All News Features Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁၅ )

သူ့အတွေးသူ့အမြင်

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁၅ )

By ရဲဘော်အောင်မင်းနိုင်

ကောက်ကွေ့လွင်ပြင်နဲ့ ကောက်ကွေ့ချောင်းဟာ လာခဲ့တဲ့အချိန်ကနဲ့မတူတော့ပါဘူး ။ ရာသီဥတု ခြောက်သွေ့နေလို့ သွားရတာ ခရီးတွင်သလို ပတ်ဝန်းကျင် မြင်ကွင်းကလည်း ပိုရှင်းနေပါတယ်။ သိပ်မကြာခင်မှာ ဘဲ ကျနော်တို့ KIA တပ်ရင်း ၅ ကိုရောက်ပါတယ်။

အရင်ရောက်နှင့်နေတဲ့ ABSDF ရဲဘော်တွေဆောက်ထားလို့ တဲတွေလည်း တော်တော်များနေပါပြီ ။ ခရိုင်မှုး အတွက် တဲတစ်ခု မှာ နေရာပေးပြီး စခန်းမှုးက ကျနော်တို့ကို ဘားတိုက်မှာ နေရာချပေးပါတယ်။ ကျနော်အကိုကတော့ နောက်နေ့ တဲဆောက်ကြရအောင်ဆိုပြီးပြောပါတယ်။ ကျနော်တို့ နေတဲ့နေရာက KIA ရင်း ၅ ထဲမှာဆိုပေမယ့် နေရာလေးတစ်ခု ပိုင်းခြားထားပါတယ်။

ကျနော်တို့ရောက်တဲ့အချိန် လယ်ရိတ်ပြီးကာစ ဆိုတော့ မြင်ကွင်းက လွမ်းစရာပါ ။ အရင်ရောက်နှင့်နေတဲ့ ရဲဘော်တွေလည်း နှီးဖြာတဲ့သူ ဝါးရက်တဲ့သူ နဲ့ ရုံး ပစ်တဲ့သူနဲ့ နောက်နေ့တဲဆောက်ဖို့ ပြင်နေကြပါတယ်။ အဲဒီမှာ အရင်ရောက်နှင့်နေတဲ့အထဲမှာ အပတ်စဉ် ၁ ကရင်းနှီးသူတွေပါတော့ သူတို့ပွေးထောင်ထားလို့ ရတာလေးနဲ့ညနေစာကို ကျွေးပါတယ်။

နောက်နေ့မှာ ကျနော်တို့နှစ်ယောက်အတွက် ရိက္ခာဆန် ၊ ဆီ တပုလင်း ၊ဆား ၊ အချိုမှုန့် ၊ ကုလားပဲ နဲ့ အမဲ သား ၅၀ ကျပ် သား ခွဲတမ်းပေးပါတယ် ။ တပ်ရင်းတွေမှာ အသားဟင်း တစ်ပတ်တစ်ခါနဲ့ အဆင်ပြေသလို ဝေပေးပါတယ်။ ကျနော်တို့ ညီအကိုနှစ်ယောက် တဲဆောက်ဖို့အတွက် ဝါး၊ ရုံး ၊ ကြိမ် သွားခုတ်ပြီး နှီးဖြာတာ ရုံးပစ်တာ ရဲဘော်တစ်ယောက်ကို ခေါ်ပြီးသင်ခိုင်းရပါတယ်။

ကျနော်တို့ တဲ က ဆောက်လိုက်တာ ဟာ အခြားတဲတွေထက် တော်တော်မြင့်နေလို့ ရင်းနှီးတဲ့သူတွေက နှစ်ထပ်ဆောက်မလို့လားလို့ မေးပါတယ်။ ကျနော်တို့ တဲမှာ ဝါးနဲ့ ကုတင် စားရေးစားပွဲ မီးဖိုစားပွဲ စိတ်ကူးတဲ့ရာ နှစ်ယောက်သား လုပ်ကြပါတယ်။ တဲကတော့ ရုံး ရွက်နဲ့မိုး ရုံးရွက်နဲ့ကာ ကြတာပါ။

ညဆို အလှည့်ကျကင်းစောင့်ရပါတယ်။ သေနတ်က ကောင်းကောင်းမရှိပါဘူး။ ညကင်းစောင့်တဲ့အချိန်ဆို ဒုတိယကမ္ဘာစစ်လက်ကျန် ရဲတွေကိုင်တဲ့ အော်လီဂန်း (ဘရင်းဂန်း)နဲ့စောင့်ရတာပါ ။ ကျည်ကလည်း 15 တောင့်စီပါတဲ့ ကျည်ဘောက် ၃ ခု နဲ့ ပြောင်းအပို တစ်ခုပဲ ပေးတာပါ။ တော်တော်လေးပါတယ်။

တစ်ရက်မှာ ရင်း ၅ တပ်ရင်းမူးက ကျနော်တို့ နှစ်ယောက်ကို ခေါ်လို့ သွားကြပါတယ် ။ ကျနော်တို့ ဆင်းမယ့် လမ်းကြောင်းအကြောင်းနဲ့ လုပ်ငန်းစဉ်အချို့ ပြောပြပါတယ်။ ကျနော်တို့ကိုဇာတိ ဘယ်ကလဲ ဆိုပြီးမေးပါတယ်။ သူ့ ဇနီးက ကျနော်တို့ မြို့က ဖြစ်နေပါတယ် ။ ကျနော်တို့ အဖိုးအဖွားတွေ ကို သိတော့ ကျနော်တို့ ဒီရောက်နေတာကြည့်ပြီး အံသြနေပါတယ်။

ဆက်ပြီး သူက လုပ်ငန့်းစဉ်အရ ဝါဒဖြန့်ချိရေး ဗီဒီယို တိတ် ၄ ခွေ ယူပြီး အန်တီစု ဆီ ပို့ ရမယ့် အစီစဉ်တစ်ခု ပြောပြပါတယ်။ ဒါပေမယ့် အခု လမ်းကြောင်းကျပ်နေလို့ မယူရင်မယူသွားနဲ့ဆိုပြီး ပြောပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ရဲဘော်တစ်ယောက် ရန်ကုန် က အန်တီစုဆီ ရောက်အောင်ပို့လိုက် ပြီး နောက်ပိုင်း ရှုပ်ထွေးကုန်တယ်လို့ ကြားရပါတယ်။ ဗီဒီယိုခွေက အပတ်စဉ် ၁ သင်တန်းခွေ၊ အပတ်စဉ် ၂ သင်တန်းခွေ နဲ့ လွယ်ဂျယ် တိုက်ပွဲခွေ ပဲဖြစ်ပါတယ်။

လွယ်ဂျယ် တိုက်ပွဲမှာ စစ်တပ်က တော်တော်အထိနာပါတယ်။ ဖြစ်စဉ်က လွယ်ဂျယ်နားက ကျောက်မီးသွေးတွင်းကို တရုတ်ကိုရောင်းဖို့လာကြည့်မယ့် နအဖ လူကြီးတွေ အတွက် လုံခြုံရေးယူမယ့်တပ်ဖြစ်ပါတယ်၊ တပ်ရင်းမှုး အပါ အင်အား ၄၀ လောက် ကို KIAနဲ့ ABSDF ကဖမ်းခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပါတယ် ၊ အဲဒါကို ရိုက်ကူးထားတဲ့ခွေပါ ။

ကျနော်တို့ကို အပေါ်က ညွန်ကြားချက်အရ နောက်ထပ် ရက်စောင့်ပြီးမှ ဆင်းဖို့မှာထားတဲ့အကြောင်းပြောပြပါတယ်။ အဲဒီအချိန်မှာ မြစ်ကြီးနားကို အန်တီစု လာမယ့် ရက်နဲ့ အချိန်ညှိနေကြောင်းနောက်မှ အကဲခတ်သိရပါတယ်။ ကျနော်တို့ကို အဆက်အသွယ်လုပ်ရမယ့် ဖားကန့်က မှော်နာမည်တွေ လူနာမည်တွေ ပြောပြပါတယ်။

ဆံပင်ပုံစံကြည့်ပြီး မြို့ပုံစံပြန်ညှပ်လိုက်ဦးလို့ မှာပါတယ်။ ကျနော်လည်း တော်တော်နဲ့မဆင်းရသေးဘူးဆိုတော့ အေးအေးဆေးဆေး ဖြစ်နေပါတယ်။ KIA အကောက်ဂိတ်ဘက် သွားထိုင်ဖြစ်ပါတယ် ။ အဲဒီဘက်မှာ ဈေးတန်းလေးတခု ရှိပါတယ်။ ဟိုပင်ကလူတွေ တစ်ခါတစ်လေ ဈေးလာရောင်းကြပါတယ်။ ဈေးတန်းကလည်း လျှောက်ကြည့်ပြီး ဈေးသည် အပျိုမလေးတွေကို လျှောက်စ ကြတာပဲရှိတာပါ။

ကျောင်းသားတွေပီပီ နှုတ်သွက်လျှာသွက်နဲ့ ခေတ်စကားအရဆို အီစီကလီ လုပ်နေကြတာ မြင်နေရပါတယ် ၊ မိုးညှင်းခရိုင်မှုးကိုယ်တိုင် ရှေ့ကနေ ပြောနေတော့ နောက်ကရဲဘော်တွေလည်း သူ့ထက်ငါ အလုအယက် ဂေါ်ရေးပြနေကြတာက သတိရစရာပါ။

ဈေးဝယ်ဖို့ ပိုက်ဆံ ကျနော်တို့မှာ ရှိမှမရှိတာကိုး။ အကောက်ဂိတ်မှာ ထိုင်နေတုန်း ရောက်လာတဲ့ ကုန်သည်တစ်ယောက် ဆီကနေ ယောက်ဖ ငါ့ကို အဲဒီရာဘာညှပ်ဖိနပ် ပေးပါဆိုပြီးတောင်းဖူးပါတယ်။ ကျနော်အခုထိ စိတ်ထဲ တစ်မျိုးခံစားနေရတုန်းပါ။

ကျနော်မှာ ညှပ်ဖိနပ်က မရှိ သလို ဝယ်ဖို့ကလည်း ပိုက်ဆံမရှိလို့ တောင်းလိုက်ရတာ ဖြစ်ပေမယ့် တဖက်က ကြောက်လို့လား ကျောင်းသား မို့လို့ ကြည်ကြည်ဖြူဖြူ ပေးလိုက်သလားဆိုတာမသိပါဘူး။ ဂိတ်ကနေ အချိုရေဘူး နဲ့ ဆေးလိပ်တွေ ပေးလိုက်ပါသေးတယ်။ ကျန်တဲ့ရဲဘော်တွေ မျှပြီးဝေပေးလိုက်ပါတယ်။

နောက်ရက်မှာ KIA ကရဲဘော်တွေက ကောက်ကွေ့ချောင်းမှာ ငါးမိုင်းသွားခွဲ မယ်လိုက်မလားဆိုတာနဲ့ စခန်းရုံးကိုပြောပြီး လိုက်သွားကြပါတယ်။ ကောက်ကွေ့ချောင်းက ငါးအလွန်ပေါပါတယ် ရေ အိုင်တွေ ထဲ က ငါးခိုမယ့်နေရာကို လက်ပစ်ဗုံးနဲ့ပစ်ပြီး ရေထဲငုတ် ငါးဖမ်းကြရတာပါ။ ကတက်ရွက် ကြွေကျနေတဲ့ အိုင်တွေ ထဲမှာ ငါးတောက်ဆိုတာတွေလည်း ရှိပါတယ်။

KIA ကရဲဘော်တွေက ငါးလူးတွေပဲ ဖမ်းပေမယ့် ကျနော်တို့က ကြီးတဲ့ငါးအကုန်ဖမ်းတာပါ ။ ပြန်လာပြီး ကျန်တဲ့ရဲဘော်တွေ ကိုခွဲပေးမလို့ ငါးအထုတ်ချလိုက်တဲ့အခါ စခန်းရုံးက လူတွေက ငါးတောက်တွေများနေလို့ ဝိုင်းဆဲကြပါသေးတယ် ။ ငါးတောက်က ချက်စားရင် အဆိပ်တက်ပြီး လူကို မူးစေတဲ့ငါးပါ ။

ကျနော်တို့လည်း ရအောင် ကင်ပြီးစားကြတာပါပဲ ။ ညရောက်တော့ ငါးတောက်မူးပြီး အချို့ရဲဘော်တွေအန်လို့ ဆေးခန်းပြကြရတယ်ထင်ပါတယ်။ ကျနော် KIA က ရဲဘော်တွေနဲ့ တောပစ် လိုက်သွားဘူးပါတယ်။ ကောက်ကွေ့တောက အကောင်ကြီးတွေရှိပါတယ်။ သူတို့အခေါ် ဆားကျင်းဖက် သွားချောင်းကြတာပါ ။ ပြောင်ခြေရာ ဂျေခြေရာ တွေကို ပြပြီးသင်ပေးပါတယ်။

တစ်နေရာ ရောက်တော့ ဆူးချွန်ချွန်လေးတွေနဲ့ အသီးလို တွေ့လို့ ယောက်ဖ ဒါဘာသီးလဲလို့ မေးလိုက်တာ KIA ကရဲဘော်တွေကျနော့်ကြည့်ပြီး ရယ်ကြပါတယ်။ ယောက်ဖ အဲဒါ အသီးမဟုတ်ဘူး ကျားချေးအခြောက် လို့ ပြောမှ မောင်ကျောင်းသား တို့ အူအ တာတွေပေါ်ကုန်ပါတယ်။ အသီးအရွက်ကတော့အလွန်ပေါပါတယ်။ ခက်ချို ကြိမ်ဖူး ရုံးအူ ဇရစ် ပိန်း ရွက် ကမလင်းရွက် နဲ့ နောက်ထပ်အရွက်တမျိုးက ငါးနဲ့ချက်ရင် ငါးက အရိုးပါ အိသွားတဲ့အချဉ်ရွက်ပါ ။ ကချင်လို အခေါ်ရှိပါတယ်။

ရင်း ၅ မှာ တော်တော်ကြာကြာနေပြီးတဲ့ တစ်နေ့ နေ့လယ်မှာ ရင်း ၅ တပ်ရင်းမူးဆီက အမိန့်ထွက်လာကြောင်း ခရိုင်မှုးက ခေါ်ပြောပါတယ်။ အခုည ပလားတား ပိုစ့် ရောက်အောင်သွားရမယ် ဆိုပြီး ဆင်းဖို့ ချက်ခြင်းပြင်ရပါတယ် ။ ကျောပိုးအိတ်မယူတော့ဘဲ လွယ်အိတ်ထဲ အဝတ်အစားနှစ်စုံ ထည့် လိုက်ပြီး လုံခြုံရေးယူပေးမဲ့ ABSDF ကရဲဘော်နှစ်ယောက်နဲ့အတူ လုပ်ငန်းစဉ်အရ ဆင်းမယ့် ကျနော်အပါ 3 ယောက် ပလားတား ပိုစ့်ကို KIA က ရဲဘော်တွေနဲ့အတူ ရင်း ၅ ကနေထွက်လာကြပါတယ်။

(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

Photo by Yvan Cohen

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts