All News Features Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁၇ )

သူ့အတွေးသူ့အမြင်

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁၇ )

By ရဲဘော်အောင်မင်းနိုင်

ကျနော်တို့လည်း လက်ဖက်ရည်ဆိုင်က ချောင်ကျကျနေရာမှာ ဝင်ထိုင်လိုက်ကြပါတယ်။ ကျနော်အုပ်စု ဆင်းလာတုန်းက ညီညီညွတ်ညွတ် ကြိမ်းဝါးထားတာ တစ်ခုရှိပါတယ် ။ မြို့ရောက်ရင် လက်ဖက်ရည် နဲ့ကိတ်မုန့်အဝ စားမယ် ဆိုပြီးတော့ပါ ။

လာချပေးတဲ့ကိတ်မုန့်ကို အဝစားမယ်ဆိုပြီး စားလိုက်ကြတာ မြို ချလို့မရ လည်ချောင်းမှာ နင်နေတဲ့အပြင် ဆီ ကြောင့် စားရတာ တမျိုးဖြစ်နေပါတယ်။ ရေလုံပြုတ်စားလာတာကြာလို့လားမသိ ။ လိုက်ပို့တဲ့ ရဲဘော်နှစ်ယောက်က ကျနော်တို့ကို ရထားလက်မှတ်သွားဝယ်ပြီး ဘူတာထိ လိုက်ပို့ပေးပါတယ် ။

ဘူတာထဲ ရောက်တာနဲ့ ကျနော်တို့ ကိုယ့်အစီစဉ်နဲ့ ကိုယ်လုပ်ကြရပါတော့မယ်။ လိုက်ပို့ပေးတဲ့ရဲဘော် နှစ်ယောက်လည်း ပြန်သွားပါပြီ။ ကျနော်တို့ ခရီးဆက်ထွက်မယ့် သုံးယောက်လည်း မြစ်ကြီးနားဘက်က ရထားဆိုက်လာတာနဲ့ လမ်းခွဲလိုက်ကြပါတယ်။ ရထားက ခုံမဲ့ဖြစ်လို့ လမ်းကြားမှာ ထိုင်လိုက်နေရင်း အခြေအနေ အကဲခတ်နေရပါတယ်။

ဟိုပင် က ထွက် ပြီး မိုးညှင်းရောက်တဲ့အခါ ရှေ့ပြေး မိုင်းရှင်း ရထား ချိန်းတာနဲ့ ဘာနဲ့တော်တော်ကြာပါတယ်။ အဲဒီအချိန် ဘူတာ က ဝန်တမ်းတွေ ရဲနဲ့စစ်သားတွေ ပါဝင်တဲ့ ရှာဖွေရေးတွေ တက်လာတော့ ရင်တထိတ်ထိတ်နဲ့ပါ။ သူတို့ကမြစ်ကြီးနား ကနေ မန်လေး သွားမယ့်ရထားဆို ခရီးသည်တွေ ဆီမှာ ကျောက်စိမ်း ပါ မပါ ရှာတာပါ ။ ခရီးသွား လူထု ရဲ့ အိတ်၊ ခြင်းတောင်း တွေအပြင် လူတစ်ကိုယ်လုံး ဖင်ကြား ပါမကျန် နှိုက်နှိုက်ချွတ်ချွတ်ရှာတာပါပဲ ။ အမျိုးသမီး တချို့ဆို အိမ်သာထဲ မှာထိ ရှာခံရပါတယ်။

ကျနော့်ကို ရှာပြီးတဲ့အချိန် ဘယ်ကပြန်လာတာလဲ ဆိုပြီး မေးပါတယ်။ ဖားကန်က ပြန်လာတာဆိုတော့ လောပန်းဖြစ်လားဆိုပြီးဆက်ပြောနေလို့ နေမကောင်းလို့ လောပန်းနားက ခွင့်တောင်းပြန်လာတာလို့ပြောလိုက်ပါတယ်။ ကျနော်လွယ်အိတ်ထဲ ရှာ ကြည့်လိုက်တော့လည်း ပေစုတ်စုတ် အကျီၤ နဲ့ ပုဆိုးတကွင်းပဲ ပါတာကိုး ။ ဆက်မမေးတော့ဘဲ ထွက်သွားပါတယ်။

ကျနော် ID ကဒ်ကို ပလတ်စတစ်နဲ့ထုတ်ပြီး အင်္ကျီ ကော်လံ ထဲ ထည့်ထား လို့ တော်သေးသလို လက်မောင်း တံဆိပ် တွေက လွယ် အိတ်က ချုပ် ရိုး ဖြဲပြီး ထည့်ထား လို့ တော်ပါသေးတယ်။

နဘား ဘူတာရောက်တော့ ပထမဆုံး လုပ်ငန်းစဉ် စရပါတော့တယ်။ကသာ ကိုသွားဖို့ပါ ။ အန်တီစု မြစ်ကြီးနား ခရီးစဉ်ကနေအပြန် ကား နဲ့ ကသာ ဝင်မယ်ဆိုတာ သိရပြီး ညွန်ကြားချက်က လုံခြုံရေး အကဲခတ်ဖို့ပါပဲ။ ကသာရောက်တော့ အသိအိမ်မှာတည်းလိုက်ပါတယ် ။ ကံကောင်းချင်တော့ တည်းအိမ်နဲ့မနီးမဝေး မှာ NLD ပါတီရုံး ရှိနေတာပါ။ ပါတီရုံး အခြေအနေကို ကြည့်ပြီး မြို့ ထဲ လျှောက်သွားပါတယ်။

ကျနော်ဇာတိကို အဆက်အသွယ် လုပ်ရမယ့် လူတစ်ယောက်ဆီ ဖုန်းနဲ့လှမ်းဆက်ပြီး အခြေအနေ ကို ကျနော်တို့ မှာထားတဲ့အတိုင်း မေးရပါတယ် ။ သူက အံ့သြ တကြီးနဲ့ ကျနော်နာမည်နှစ်ခါလောက် ပြန်မေးပါတယ်။ကသာရောက်ပြီး နောက်တရက်မှာ ကသာ ကမ်းနားက မော်တော်တွေ သင်္ဘောတွေ မှာပါလာတဲ့ ယောင်္ကျားမှန်သမျှ နအဖစစ်တပ်ကပေါ်တာ စဆွဲသလို ကသာမြို့ပေါ်မှာလည်း ပေါ်တာ စဆွဲပါတယ်။

အိမ်ရှင်က ကျနော်ကို ဆက်ပြီးမနေစေချင်တော့ပါဘုး ။ ကျနော့်ကို ကသာကနေ အမြန်ပြန်ဖို့ ပြောနေရင်း လုံခြုံမှု မရှိတော့တဲ့အခြေအနေတခု ကို တွေ့ မြင်ရပါတယ်။ အိမ်ရှင်က စပါးပို့တဲ့ ကုန်သွယ်ရေးက ကားကို ပိုက်ဆံပေးပြီး စပါးအိတ် အလယ်ခေါင်မှာ ထိုင်လိုက်ဖို့ နေရာပေးပါတယ်။

ကသာမြို့အထွက်မှာ စစ်တပ်က စစ်ဆေးနေတာကို ကျော်ဖြတ်ပြီး အင်းတော်ကို ခေါ်သွားပါတယ်။ အင်းတော်မှာ ဆွေမျိုး လို နေတဲ့အိမ်သွားပြီး ခဏ တည်းခိုဖို့ ခွင့်တောင်းပါတယ်။ သူတို့ကိုတော့ ပြောပြသင့်သလောက်ပြောပါတယ်။ ကျနော်တို့မှာကလည်း အလုပ်ရဲ့အခြေအနေ့အထားအရ ကိုယ့်ကြောင့် သူများထိခိုက်သွားမှာသတိထားနေကြရပါတယ်။

အင်းတော်မှာ ပါတီတွေအကြောင်း လေ့လာပြီး ကျောင်းသားအဖွဲ့တွေနဲ့ ဆက်သွယ်ကြည့်ပါတယ်။ ကိုယ်ပြောပြသင့်တာပြောပြပြီး ထပ်မံဆက်သွယ်ဖို့ အလုပ်လုပ်ကြရပါတယ် ။ အင်းတော်မှာ ကျောင်းသားအဖွဲ့နဲ့တွေ့ပြီး ချက်ချင်း အင်းတော်မြို့ကနေခွာပါတယ်။

အင်းတော်ကနေ ရထားလမ်းအတိုင်း လမ်းလျှောက်လာလိုက်တာ မဲဇာရောက်ခါနီး ရွာ မှာ ရွာလူကြီးကို ခွင့်တောင်းပြီး တစ်ညအိပ်လိုက်ပါတယ်။ ရွာလူကြီးကတော့ ကိုယ်အကြောင်းမသိပါဘူး။ ဖားကန့်က အဆင်မပြေလို့ပြန်လာတာလို့ ပြောပြထားပါတယ် ။ ညစာ ထမင်းကျွေးပြီး မနက်ကို မဲဇာဘူတာထိ သူ့သားကို လိုက်ပို့ ခိုင်းပါတယ်။ အခုထိ ကျေးဇူး မဆပ်နိင်သေးပါဘူး။ နဘား -မန်းလေး ရထားနဲ့ ကိုယ့်ဇာတိမြေကို ပြန်ပါတယ်။

ရထားပေါ်က ဆင်းလိုက်ပြီး မိန်းမအိမ်နဲ့ မိဘအိမ်ဘယ်အိမ် အရင်သွားမလဲဆိုတာ စဉ်းစားရပါသေးတယ်။ ကိုယ့်နောက်မှာ ဘယ်လိုအရိပ် ကပ်ပါလာမလဲဆိုတာ မသိရပါဘူး ။ မိဘအိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရထားဘူတာ က နေ ခြေလျှင်လျှောက်ပြီးအိမ်ကို ပြန်လာခဲ့တာပါ ။

ပိုက်ဆံမပါလို့ ဆိုက်ကား မြင်းလှည်း မစီးရဲသလို ဖြစ်နေပါတယ်။ ကျနော်မိန်းမ ခေါက်ဆွဲဆိုင်ကိုမဝင်တော့ဘဲ အမေနဲ့အဖေ ဆီပြန်လိုက်ပါတယ်။ ကျနော်အိမ်ပေါ်တက်လိုက်တဲ့အချိန် အကိုတဝမ်းကွဲ ရဲ့အမေ (အရီး) ကကျနော်အမေ နဲ့ အတူထိုင်နေတာ တွေ့ရပါတယ် ။ အမေ့ဘေးနားမှာ ကျနော့်သားက ကတုံးတုံးထား ပြီး ကျနော်ကို ခပ်စိမ်းစိမ်းကြည့်နေပါတယ်။

ကျနော်အိမ် ရောက်ပြီး သိပ်မကြာခင်မှာပဲ ရဲဝတ်စုံနဲ့ လူတယောက်ရောက်လာပြီး အိမ်ပေါ်တက်မယ် လုပ်တဲ့အချိန် အမေက ထိုင်ရာကနေထပြီး မင်းဘယ်သူလဲ ငါ့အိမ်ပေါ် ဘာကိစ္စရှိလို့ တက်မှာလဲ ဆိုပြီးလှမ်းဟန့်လိုက်ပါတယ်။ ဟိုလူက ကျနော်ကို လက်ညိုးထိုးပြီး သူ့ကိုမေးစရာရှိလို့ ပါလို့ပြောတဲ့အချိန် အမေက ငါလည်းမင်းလိုလိုက်မေးပြီး လစာ လိုချင်တာပေါ့ ၊ သိချင်ရင်မင်းကစုံစမ်းရမှာလေ လို့ ပြောလိုက်တဲ့အချိန် တွေဝေပြီး လှည့်ပြန်သွားပါတယ်။

အရီးက တော့ (အကိုဝမ်းကွဲ )သူ့သား အကြောင်းမေးပါတယ် ။ ကျနော်က အကိုမှာလိုက်တာ ပြောပြပေမယ့် ငါမယုံဘူး ငါလိုက်သွားမယ်လို့ ပြောလို့ အရီးလိုက်သွားဖို့မလွယ်ဘူး ။ သူကျန်းမာပါတယ် လို့ ပြောပြရပါတယ်။ မင်းတို့ညီအကို နှစ်ယောက်သွားတာ သူက ဘာလို့ပြန်မလာရတာလဲ လို့မေးပါတယ်။ ကျနော်တို့ အလုပ်မတူဘူးဆိုတာနဲ့ ကျနော်ဘာလုပ် မယ်ဆိုတာလည်း ပြောပြရှင်းပြလို့မရဘူး ။

အရီး ကို ကျနော်မလိမ်ပါဘူးလို့ ပြောပြပေမယ့် ကျနော် ပြောတာ လက်မခံခဲ့ လို့ စိတ်မကောင်းဖြစ်ရပါတယ်။ နောက်တော့ ကျနော်တို့မြို့မှာ တစ်ခုခု ဆို ကျနော်အကိုရဲ့ မိဘ အိမ်ကို ခဏ ခဏ ဝင်ရှာခံရတော့တာပါပဲ။ ညနက်သန်းခေါင်လည်း ဝင်ရှာခံရသလို ကျနော့်အကို ကို ပြန်ခေါ်ပါ ဆိုတာမျိုး ကို အုပ်ချုပ်ရေး နဲ့ စစ်တပ်ကဖိအားပေး ပြီး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံး အရီး ဟာဘယ်သူမှ အသိမပေးဘဲ သူတယောက်တည်း သူ့သားကို ဖားကန့် နဲ့ နေရာအနှံ့တက်ရှာခဲ့တယ်လို့သိရပါတယ်။ ကျနော်တို့ အလုပ် အခြေအနေကို နားလည်ပေးနိုင်ပေး ဖို့အတွက် ခဲယဉ်းပါတယ်။ ကျနော်အကိုဝမ်းကွဲ အနေနဲ့ သူ့မိခင် ဖခင် ဆုံးသွားတာကြာပြီဖြစ်ပေမယ့် ABSDF အ နေနဲ့ NCA လက်မှတ်ထိုးပြီး ပြည်တွင်းဝင်ခွင့်ရမှ မိဘ နှစ်ပါးရဲ့ အုတ်ဂူ ကိုသွားရောက်ကန်တော့နိုင်ခဲ့တာ ပါ ။

ကျောင်းသား တော်လှန်ရေးသမား တွေအနေနဲ့ ပေးဆပ်ခဲ့ရတာကတော့ ပုံသဏ္ဍန်မျိုးစုံ ရှိကြမယ် ထင်ပါတယ်။ ကျနော်အနေနဲ့တော့ တမလွန်က အရီး နဲ့ ဦးကြီး ကျနော်ပေါ် နားလည်ခွင့်လွတ်ပါလို့ ပြောရသလို ကျနော်ကို လည်း ခွင့်လွတ်နေ မယ်လို့ ထင်ပါတယ်။

(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts