြုချက်ရမှ အထောက်အပံ့တွေက သွားရတယ်ဆိုတော့ ဒါတွေကို အဲလိုမျိုး မလုပ်ဘဲ လွတ်လွတ်လပ်လပ်သွားခွင့်ပေးဖို့ Humanitarian Relief တွေကို ကူညီပေးဖို့ တောင်းဆိုထားတယ်။

နောက်ပြီးတော့ ရခိုင်ပြည်မှာ ကျွန်တော်တို့ အထူးသဖြင့် မြောက်ဦးပေါ့။ မြောက်ဦးမှာ UNESCOမှာ အခုလို စာရင်းဝင်ဖို့အတွက် တင်တဲ့အချိန်မှာ အစိုးရအနေနဲ့ လုပ်ဆောင်နေတယ်ဆိုတာ ကောင်းတဲ့လက္ခဏာ မြောက်ဦးဒေသမှာအခု အနီးတစ်ဝိုက်မှာ မြန်မာ့ တပ်မတော်က အမြှောက်တပ်တွေချထားတာရှိတယ်။ အဲကနေ အမြှောက်တပ်တွေ တိုက်ခိုက်နေတာရှိတယ်။ အဲဒီမြောက်ဦးဒေသအပါအဝင် ယဉ်ကျေးမှုအမွေအနှစ်နယ်မြေတွေ ရှေးဟောင်းအမွေအနှစ် နယ်မြေတွေ ပြီးရင် စာသင်ကျောင်း ဘုန်းကြီး ကျောင်းတွေမှာကော အကုန်လုံးအဲဒီကနေ မြန်မာ့တပ်မတော်အနေနဲ့ တပ်မစွဲဖို့ အဲဒီကနေ ထွက်ခွာသွားဖို့ပေါ့။

အရပ်သားနေတဲ့နေရာတွေမှာ ဘုန်းကြီးကျောင်းတွေ ဘာသာရေးကျောင်းတွေ ထွက်ခွာပေးဖို့ တပ်တွေ ရုပ်သိမ်းဖို့ အဲဒီဒေသတွေက အဲတာတွေကို တောင်းဆိုထားတယ်။ ပြီးတော့ အခုလက်ရှိ ပဋိပက္ခဖြစ်နေတဲ့ တိုက်ပွဲတွေကို အမြန်ဆုံးရပ်တန့်ပြီးတော့မှ ငြိမ်းချမ်းရေး စကားဝိုင်းကို ဖော်ဆောင်ဖို့အတွက် အဓိကမြန်မာအစိုးရနဲ့ တပ်မတော်ကို တောင်းဆိုဖို့ လုပ်ထားတာပေါ့။ အဲတာတွေက တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးပေါ့။

နောက် သယံဇာတနဲ့ ပတ်သက်ပြီးတော့ ရခိုင်ပြည်မှာ ဒါက လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ပဋိပက္ခအကြောင်းအရင်းတစ်ခုပေါ့။ ကျွန်တော်တို့ ရခိုင်ပြည်ကထွက်တဲ့ သဘာဝ သယံဇာတတွေကို ကျွန်တော်တို့ ရခိုင်ပြည်က လူတွေ သည် ခန့်ခွဲခွင့်မရှိဘူး။

ခံစားခွင့်မရှိတော့ အဓိက ၂ဝဝ၈ဖွဲ့စည်းပုံမှာပါတဲ့ ပုဒ်မပေါ့။ ၃၇ပေါ့။ အဲဒီ ပုဒ်မမှာက ဒီနိုင်ငံတော်က အကုန်လုံး ဒီမြေပေါ်မြေအောက် အကုန်လုံးကို နိုင်ငံတော်က ပိုင်တယ်ဆိုပြီးတော့ရေးထားတော့ အဲတာတွေကို ပြင်ဆင်ပေးပြီးတော့မှ သက်ဆိုင်ရာတိုင်းရင်းသားဒေသတွေက တိုင်းရင်းသားပြည်သူတွေ ပိုင်ဆိုင်သည် ဆိုတာတွေလုပ်ဖို့ အဲအချက်တွေပါတယ်ပေါ့။

မေး။ ။ကုလသမဂ္ဂကို တိုင်ကြားရတဲ့ အကြောင်းအရင်းက…..။

ဖြေ။ ။ ကျွန်တော်တို့ မြန်မာအစိုးရကို ပုတ်ခတ်ဖို့တော့ မဟုတ်ဘူး။ အဓိကရည်ရွယ်ချက်က မြန်မာအစိုးရကလည်း အဲမှာ ကြားနာဖို့ရှိတာကို ကြားနာရမယ်ဆိုတော့ မြန်မာအစိုးရမှာလည်း တိုင်းပြည်မှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးတိုးတက်နေမှုအခြေအေနတွေကို သူတို့ အစီရင်ခံမှာပေါ့ဗျာ။

အဲမှာ ကျွန်တော်တို့ ယုံကြည်တာက အစိုးရတင်တဲ့ အစီရင်ခံစာဆိုရင် သိတဲ့အတိုင်းပါပဲ။ အကုန်လုံးအေးဆေး ကောင်းပါတယ်။ တိုးတက်နေပါတယ်။ အဲလိုမျိုး အစိုးရကပြောမှာပေါ့။ အစိုးရမှာ ပြောပိုင်ခွင့်ရှိတာပေါ့။ ကျွန်တော်တို့ မြေပြင်မှာကျတော့ မဟုတ်ပါဘူး။

အဲလို နေ့စဉ်နဲ့ အမျှ လူ့အခွင့်အရေးချိုးဖောက်မှုတွေ​ြဖစ်နေတယ်။ အဲဒါကိုလည်း ကမ္ဘာ့ကုလသမဂ္ဂနိုင်ငံတွေ နိုင်ငံတကာတွေသိအောင် နောက် သူတို့သိတာက တချို့ဟာက သတင်းတွေမှှာကြားတယ် သိတယ်ပေါ့။ ဒီလိုမျိုး ရခိုင်မျိုးနွယ် ကိုယ်စား သီးသန့်သူတို့ကို တိုက်ရိုက်တရားဝင် တင်သွင်းတဲ့ဟာတွေမရှိဘူး။ မရှိဘူးဆိုတော့ သူတို့ကလည်း တိတိကျကျပြောလို့မရဘူးပေါ့။ အခုလို ဒီလိုမျိုး ကိုယ့်လူမျိုးတွေ ကိုယ်စားပြုခွင့်ပေးတယ်ဆိုတော့ သူတို့ကလည်း ခိုင်ခိုင်မာမာပြောလို့ရတာပေါ့။

ဒီအမှုတွေမှာ ချိုးဖောက်မှုရှိတယ်။ အဲလိုကျွန်တော်တို့ဆီက တောင်းဆိုထားတဲ့ဟာတွေကို ဘယ်လိုလုပ်မလဲ ဘယ်လိုမျိုးဖြေရှင်းပေးမလဲ။ အဲမှာ ကုလသမ ဂ္ဂမှာ ရှိနေတဲ့နိုင်ငံတွေ လူ့အခွင့်အရေးကောင်စီမှာ ရှိနေတဲ့ အဖွဲ့ဝင်နိုင်ငံတွေပေါ့။ အဲမှာ သူတို့က မြန်မာအစိုးရကို အကြံဉာဏ်တွေပေးမယ်။ ဒါတွေဒါတွေ လုပ်သင့်တယ်ဆိုပြီး မြန်မာအစိုးရကလည်းပဲ လုပ်ပါမယ်ဆိုရင် လုပ်ပါမယ်လို့ ကတိခံတာပေါ့။

မှတ်တမ်းတင်ရင်လည်း မှတ်တမ်းယူတာပေါ့။ သူတို့က အဲလိုမျိုးရှိတယ် လူ့အခွင့်အရေးကောင်စီမှာပေါ့။ အဲတာကြောင့် ဒါက တရားဝင်လမ်းကြောင်းဖြစ်တာပေါ့။ ကျွန်တော်တို့က မြန်မာအစိုးရကို သိတဲ့အတိုင်းပဲ အကုန်လုံး မီဒီယာတွေ သိတဲ့အတိုင်းပဲ ဒီမှာ အရပ်သားတွေ ပြောနေတဲ့စကားတွေက ဘယ်အဖွဲ့မှလဲ ပြောလို့မရဘူးဆိုတော့ အဓိက ကိုယ့်ပြည်တွင်းမှာ ပြဿနာကိုက ကိုယ့်ပြည်တွင်းက လူတွေပြောလို့မရတော့ တောင်းဆိုလို့လည်းမရတော့ ကမ္ဘာ့ပေါ်မှာကတော့ နိုင်ငံတကာရှိတာပါ့။

မြန်မာနိုင်ငံ အဖွဲ့ဝင်ထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့ရှိတယ်ဆိုတော့ အဲမှာ မြန်မာနိုင်ငံကို ကိုယ့်အိမ်တွင်းကပြဿနာကို ဖြေရှင်းလို့မရလို့ အဲလိုမျိုးထိသွားရတာပေါ့။ အဲလိုမျိုးထိတင်ပြီးတော့မှ အဲကလူတွေသိပြီးတော့ ဝိုင်းပြီးတော့မှ မြန်မာနိုင်ငံကို ပြောကျတာပေါ့ဗျာ။ ဖိအားပေးပြောကျပေါ့။

အကုန်လုံး ကူညီသင့်တယ်ဆိုတာကို ကျွန်တော်တို့ တောင်းဆိုတာတွေ Recommendation တွေ တောင်းဆိုချက်တွေကိုပြောတာပေါ့။

ထူးခြားမှုဆိုတာက မြန်မာနိုင်ငံအပေါ်မှာ စိတ်ဝင်စားတဲ့နိုင်ငံတွေပေါ့။ ကျွန်တော်တို့ ရခိုင်ပြည်အပေါ် စိတ်ဝင်စားတဲ့နိုင်ငံတွေ လူ့အခွင့်အရေးကို လေးစားတဲ့နိုင်ငံတွေ ကျွန်တော်တို့က အကုန်လုံးအဲမှာ စည်းရုံးလှုံ့ဆော်ရမှာပေါ့။ ကျွန်တော်တို့ ဒီလိုမျိုး ဒီလိုတွေခံနေရပါတယ်။ အဲတာကိုပြောပေးပါပေါ့။

လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ပြောပေးပါပေါ့။ နိုင်ငံတကာဖိအားတစ်ခုပေါ့ဗျာ။ ဒီလိုမျိုး လုပ်ရပ်က အဲလိုအဆင့်ကို လုပ်ရတာပေါ့။
အခုက ကိုယ့်ပြည်တွင်းမှာ ပြောလို့မရတော့ အဲလိုမျိုးထွက်ပေါက်တစ်ခုရှာရတာပေါ့။ အစိုးရက ဒါတွေကို မလိုက်နာရင်တော့ ဆက်တိုက်နောက် ဘယ်လိုမျိုး ဆိုးရွားလာမလဲဆိုတာကိုလည်း ကျွန်တော်တို့လည်းမသိဘူး။ အဲဒါက ဘယ်လိုဖြစ်လဲဆိုတော့ တိုင်းပြည်အတွက် မကောင်းဘူးပေါ့။

မေး။ ။ ဒီလို လူ့အခွင့်အရေးချိုးဖောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂကိုပဲ အစီရင်ခံပေးပို့တာလား။ ICJ နဲ့အခြားနိုင်ငံတကာဆီကိုရော ပေးပို့ဖို့ရှိလား။

ဖြေ။ ။ ကျွန်တော်တို့ကတော့ ICJ ကိုတော့မပြောပါဘူး။ အခုလက်ရှိမှာတော့ ICJ ကတော့ တခြားနိုင်ငံတကာအဖွဲ့တွေ တခြားအဖွဲ့တွေ ပြောကောင်းပြောနိုင်တယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အခု Recommend လုပ်ထားတာကတော့ ICC လည်းမပြောဘူး။ ICJ လည်းမပြောဘူး။

အဓိက ကျွန်တော်တို့ ပြောချင်တာက အခြေအနေ ဆိုးဆိုးရွားရွားမဖြစ်အောင် တပ်မတော်ကချိုးဖောက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရပ်တန့်ပြီးတော့မှ ချိုးဖောက်တဲ့ တပ်သားတွေကို အရာရှိတွေကို အရပ်သားခုံရုံးမှာ အရေးယူပေးဖို့ အဲတာကို ကျွန်တော်တို့ကတောင်းဆိုတာဖြစ်တယ်။ အဓိကက လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့သူတွေက တရားမျှတမှုရရှိဖို့ပဲ။

အဲတာက ဘယ်နည်းလမ်းနဲ့ပဲ လုပ်လုပ် ဘယ်နည်းနဲ့ပဲသွားသွား ဘယ်လမ်းကြောင်းနဲ့ပဲ သွားသွား အဓိက ကျွန်တော်တို့ လိုချင်တာက ဒီလူ့အခွင့်အရေးချိုးဖောက်တဲ့ ပြည်သူတွေအတွက် တရားမျှတမှုလိုချင်တယ်။ ချိုးဖောက်တဲ့အတွက် တာဝန်ခံမှု တာဝန်ယူမှုဖြစ်စေလိုတယ်။ သူတို့ကို အရေးယူဖို့လိုတယ်။ နောက်ထပ် ဒီလိုမျိုးမဖြစ်အောင် ဥပဒေတွေ ပြုပြင်ဖို့လိုတာပေါ့။ ပြောင်းလဲဖို့လိုတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုရှိတိုင်း ကျွန်တော်တို့ ရခိုင်ပြည်မှာ တိုင်ကြားဖို့ဆိုတာ ပြည်သူတွေအခွင့်အလမ်းမရှိဘူး။ လက်လှမ်းမမှီဘူး။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို သွားတိုင်ဖို့လည်း ပြည်သူတွေဘာမှမသိဘူးဆိုတော့ အဲတာကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ လူ့အခွင့်အရေး ကော်မရှင်တစ်ခု ဖွဲ့စည်းဖို့ လူ့အခွင့်ချိုးဖောက်မှုတွေကို ဖြေရှင်းပေးဖို့ အဲလိုမျိုးတွေ ပေါ်ပေါက်လာဖို့ နောက် အစိုးရကလည်း မြောက်ဦးကို UNESCO တရားဝင်ဖြစ်ဖို့ တင်နေတယ်။

ဒီလိုမျိုး တိုက်ပွဲတွေဖြစ်နေရင် မြောက်ဦး အနီးအနားမှာလည်း ဒီလို အမြောက်ကြီးတွေ ချနေရင် ဘယ်လိုမျိုး recognize လုပ်မလဲ။ UNESCOက ဒါတွေကို ကျွန်တော်တို့ ဖယ်ရှားပေးဖို့အတွက် တောင်းဆိုတာတွေရှိတယ်။ အစိုးရကို ကျွန်တော်တို့က Shaming လုပ်တာမဟုတ်ဘူး။ ကျွန်တော်တို့က Shaming လုပ်ဖို့ ရည်ရွယ်ချက်နဲ့လည်း မဟုတ်ဘူး။

ကျွန်တော်တို့ရဲ့ လူမျိုးတွေ ရခိုင်တိုင်းရင်းသားတွေ ရခိုင်လူမျိုးတွေ မျိုးနွယ်စုတွေ ရခိုင်လူမျိုးတွေ လူ့အခွင့်အရေးချိုးဖောက်မှုခံနေ ရတာကို မြန်မာအစိုးရကလည်း ကာကွယ်မပေးနိုင်ဘူး။ မပြောဘူး။ တပ်မတော်ကလူ့အခွင့်အရေးချိုးဖောက်နေတယ်လို့ အစိုးရကလည်းမပြောတော့ အားကိုးရမှာက တခြားမရှိတော့ဘူးလေ။

အဲဒါကြောင့် ကျွန်တော်တို့ ကုလသမဂ္ဂကို ဒီလိုမျိုးပို့တိုင်ရတာ။ ကုလသမဂ္ဂကို မှာရောက်ပြီးတော့မှ မြန်မာအစိုးရက အဲမှာသွားပြီးတော့ ကြားနာပွဲဆိုတာရှိတယ်။ ကြားနာပွဲ မြန်မာအစိုးရကိုယ်စားလှယ်က အဲကိုသွားရမယ်။ လူ့အခွင့်အရေးကောင်စီမှာ အဲမှာလည်းသူတို့က ဖြေရှင်းပေးရမှာပေါ့။ အဖြေပေးရမှာပေါ့။ လက်ခံတယ်ဆိုရင် လက်ခံတယ်။ လက်မခံရင်လည်း လက်မခံဘူးပေါ့။ အဲလိုမျိုး သူတို့ကပြောရမှာပေါ့။

မေး။ ။ တပ်မတော်က ရခိုင်ပြည်နယ်အတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိလာရင် တပ်တွင်းအရေးယူမှုတွေပြုလုပ်တာရှိတယ်လို့ သတင်းထုတ်ပြန်တယ်လေ..။

ဖြေ။ ။ ကျွန်တော်တို့ အရပ်သားခုံရုံကိုတောင်းဆိုရတာကတပ်မတော် က ပြောတယ်ပေါ့။ သူတို့အရေးယူလိုက်ပြီတဲ့ တချို့အရေးယူတာတွေက ထိန်းချုပ်တာတို့ နေရာပြောင်းတာတို့လုပ်တာပေါ့။ ဒါပေမယ့်လည်း ကျွန်တော်တို့ တစ်ယောက်မှမသိဘူးလေ။ ဘယ်နေ့ကလဲ။ ဘယ်အချိန်က အရေးယူလိုက်တာလဲ။ ဘယ်လိုမျိုး ပုဒ်မနဲ့ အရေးယူလိုက်တာလဲ။ ဘယ်နှစ်နှစ်လဲ။ နောက်ပြီးတော့ ကျွန်တော်တို့ယုံကြည်တာက တပ်မတော်သားတစ်ယောက်ပဲ ဖြစ်စေပေါ့ဗျာ။ သူပြစ်မှုကျူးလွန်လိုက်တယ်ဆိုပေ မယ့် သူ့မှာရှေ့နေ ရှိနေရမယ်။ သူ့ဖက်ကရှေ့နေရှိရမယ်ပေါ့။

သူကတရားခံဆိုတော့ သူတို့ကာကွယ်ဖို့ သူမှားတယ်ပြောပြောမှန်တယ်ပြောပြော သူ့ဘက်ကလည်း မဟုတ်ပါဘူးဆိုတာ သူငြင်းပိုင်ခွင့်လည်းရှိတယ်။ သူ့မှာရှေ့နေရှိနေရမယ်။ သူ့မှာတပ်မတော်က ခုံရုံးမှာ တရားစွဲတဲ့နေရာမှာ တရားခံမှာ ရှေ့နေရှိသလား။

အဓိကကတော့ ပွင့်လင်းမြင်သာမှုအပိုင်းပေါ့ဗျာ။ အရေးယူပြီးတဲ့ နောက်ပိုင်းမှာ ဘယ်လောက်ထိသူက နောက်အရေးယူပြီးရင် ပြစ်ဒဏ်လျော့လွှတ်လိုက်တာတို့ တပ်မတော်စစ်ဦးစီးချုပ်ကနေပြီး ​တော့ လွတ်ငြိမ်းချမ်းသာပေးပြီးတော့ လွှတ်လိုက်တာတို့ အဲလိုမျိုးတွေရှိတယ်ပေါ့။ အဲတာကြောင့် ဒါကပွင့်လင်းမြင်သာမှုမရှိဘူး။ နောက်ပြီးတော့ ခိုင်ခိုင်မာမာမရှိဘူးပေါ့။ နောက် ပုဒ်မမှာလည်း ရှိတာကို သူတို့တပ်မတော်ဖွဲ့စည်းပုံမှာရှိတာကို စစ်ခုံရုံးမှာကျတော့ အဓိကကတော့ တပ်မတော်စစ်ဦးစီးချုပ်စကားပဲ စစ်ခုံရုံးမှာကတော့ အဓိကအဲတာပဲ အဲတာကြောင့် တရားမျှတမှု မဖြစ်နိုင်ဘူးလို့ မြင်တယ်။ အရပ်သားခုံရုံးမှာ အရေးယူပေးစေချင်တာပေါ့။

မေး။ ။ ဘာဖြည့်ပြောချင်လဲ။

ဖြေ။ ။ ကျွန်တော်တို့ မြန်မာအစိုးရနဲ့ မြန်မာတပ်မတော်နဲ့ လက်ရှိ ပဋိပက္ခတိုက်ပွဲတွေ ဖြစ်နေတဲ့ဟာတွေကို ရပ်တန့်ပေးပါပေါ့။ ရပ်ပေးပြီးတော့ တခြားတိုင်းရင်းသားဒေသတွေမှာ အပစ်အခတ်ရပ်စဲရေးကြေညာသလို ရခိုင်ပြည်မှာလည်း ရခိုင်ဒေသမှာလည်း အပစ်ခတ်ရပ်စဲရေး ကြေညာပြီးတော့မှ သက်ဆိုင်ရာလက်ရှိ ရခိုင်လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးပြီးတော့မှ အဖြေရှာဖို့ပေါ့။

ဒါကငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲကို အမြန်ဆုံး ဖော်ထုတ်ပေးဖို့ လက်ရှိရခိုင်ပြည်က စစ်ဘေးရှောင် ဒုက္ခသည်တွေကို လွတ်လွတ်ကူညီပေးဖို့ တပ်မတော်ကို အစိုးရအနေနဲ့ ဖိအားပေးခိုင်းတာပေါ့။

ဒီလိုမျိုးအရပ်သားတွေကို ရက်ရက်စက်စက် လုံးဝကို ဥပဒေနဲ့ တိုက်ခိုက်နေတယ်။ ဖမ်းနေတယ် ဖမ်းပြီးတော့ ထိန်းချုပ်ထားတယ်။ ပျောက်နေတယ်။ အဲတာတွေကို ရပ်တန့်စေလိုတယ်။ အခုချက်ချင်း ဒါက တိုင်းပြည်အတွက်မကောင်းဘူး။ တိုင်းပြည်အတွက် စိုးရိမ်စရာပေါ့။ နိုင်ငံတကာပေါ်မှာလည်း ရှက်လည်းရှက်စရာပေါ့။ အခု ICJ ထိတောင် ရောက်သွားတဲ့အချိန်မှာ တပ်မတော်၊ အစိုးရအနေနဲ့ စဉ်းစားပြီးတော့ ပြုပြင်သင့်တာပေါ့။

ဓာတ်ပုံ- တပ်မတော်စစ်သင်္ဘောပေါ်တွင် ရိုက်နှက်ခံရသော ဖမ်းဆီးခံရသူ ၅ ဦးဗီဒီယိုဖိုင်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts