All News Features Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁၈- နိဂုံး )

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁၈- နိဂုံး )

By ရဲဘော်အောင်မင်းနိုင်

ကျနော့်သားက သူ့အဖွားကို ကျနော့်ကို အဲဒီလူဘယ်သူလဲလို့ မေးခဲ့ တဲ့အချိန် စိတ်ထဲမှာ ရယ်ချင်သလို ဖြစ်နေပါတယ်။ နောက်ရက်တွေမှာ ကျနော်ရင်းနှီး တဲ့ သူတွေကို အခုလာတဲ့ လုပ်ငန်းစဉ် အချို့ကိုပြောပြပါတယ်။ အဲဒီအချိန်က ကျနော် လုပ်ရှားမှုအတွက် ကျနော်မြို့က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရုံးခန်းကိုအသုံးပြုပြီး အလုပ်လုပ်ခဲ့ပါတယ် ။

သိပ်မကြာခင်ကာလမှာ မန္တလေးမှာ အထက်မြန်မာပြည် ဗကသ ညီလာခံကို မန္တလေးတက္ကသိုလ် အင်းဝဆောင်မှာ ကျင်းပခဲ့တယ်ထင်ပါတယ်။ အထက်ဗကသ ညီလာခံကနေ ကြေညာချက် အချက် ၂၀ ထွက်ခဲ့ပါတယ်။ အထက် ဗကသ ညီလာခံ ကြေညာချက် အချက် ၂၀ ကို ထောက်ခံဖို့ ကောလင်း မြို့ နဲ့ ပင်လည်ဘူးမြို့ မှာ ပြုလုပ်ခဲ့ပါတယ်။

ဝန်းသိုမြို့မှာ အထက်ဗမာပြည်လို့မသုံးတော့ဘဲ မြန်မာပြည်မြောက်ပိုင်း ကျောင်းသားများ ညီလာခံ လို့ ခေါ်ခဲ့ပြီး ကြေညာချက် ၂ ချက် ထပ်တိုးခဲ့ပါတယ်။ အထက် ဗကသ ညီလာခံက အချက် ၂၀ နဲ့ပေါင်းပြီး ၂၂ ချက် ထုတ်ပြန်ခဲ့ပါတယ်။ ထပ်မံပြီး မိုးညှင်းမှာ မြန်မာပြည်မြောက်ပိုင်းကျောင်းသားများညီလာခံ ကျင်းပခဲ့ပြီး ၂၂ ချက်အတည်ပြုခဲ့ပါတယ် ။

ကျနော်တို့ လုပ်ငန်းစဉ်အရ မန္တလေးမှာ ဗဟိုကော်မတီ ဝင် အရာရှိ ကို ကျနော်တို့ တွေ့ပြီး သက်ဆိုင်ရာ အစီရင်ခံစာ ကို နှုတ်နဲ့ပြောပြီး တင်ပြကြရပါတယ်။ သူကတော့ ကျနော်တို့နဲ့တွေ့ပြီးမကြာခင်မှာ ပါဂျောင် အစည်းအဝေးကို ရွှေလီဘက်ကနေတက်မယ်လို့ ပြောသွားပါတယ်။

သူနဲ့ ကျနော်က လုပ်ငန်းစဉ်အရ အထက်အောက် ဆက်ဆံရေးရှိပေမယ့် မြို့ချင်း ကပ်နေတဲ့သူငယ်ချင်းအရင်းတွေဆိုတော့ သူအ နေ နဲ့ ပြောသင့်တာ ပြောပြပါတယ်။ကျနော်တို့ မကြာခဏ တွေ့ဖြစ်ကြပါတယ်။

သူက မန္တလေး ၃၅ လမ်း နားက အဆောင်တစ်ခု ဌားပြီး နေထိုင် အလုပ်လုပ်ပါတယ်။ ကျန်တဲ့သူတွေ အဲဒီနေရာမှာ နေတာ မသိပါဘူး ၊ ကျနော် နဲ့က သူငယ်ချင်းအရင်းတွေ မို့သာ ပြောပြထားတာ ပါ။ သူအလုပ် ကတော့ ကျနော်တို့ မသိပါဘူး၊ ကျနော်တို့က သတ်မှတ် တဲ့အချိန် ကျရင် သတ် မှတ်ထားတဲ့ နေရာကို သွားရောက်တွေ့ရပါတယ်။

ကောလင်း ထောက်ခံပွဲ ညီလာခံ ကို တက်ရောက်နားထောင်ခဲ့ပါတယ်။ ကျနော်တို့ အလုပ်အရ ပြောသင့်တာကို ပြောပြရပါတယ်။ ပင်လည်ဘူးမှာပုလုပ်တဲ့ ဗကသ ညီလာခံကိုလည်း တက်ရောက်နားထောင်ခဲ့ပါတယ်။ ပင်လည်ဘူး ညီလာခံ ညမှာ ကျောင်းသားအချို့နဲ့တွေ့ပြီး လုပ်ငန်းစဉ်အချို့ကိုပြောပြဖြစ်ပါတယ်။ ကျနော်ကို ပင်လည်ဘူးက ကျောင်းသားအဖွဲ့တွေက ဈေးသည်ကြီးလို့ နာမည်ပြောင် ခေါ်ကြပါတယ်။ ဒီလို အလုပ်တွေလုပ်နိုင်ဖို့ တဖက်မှာလည်း ကိုယ့် လုပ်အားနဲ့ပိုက်ဆံရှာ ရပါသေးတယ်။

မိတ်ဆွေအရင်းခေါက်ခေါက် တစ်ယောက်ကတော့ ကျနော့် သမီး အတွက် ဆေးကုနိုင်ဖို့ သူကူညီ ဆောင်ရွက်ပေးပါတယ် ။ ကျနော်အမျိုးသမီးကတော့ ဒီအလုပ်တွေလုပ်နေလို့ သိပ်မကြိုက်ပါဘူး။ ညဆိုလည်း ချွတ်ကနဲအသံကြားတာနဲ့ အိပ်ရာ က ချက်ချင်းထပြီး သတိအနေထား နဲ့နေရတော့ ကျနော်ကို အလကားနေရင်း စိုးရိမ်ထိတ်လန့်နေတဲ့သူတစ်ယောက်အဖြစ်မြင်နေတာက အခုဒီစာရေးချိန်ထိ ဖြစ်မယ်ထင်ပါတယ်။

ဒီလိုနဲ့ ကျနော် လုပ်ငန်းစဉ်အရ ကျနော် ရဲ့ အရာရှိဖြစ်တဲ့ ဗဟိုကော်မတီဝင် ညွန်ကြားချက် အမိန့်ကို လိုက်နာရတာပါ ။ ကျနော်တို့ အလုပ်တွေ လုပ်ရင်း ၁၉၉၀ ရွေးကောက်ပွဲ ရောက်လာပါတယ်။ ကူညီဆောင်ရွက် ပေးရန် ဆိုတဲ့ ညွန်ကြားချက် ရောက်လာပါတယ် ။

ကျောင်းသား အစုအဖွဲ့ နဲ့ပတ်သက်လို့ ဆိုရင် စစ်ကိုင်းတိုင်းမှာ ဗကသ ၊လူ့ဘောင်သစ်ပါတီ ၊ အမျိုးသားနိင်ငံရေး ကျောင်းသားလူငယ်များ အဖွဲ့ ပါတီ ( အနကလ) ၊ ဘွဲ့ရဒီမိုကရက်တစ် ကျောင်းသားများ ပါတီ၊ ဆိုပြီး ကျောင်းသား လုပ်ရှားမှုတွေရှိပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ ပြီးတဲ့အချိန် မှာ ထင်သလိုမဟုတ်ဘဲ စစ်အာဏာရှင်တွေကောက်ကျစ်မှု ပေါ်လွင်လာပါတယ်။ ကျနော်တို့မြို့က NLD လွတ်တော်ကိုယ်စားလှယ်ဆို ဧည့်ရိပ်သာမှာ တစ်လလောက် ခေါ်စစ်ခံရတယ်လို့ သိထားရပါတယ်။

ကျနော် ထင်ပါတယ် NLD ရဲ့ ဂန္ဒီ ကြေညာချက် ထွက်ပြီးတဲ့အချိန် ကျောင်းသားတပ်မတော် နိုင်ငံရေး အပြောင်းအလဲ တစ်ခု ပြန်စတယ်ထင်ပါတယ်။ အဲဒီအချိန် ဗဟိုကော်မတီညွန်ကြားချက်တင်မကဘဲ ဆက်သားတွေ လွှတ်ပြီး လုပ်ငန်းစဉ်တွေ တစ်ခုပြီး တစ်ခုခိုင်းနေ လို့ပါ ။

နောက်ဆုံးမန္တလေးမှာ ဗဟိုကော်မတီ နဲ့တွေ့တဲ့အချိန် NLD အမတ်တွေကို အန္တရယ် ကင်းစွာနဲ့ ဆွဲထုတ်ဖို့ လုပ်ပါ လို့ အမိန့်ပါလာပါတယ်။ (သိပ်မကြာခင်အချိန်မှာ ဒေါက်တာစိန်ဝင်းရဲ့ အဝေးရောက်အစိုးရ ပေါ်ပါက်လာပါတယ်။)

ကျနော်တို့ နိင်ငံရေး နားမလည်ပေမယ့် အမိန့်အတိုင်း လုပ်ဆောင်ကြရတာပါ ။ အဲဒီလုပ်ငန်းစဉ်အတွက် ဝန်းသိုမြို့က NLD လွတ်တော်ကိုယ်စားလှယ်ကို စပြီး ပြောပြပါတယ်။ သူ့အနေနဲ့ မိသားစု ရှိနေတဲ့အတွက် အပြင်ထွက်ဖို့မဖြစ်နိုင်ဘူး ဆိုပြီး စတင်ငြင်းပယ်ပါတယ်။ ( အခုထိ သက်ရှိထင်ရှားရှိနေပါသေးတယ်)။ နောက်ပိုင်းမှာ ကိုယ့်အတွက်ပါ အန္တရာယ်များတဲ့အတွက် အခြားလွှတ်တော်အမတ်တွေကို တိုက်ရိုက်မဆက်သွယ်တော့ဘဲ ကြားခံတွေနဲ့ ဆက်သွယ်ရပါတယ်။

ကန့်ဘလူ မြို့ မှာ တော့ အလုပ်စမလို့ စကားပြောနေတုန်း အခြေအနေ က အမြန်ပြောင်းလဲ လာလို့ အမြန်ထွက်ရတာက အမှတ်တရပါ ။ စစ်ကိုင်းတိုင်းက မြို့ တော်တော်များများကို အလုပ်လုပ်ရပါတယ်။ ၁၉၉၁ ခုနှစ်မှာ တက္ကသိုလ်တွေ ပြန်ဖွင့်ပါတယ် ။ ၂ လလောက်ကျောင်းတက်ပြီးရင် ကျောင်းပြီးမှာပါ ။ ကျနော် အမေက အဲဒီအချိန် ကျောင်းပြန်တက်ခိုင်းလို့ စကားများကြရပါတယ်။

နောက်ဆုံး ကျနော်အမေက နင်ငါစိတ်ချမ်းသာအောင် မလုပ်ပေးနိင်ဘူးလား ဆိုလို့ တစ်လ နောက်ကျပြီး မှ သွားတက်လိုက်ပါတယ်။ ကျနော် နောက်ဆုံးနှစ်စာမေးပွဲ အောင်ခဲ့ပေမဲ့ ဘွဲ့ လည်းတက်မယူ ခဲ့သလို အိမ်မှာ ချိတ်ဖို့ ဘွဲ့ ဓာတ်ပုံ လည်း မရိုက်ခဲ့ပါဘူး။

ဘွဲ့လက်မှတ်ကို တနှစ်လောက်ကြာမှ သွားထုတ်ပြီး ကျနော်အမေကို ပေးခဲ့ပါတယ်။ ဒါတွေဟာ အမေစိတ်ချမ်းသာမယ်ထင်သလို ကျနော်အကိုနဲ့ မိတ်ဆွေရဲဘော်တွေပေါ် ပြနိုင်တဲ့ သစ္စာ တရား တခုပါ ။ ကျောင်းတက်နေတဲ့အချိန် တက္ကသိုလ် ကျောင်းသားတွေကြားမှာ သတိထားစရာ တွေ့ခဲ့ရတာတွေ ရှိပါတယ်။ ဒါတွေပြောပြရင် လမ်းကြောင်းလွဲသွားမှာ စိုးလို့ မရေးတော့ပါဘူး။

နိုင်ငံရေးဟာ တခါတရံ ညစ်ကွက်တွေရှိပါတယ်။ အဲဒီ အချိန် ညွန်ကြားချက်တွေက တစ်ခါတစ်လေ အကျပ်ရိုက်ပါတယ်။ နောက်ထပ် အကျပ်အတည်းကတော့ ၁၉၉၁ ဒီဇင်ဘာလ လောက်ထင်ပါတယ် ။ ကျနော်တို့အရာရှိ ဗဟိုကော်မတီ ဝင် က မပြောမဆို နဲ့ မန္တလေးမြို့ နန်းတွင်းမှာ အလင်းဝင် လိုက်တယ်လို့သိရ ပါတယ်။

ကျနော်ကိုတော့ သူ့အဖေက မလွဲသာ တဲ့ ကိစ္စတခုကြောင့် အလင်းဝင်လိုက်ရကြောင်း လာပြောပြပြီး သတိထား လုပ်ဆောင်ဖို့ သတိပေးပါတယ် ။ ဗဟိုကော်မတီ မရှိတော့ ပေမယ့်လည်း ဆက်သားတွေနဲ့ ညွန်ကြားချက်တွေ ကို တိုက်ရိုက် လုပ်ပေးနေရပါတယ် ။ အဲဒီအချိန် အိန္ဒီယ camp က လူတွေ ဖောင်းပြင် ပင်လည်ဘူး ဗန်းမောက်နယ် က ဖြတ်မယ် မြေပုံတွေ အမြန် ရှာ ပြီး ပို့ပါဆိုလို့ အခက်ခဲတွေ့ရပါတယ် ။

နောက်တခါ လွှတ်လိုက်တဲ့ ဆက်သားက ကောလင်းဘူတာမှာ ပြဿနာတက် ပြီး လက်ပစ်ဗုံး ကိုင် ပြီး ချမယ်၊ နှက်မယ် လုပ်လို့ ဝန်းသို အခြေစိုက် ၁၂၀ တပ်က ဝင် ဖမ်း လိုက်တယ်ဆိုတဲ့ သတင်းရတဲ့အချိန် ခေါင်းကြီးသွားပါတယ်။ နောက်ပိုင်းဘယ်လိုအခြေအနေဖြစ်သွားတယ်ဆိုတာ မသိပါဘူး။

မိုးညှင်းမှာ လည်း လွှတ်လိုက် တဲ့ ဆက်သား ၃ ယောက် ဖမ်းခံရတယ် ဆိုတဲ့ သတင်းတွေ ရောက်လာပါတယ်။ တစ်ယောက်ကတော့ စစ် တပ်စစ်ကြောရေးမှာ ကျဆုံးသွားတယ်လို့ နောက်ပိုင်း ကြားရပေမယ် သေချာမသိရပါဘုး။ ကျနော်တို့ လှုပ်ရှား နေတဲ့ သူတွေက တစ်ယောက်နဲ့တစ်ယာက် မသိကြသလို ဆက်သွယ်ရင်လည်း ကြားခံ ထားပြီး စကားဝှက်နဲ့ဆက်သွယ်ကြတာများပါတယ်။

သိပ်မကြာခင်မှာဘဲ ကျနော်ဇာတိမှာ ထောက်လှမ်းရေးလို့ ထင်ရတဲ့ လူစိမ်းတယောက်က ကျနော် အိမ်ရောက်လာပြီး ခင်ဗျားတို့ ကျောင်းသားအဖွဲ့ထဲ မှာ အောင်မင်းနိင် ရှိသလားဆိုတာ လာမေးတော့တာပါပဲ။ အဲဒီအချိန် မှာ ကျနော်ဇာတိက အုပ်ချုပ်ရေးရုံးမှာလည်း အောင်မင်းနိုင် နာမည် နဲ့ လူအားလုံး ခေါ်ပြီး မေးမြန်းနေတယ် ဆိုတာ မဝတ ရုံးမှာ အလုပ်လုပ်တဲ့ သူငယ်ချင်းက ပြောပြလို့သိရပါတယ်။

စိုးရိမ်မှု တွေ နဲ့အတူ သတိကြီးကြီးထားပြီး နေရပါတယ်။ အဲလိုဖြစ်နေချိန်မှာ ကျနော်မတ္တရာ ဖက်က သစ်စက်မှာ သွားနေရင်း အလုပ်လုပ်နေလိုက်ပါတယ်။ တစ်ရက်မှာ တပ်မ ၃၃ က ဆိုတဲ့ လူတစ်ယောက် ရောက်လာပြီး ကျနော်ကို ခင်ဗျား ဘယ်သူဆိုတာ သိတယ်လို့ လာပြောပါတယ်။ ကျနော် ချက်ချင်းပဲ ဇာတိကို ပြန်လာပါတယ်။ ကျနော်မိတ်ဆွေကို တိုင်ပင်ပါတယ် ကျနော်ပြန်တက်ရင် ကောင်းမယ်ဆိုတော့ ဘယ်မှမသွားနဲ့ ဒီအတိုင်းငြိမ်နေတာ ပိုကောင်းတယ်လို့အကြံပြုပါတယ်။

ကျနော် နောက်မှာ ဘယ်လိုအရိပ်ကပ်နေမယ်ဆိုတာ မသိတာကိုး ။ ၁၉၉၃ ခုနှစ် မေလလောက်က စပြီး အဆက်သွယ် တွေ ပြတ်သွားသလို ဆက်သားလည်း မလာတော့သလို နောက်ထပ်ညွန်ကြားချက်တွေ မရောက်လာတော့ပါဘူး။

ကျနော် အကို ကို ဆက်သွယ်ဖို့ ဆိုတာလည်း ဘယ်နေရာရောက်နေမှန်းမသိ သလို မြန်မာပြည်နိုင်ငံရေး အခြေအနေလည်း စစ်အာဏာရှင်အောက်မှာ အခိုက်အတန့် ပြန်လည်ငြိမ်သက်သွားပါတယ်။ ကျနော် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရပါတယ်။ တပ်ကို ပြန်သွားမလား မသွားတော့ဘူးလားဆိုတာပါ။

မိသားစုအတွက် စဉ်းစားလိုက်တော့ ကလေး နှစ်ယောက်လည်း ကြီးလာပြီ ဖြစ်ပါတယ်။ ကျနော်ဆီမှာ ရှိတဲ့ ID ရယ် ကျနော်မှတ်မှတ်ရရ သိမ်းထားတဲ့ ABSDF လက်မောင်း တံဆိပ်တွေ ကိုမီးရှို့ ဖျောက် ဖျက်ပစ်လိုက်ပါတယ်။

ကျနော်အတွက် ၁၉၉၃ ခုနှစ် ၁၀ လပိုင်းလောက်မှာ ကျနော် ABSDF ရဲဘော် တစ်ယောက်ရဲ့ ဘဝ ကို ဘယ်သူမှ မသိ နှုတ်ထွက်စာ မတင်ဘဲ နိဂုံးချုပ်လိုက်ပါတယ်။

နဝတ လက်ထက်က ထုတ်တဲ့ စာအုပ်အနီ ထဲက စာမျ က် နာ ၃၇ လို့ထင်ပါတယ် ၊ ABSDF(NB) ဟာ စစ်ကိုင်းတိုင်း ကသာခရိုင် မှာ စစ်ရေး အခြေချဖို့ ကြိုး စားခဲ့တယ် ဆိုတဲ့ စာပိုဒ်လေးက နှစ်ပေါင်း ၃၀ ကြာခဲ့ပါပြီ။

အသက် ၂၀ ကျော် လူငယ်တွေ ဟာ အခုဆိုအသက် ၅၀ ကျော် လူကြီး တွေ ဖြစ်ကုန်ပါပြီ။ ယုံကြည်ချက်တစ်ခု အတွက် နှစ်ပေါင်းများစွာ ဘဝတွေ ကို ပေးဆပ် ခဲ့ ကြတဲ့ ကျနော့်အကိုနဲ့ မိတ်ဆွေ ရဲဘော်များ ၊ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲဘော်များ၊ ကျဆုံးသွားကြ တဲ့ ရဲဘော်များ ကို လေးစား တန်ဖိုးထားမှုအတွက် ဒီစာ နဲ့အတူ အေလးပြုလိုက်ပါတယ်။

သစ္စာဆိုခဲ့ကြတဲ့အတိုင်း ကျနော်တို့ တွေ သစ္စာ မပျက်ယွင်းအောင် စောင့်ထိန်းရင်း ရဲဘော်ရဲဘက်စိတ်နဲ့ မပြီးသေးတဲ့ လက်စ မသတ်နိုင်သေးတဲ့ အလုပ်ကိုဆက်လက် လုပ်နေကြဦးမှာပါ။ ABSDF (NB)မှာ ကျနော် သိသမျှ ပါဝင် ဆောင်ရွက် ခဲ့သမျှ နှလုံးသား နဲ့ ရင်းပြီး ဖော်ကောင် လုပ်ခဲ့ပြီးပါပြီ။

ကျန်တာကျနော်မသိသလို သုံးသပ်ချက်လည်း ကျနော့်မှာ မရှိပါ ။ ABSDF (NB ) နဲ့ပတ်သက်လို့ တင်ပြခွင့်ရတဲ့အတွက်လည်းကျးဇူးတင်ပါတယ်။ အဲဒီအချိန်က ကူညီစောင့်ရှောက်ပေးခဲ့တဲ့ မိတ်ဆွေတွေအားလုံးကို မဖော်ပြနိုင်တဲ့ ကျေးဇူးတရား နဲ့အတူ အမှတ်ရနေပါတယ်။

(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)

(Photo by Yvan Cohen/LightRocket)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts