All News Features Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁၆ )

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁၆ )

By ရဲဘော်အောင်မင်းနိုင်

ပလားတားပို့စ်စခန်းကို ကျနော်တို့အုပ်စု ညနေ မမှောင်ခင်ရောက်လာကြပါတယ်။ စခန်းမှုး ကိုသတင်းပို့ လိုက်ပါတယ်။ ညရောက်တော့ စခန်းတစ်ခုလုံး အလုပ်ရှုပ်နေကြပါတယ်။ မနက်ဖြန် ကျနော်တို့ ဆင်းမယ့် လမ်းကြောင်းမှာ နအဖ စစ်တပ် တပ်ရင်းက စစ်ကြောင်းထိုးလာတယ်လို့ ထောက်လှမ်းရေးသတင်းက တက်လာတာပါပဲ ။

ကျနော်တို့လည်း မနက်ဆင်းမယ့်အစီစဉ် အကုန်ပြန်ဖျက်ကြရပါတယ်။ တစ်ညလုံး သတိနဲ့ နေကြရပါတယ် ။ ဒါပေမယ့် စစ်ကြောင်းက ဆက်မတက်လာဘဲ လမ်းမှာ အထိုင်ချပြီး နေလိုက်ပါတယ်။ ပလားတားပို့စ်က စခန်းမှုးလည်း ဆက်သွယ်ရေး စက်နဲ့ အကုန်သတင်းပို့နေရ ပါတယ်။

နောက်ဆုံး သုံးသပ်ချက်ကတော့ ကျနော်တို့ ကျောင်းသားတွေဆင်းလာမယ်ဆိုတာ သတင်းရလို့ လမ်းကြောင်း လာပိတ်ထားတယ် ဆိုတာပါပဲ။ ကျနော်တို့ မှာက ချက်ချင်းဆင်းရမယ်ဆိုပြီး ချက်စရာနဲ့ ရိက္ခာက မပါတော့ KIA ရဲဘော်တွေနား ကပ်ပြီးစားကြရတာပါ ။ သူတို့ဆီလည်း မနေ့က မှ ရိက္ခာတွေရောက်နေတော့ မပူရပါဘူး။

စခန်းက ရဲဘော်တွေကတော့ စခန်းပတ်ပတ်လည် ခါတိုင်းထက် မိုင်းပို ထောင်ထားတယ်လို့ ပြောပြပါတယ်။ ကျနော်တို့လည်း ပိတ်ထားတဲ့စစ်ကြောင်း ပြန်ဆုတ်အောင် စောင့်နေရင်း ပလားတားပို့စ်စခန်းမှာ ၅ ရက်လောက်သောင်တင်နေပါတယ် ။

တစ်ရက် ညနေမှာ KIA ရင်း ၅ က ကွန်မန်ဒို ရဲဘော်တွေနဲ့ ဈေးသည်မလေးတွေ ပလားတားပိုစ့်ကို ရောက်လာကြပါတယ်။ KIA ကကျနော်နဲ့သိတဲ့ ရဲဘော်က ယောက်ဖ ငါတို့ ဒီည မင်းတို့အတွက်လမ်းရှင်းပေးမယ်။ မနက်ဖြန် မင်းတို့ ဆင်းလို့ရပါပြီ လို့ ပြောလိုက်ပေမယ့် သူပြောတဲ့အဓိပ္ပါယ်သေချာမသိပါဘုး။

ဈေးသည်မလေးတွေ ကိုတော့ မနက် ကျ သူတို့နဲ့ အတူဆင်းကြရမယ်လို့ စခန်းမှုးကပြောပြပါတယ်။ ည နက်လာတော့ အိပ်နေတဲ့အချိန် သေနတ်သံအချို့ သဲ့သဲ့လေးကြားရပါတယ်။ တိုက်ပွဲဖြစ်ပြီ ဆိုပြီး အိပ်မရတော့ပါဘူး။

မနက် ၅ နာရီ ကျော်ကျော်လောက်မှာ ရင်း ၅ က ကွန်မန်ဒိုအဖွဲ့ တွေ ပြန်တက်လာပါတယ်။ ယောက်ဖ လမ်းရှင်းသွားပြီ ဆင်းဖို့ပြင်ထားတော့လို့ပြောပြီး သူတို့က ပလားတားပိုစ့်ကနေ ပြန်ဆင်းသွားပါတယ်။ ကျနော်တို့လည်း မနက်စာစားပြီးတဲ့အချိန် စခန်မှုးက ရောက်လာပြီး ကျောင်းသားတွေ ဆင်းဖို့ပြင်ထား ဆိုပြီး ဈေးသည်မလေးတွေခေါ်ပြီး တွဲပေးလိုက်ပါတယ် ။

ပလားတားပိုစ့်က ရဲဘော် နှစ်ယောက်ကတော့ ရွာနားထိ လုံခြုံရေး အရ လိုက်ပေးမယ်ပြောပါတယ်။ ကျနော်တို့လည်း နန့်ရင်းရွာက ဈေးသည်မလေးတွေရဲ့ ဈေးခြင်း တံပိုးကို တစ်ယောက်စီထမ်းပြီး နှစ်ယောက်တစ်တွဲ ခပ်ခွာခွာ ကနေ လျှောက်လာကြပါတယ်။

နန့်ရင်းရွာ အဝင်ရွာတံတား မှာ ပြည်သူ့စစ်တစ်ယောက်ကို လှမ်းမြင်တော့ ရပ်ပြီး ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့အချိန် ကျနော်တို့နဲ့လိုက်လာတဲ့ absdf လုံခြုံရေးရဲဘော်က အကျီၤ အောက်က သေနတ် အဆင်သင့်ပြင်ထားတယ်ထင်ပါတယ်။ ပြည်သူစစ်နဲ့ နီးလာတဲ့အခါ ပြည်သူ့စစ်က ပြုံးပြပြီး ကျောင်းသားတွေလားလို့ မေးပါတယ်။ ကျနော်တို့က ဘာမှ ပြန်မဖြေတဲ့အခါ သူကဆက်ပြီး မစိုးရိမ်ပါနဲ့ ကျောင်းသားတွေကို ကျနော်တို့က လာကြို တာလို့ ပြောမှ သက်ပြင်းချနိင်ပါတယ်။

ကျနော်တို့ကို အိမ်ကြီးတစ်အိမ် ဆီ သူက ဦးဆောင်ပြီးခေါ်သွားပါတယ်။ အိမ်ပေါ်တက်လိုက်တဲ့အခါ ထမင်းစားပွဲ နှစ်လုံးပြင်ထားပြီး အိမ်ပေါ်မှာ လူတော်တော်များများတွေ့ရပါတယ်။ ကျနော်တို့ ကအံသြ ကြီးစွာနဲ့ ဘယ်လို တုန်းလို့ မေးလိုက်တဲ့အချိန် ကျောင်းသား တွေကို တွေ့ဖူးချင်လို့ လာစောင့်နေတာလို့ ပြောပြပါတယ်။

အဖွားကြီးတယောက်က အနားကပ်လာပြီး ကျနော်တို့ကို သေချာကြည့်ပြီး ကျောင်းသားတွေက အင်္ကျီအဖြူနဲ့ ပုဆိုးအစိမ်းနဲ့လည်းမဟုတ်ဘူး ဆိုပြီး ပြောလို့ ရယ်ရမလို ငိုရမလို ဖြစ်ကြရပါတယ် ။ အဲဒီနေ့ ထမင်းဝိုင်း က ဒီနေ့ထိ မှတ်မိနေပါသေးတယ်။ ရွာက လူတွေ အိမ်ပေါ်တက်လိုက် ဆင်းလိုက်နဲ့ ကျနော်တို့ ငတ်ကြီးကျ စားသောက်နေတာ လာကြည့်တာ မျောက်ပွဲ ပြနေတဲ့အတိုင်းပါပဲ။

ရွာလူကြီးက ကချင်အရက်ကို ရေဖလားနဲ့ ထည့်လာပြီး ကျောင်းသားတွေ သောက်ကြဦးဆိုလို့ သောက်ချင်ပေမယ့် သတ်မှတ်ထားတဲ့ စည်းကမ်းတွေအရ ကျနော်တို့ အရက်သောက်လို့မရပါဘူး။ နန့်ရင်းရွာမှာ စကားပြောဆိုပြီး ကျနော်တို့ဟိုပင် ကိုကူးဖို့ ပြင်ဆင်ကြရပါတယ်။

ရင်း ၅ တပ်မှုးက ဈေးသည်မလေးတွေကို ဘာမှာလိုက်တယ်မသိပါ။ ခဏနေ တော့စက်ဘီး ကိုယ်စီနဲ့ရောက်လာပါတယ်။ ကျနော်တို့ ဈေးသည်မလေးတွေနဲ့နှစ်ယောက်တစ်တွဲစီ စက်ဘီးစီးရင်း ဟိုပင်မြို့နဲ့ နန့်ရင်းရွာကြားက စစ်တပ်ဂိတ်ကို ဖြတ်ကျော် လာခဲ့ကြပါတယ်။ ကျနော်တို့ကို ဟိုပင်ဘူတာနားက လက်ဖက်ရည်ဆိုင်မှာ ထားခဲ့ပြီး ပြန်သွားကြပါတယ်။ ကျေးဇူးတင်စကား ပြောဖြစ်လိုက်မယ်ထင်ပါတယ်။

(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts