All News Features Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁၄ )

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁၄ )

By ရဲဘော်အောင်မင်းနိုင်

ဘားတိုက်ကို အမြန်သွားပြီး ကျောပိုးအိတ်ထဲ စောင် ၊ ခြင်ထောင်၊ ပုဆိုး အင်္ကျီ နှစ်ထည်၊ ယူနီဖောင်း နဲ့ အချို့အသုံးအဆောင်လေးတွေ ထည့်ပြီး ဟန်းကော ၊ ဆန်လွယ်အိတ်၊ ရေဘူး ယူပြီး စစ်ရုံးကိုဆင်းရပါတယ်။ တွေ့တဲ့ ရဲဘော်တွေကိုအမြန်နှုတ်ဆက်ရပါသေးတယ်။

စစ်ရုံးရှေ့ရောက်တော့ စစ်ဦးစီး ၊ အတွင်းရေးမှူး နဲ့ ဗဟိုကော်မတီ ဝင် တစ်ယောက် ရှိနေပါတယ်။ အလေးပြု လိုက်ပြီးတဲ့အချိန် အထဲဝင်လာဆိုပြီး ခေါ်ပါတယ်။ တဲထဲ ရောက်တဲ့အခါ ကျနော်ကို အတွင်းရေးမှူးက ကျနော့် ရဲ့ ID ကဒ် ထုတ်ပေးပါတယ်။ ရေစိုခံ အောင် ဆီစိမ်စက္ကူလို မျိုးနဲ့ လုပ်ထားပါတယ်။ ရှေ့မှာ နံမည်၊ ကိုယ်ပိုင်အမှတ်၊ တာဝန် (နိုင်ငံရေး နှင့် စည်းရုံးရေး ) ၊ရာထူး(တပ်သား) ဆိုပြီးရေးထားတာ ဖြစ်ပါတယ် ။

နောက်ကျော မှာတော့ အနီရောင် တံဆိပ်တုံးနဲ့ ရိုက်နိပ်ထားပါတယ် ။ အဲဒီစာရွက်လေးပေးပြီး သေချာသိမ်းထားပါ ။ ခင်ဗျား တို့ရဲ့ တာဝန်ခံ အနေနဲ့ အတူထိုင်နေတဲ့ ဗဟို ကော်မတီ တစ်ယောက်ကို လက်ညိုး ထိုးပြပြီး သူတာဝန်ယူပါလိမ့်မယ်။ သူနဲ့ ချိတ်ဆက်ပြီးလုပ်ရပါမယ်လို့ ပြောပြပါတယ်။ ကျန်တဲ့လုပ်ငန်းအစီစဉ်ကို ရှင်းပြမယ်ဆိုပြီး လုပ်ရမယ့် အလုပ်တွေအကြောင်းရှင်းပြပါတယ်။

ကျန်တဲ့သူတွေရဲ့အလုပ်ကို မသိရပေမယ့် ကျနော်ကတော့ စစ်ကိုင်းတိုင်း က ရထားလမ်းတလျှောက် မြို့တွေ နဲ့ ကသာ ခရိုင်ကို အဓိက ထား အလုပ်လုပ်ရပါမယ်။ကိုယ်အလုပ်အတွက် ကိုယ့်ဘာသာ တာဝန်ယူကြရတာပါ။ ကျနော်တို့ တာဝန်ခံ ဗဟိုကော်မတီ ကတော့ ရင်ကျန်း ရွှေလီဖက်ကနေ မန္တလေးကိုဆင်းမှာ ဖြစ်ပြီး မန္တလေးမြို့မှာ ထိုင်မှာ ဖြစ်ပါတယ်။

သူနဲ့အတူ နောက်ထပ်သုံးယောက်ပါမယ်လို့သိရပါတယ်။ မန္တလေးမှာ ပထမအကြိမ်ဆုံရပ်သတ်မှတ်ပြီး ရက်အတည်ပြု လိုက်ပါတယ်။ ကျနော်တို့ကတော့ မိုးညှင်းဖက်ကို ခြေလျှင်ဆင်းရ မှာဖြစ်ပါတယ်။ ရင်း ၅ မှာထိုင်မယ့် ABSDF (ks)ခရိုင်မူး နဲ့အတူ တိုက်ခိုက်ရေးက ရဲဘော်တွေနဲ့ အတူ ဆင်းရမှာဖြစ်ပါတယ်။

ကျနော်တို့ကို ရင်း ၅ကို ပြန်ဆင်းတဲ့အခါ ယူနီဖောင်း လုံးဝမဝတ်ဖို့နဲ့ အရပ်ဝတ်ဘဲ ဝတ်ဖို့ ၊ လမ်းမှာ အရေးကြီးအခြေအနေမှာ အပေါ်ဝတ်ဘဲ ဝတ်ပြီး ပုခုံးဒေါက်တွေချထားဖို့နဲ့ လမ်းမှာ ရွာကလူတွေ ၊ လားသမားတွေ ၊ နဲ့ လုံးဝစကားမပြောဖို. သေချာမှာပါတယ်။

သုံးရမယ့် စကားဝှက်တွေ သေချာမှတ်ခိုင်းပါတယ်။ ကျနော်နဲ့ ဆွေးနွေးပြီးချိန်မှာ နောက်ထပ် ရဲဘော် ၃ ယောက်လောက် ထပ်ရောက်လာပါတယ် ။ သူတို့လုပ်ငန်းစဉ် ကျနော်တို့ သိဖို့ မလိုပါဘူး။ ကျနော် အစီစဉ် ပြီးပြီ ဆိုတော့ တဲအပြင် ထွက်ပြီး စောင့်နေလိုက်ပါတယ်။ ခဏနေတော့ ရဲဘော်တစ်စု ကျောပိုးအိတ်ကိုယ်စီနဲ့ ထပ်မံ ရောက်လာပါတယ်။ အဲဒီထဲမှာ မိုးညှင်း ခရိုင်မှုးနဲ့ ကျေနာ့် အကိုဝမ်းကွဲ လည်း ပါလာပါတယ်။

ကျ နော့်အကို က တိုက်ခိုက်ရေးဖက်တာဝန်ကျတယ်ထင်ပါတယ်။ ကျနော်တို့ လူစုံ ကြတဲ့အခါ ABSDF (ks) ဗဟိုကော်မတီဝင် အတွင်းရေးမှုးနဲ့ အတူ KIA က ဗိုလ်မူး ပန်းအောင်ဆီ သွားကြပါတယ်။ ဗိုလ်မှုး က ပြုံးပြုံး နဲ့ ကြည့်ပြီး ကျနော်တို့ ကို ထောင်ထဲ သွားမယ့် ရဲဘော်တွေ ရောက်လာပြီလားဆိုပြီး နှုတ်ဆက်ပါတယ်။

ဗိုလ်မှုး ပန်းအောင်က ဆောင်ရန်၊ ရှောင်ရန်တွေ၊ အလုပ်လုပ်ရမယ့်ပုံသဏ္ဍန်တွေ သေချာ မှာပါတယ်။ မှာပြီးတဲ့အခါ ဆမားမှာ ထမင်းဝင်စားသွားကြ ဆိုပြီး ယွမ် ၂၀၀ ထုတ်ပေးပြီး ဂိတ်နားထိ လိုက်ပို့ပါတယ်။ ဂိတ်နားက တရတ် မြန်မာ နယ်ခြားကျောက်တိုင်နားမှာ ABSDF အတွင်းရေးမှုး ၊ KIAက ဗိုလ်မူးပန်းအောင်၊ မိုးညှင်းခရိုင်မှုးနဲ့ ဆင်းမယ့်ကျနော်တို့အဖွဲ့ ဓာတ်ပုံရိုက်ကြပါတယ်။

အဲဒီပုံကတော့ ဘယ်သူဆီမှာရှိမယ်မသိပါဘူး။ အတွင်းရေးမှုးက ကျနော်တို့ကို ဆမားထိ လိုက်ပို့မယ်ဆိုပြီး လိုက်ပို့ပါတယ်။ လမ်း လျှောက်ဆင်းကြရင်း အလုပ်အတွက်စကားတွေ ပြောကြပါတယ် ။ ဆမားရောက်တော့ ထမင်းဆိုင်မှာ ယွမ် ၂၀၀ လုံးကုန်အောင် စားလိုက်ကြပြီး ကျနော်တို့က တရုတ်ပြည်ထဲကနေဖြတ်ဆင်းကြပါတယ်။

အမှောင်ထု က ကျနော်တို့အတွက် အကာကွယ်ဖြစ်နေပါတယိ။ တရုတ် ရဲနဲ့ပြည်သူ့စစ် တွေ့ရင် ဖြေရှင်းနေရမှာ ဖြစ်လို့ပါပဲ ။ ကျနော်တို့ အမြန်ဆင်းလာလိုက်ကြတာ သိပ်မကြာခင် KIAတပ်မဟာတစ်ခု နား ရောက်လာပါတယ် ။ ချောင်းကူးပြီး ဂိတ်နားကို လိုက်ပို့ တဲ့ လမ်းပြရဲဘော်က သွားသတင်းပို့လိုက်ပါတယ်။

ခဏစောင့်နေ တုန်းမှာဘဲ တပ်မဟာမှူးရဲ့ ရဲဘော်တွေရောက်လာပြီး အပေါ်က ညွန်ကြားထားပါတယ် ။ ယောက်ဖတို့ ရွာထဲသွားလို့မရဘူး လူရှင်းတဲ့နေရာ မှာ ထားမယ်ဆိုပြီး ကျနော်တို့အုပ်စုကို လားတွေထားတဲ့ ချောင်းကမ်းဘေးက တဲမှာ နေရာချထားပေးပါတယ်။ ကျနော်တို့ကို လိုက်ပို့တဲ့ရဲဘော်က ထမင်းမချက်နဲ့ တပ်မှုး စီစဉ်နေတယ် ခဏနေလာခေါ်မယ်ပြောပြီး ပြန်သွားပါတယ်။

ကျနော်တို့အဖွဲ့တွေချောင်းထဲ ရေချိုးရင်း လာအခေါ်စောင့်နေကြပါတယ်။ ည ၈ နာရီ လောက်မှာ ကျနော်တို့ကို လာခေါ်ပြီး တပ်မှုး နေတဲ့ အိမ်ခန်းထဲမှာပဲ ဝိုင်းဖွဲ့လိုက်ကြပါတယိ။ မိတ်ဆက်လိုက်ကြပြီးချိန်မှာ တပ်မှုးလုပ်တဲ့သူက မန္တလေး တက္ကသိုလ် က ကျနော်တို့နဲ့ မေဂျာတူ ဖြစ်နေပါတယ်။ အဲဒီ တပ်မှုးက sony ပစ္စည်းတွေ တော်တော်ကြိုက်ကြောင်းပြောပြပါတယ်။

ကျောင်းက ဆရာ ဆရာမတွေ အကြောင်း မေးပြီး ကျောင်းသားဘဝကို ခဏ ပြန်ရောက်သွားပုံပါဘဲ။ ခရိုင်မှုး ပါလာတဲ့ကျနော်တို့ အဖွဲ့ကို တရုတ်စည်သွပ်ဘူးတွေ နဲ့ ဘီယာ ဧည့်ခံပါတယ်။ ညနက်လို့ ပြန်ခါနီးမှ မနက်ကို ရွာထဲမသွားဘဲ ပြန်ဆင်းမဲ့ စစ်ကြောင်း နဲ့ ဖြတ်လမ်းကနေစောင့်ပြီးလိုက်ဖို့ မှာလိုက်ပါတယ်။ ခရိုင်မှုး နဲ့ ကျနော်တို့အဖွဲ့မှာ တစ်ယောက်မှ သေနတ်မပါလာပါဘူး ။ ကျနော်တို့ မနက်စောစောအတွက် ပြင်ဆင်ကြရပါဦးမယ်။

မနက်လင်းတာနဲ့ အာလုံးနိးပြီး ချောင်းကမ်းဘေးမှာပဲ ဟန်းကောနဲ့ထမင်းချက်စားကြပါတယ်။ ထမင်းစားပြီးချိန်မှာ တပ်မဟာမှုးရဲ့ ရဲဘော်တွေရောက်လာပြီး ဆင်းမယ့်စစ်ကြောင်းလာရာလမ်းမှာ သွားစောင့် ဖို့ လမ်းပြပြီး လိုက်ပို့ပေးပါတယ်။ဆင်းမယ့်စစ်ကြောင်းရောက်လာတော့ တာဝန်ခံ အရာရှိကို ခေါ်ပြီး အပ်ပေးပါတယ် ။

စစ်ကြောင်း မှာ လားတွေတော်တော်များပါတယ်။ လားသမားတွေက ကျနော်တို့ကို သေချာကြည့်ပြီး လက်မောင်းကတံဆိပ်ကို ကြည့်ပါတယ် ပုခုံးဒေါက်တွေချထားတော့ သိပ်မမြင်ရပါဘုး ။ ကျနော်တို့ကို စိတ်ဝင်စားနေပုံရပါတယ်။ နားတဲ့အချိန်မှာ ပွတ်ချွန်းဘဲ ထိုင်သောက်နေတာ သနားလို့လားမသိဘူး လားသမားတယောက်က တရုတ်စီးကရက် တစ်ဗူး လာပေးပါတယ်။

လမ်းသွားရင်း လမ်းမှာတွေ့တဲ့ အသီးအရွက်ပင်တွေ တစ်ခါထဲ ခူးသွားကြပါတယ်။ ခူးလို့ရတာတွေ ကို ဘောင်းဘီ အိတ်တွေထဲ ထည့်ထားပါတယ်။ ကျနော်ဘောင်းဘီအိပ်ထဲမှာ မီးမွှေး တဲ့အခါသုံးဖို့ မီးခြစ် ရာဘာ ဖိနပ် အပြတ်တွေ နဲ့ပြည့်နေပါတယ်။

လမ်းခရီး ဖြတ်တဲ့အချိန်မှာ အချို့ ရေချောင်းတွေက ရေနဲပြီး မျှော့တွေအများအပြားပါ။ အဲဒီမျော့တွေက အစိမ်းရောင်တွေဖြစ်နေပြီး တော်တော်ကြီးပါတယ် ကျွဲမျှော့ လို့ ခေါ်ကြောင်းပြောပြပါတယ်။ ကျနော်တို့ ဆင်းလာလိုက်ကြတာ ဧရာဝတီ မြစ်ကမ်းကို တစ်ညအိပ်နဲ့ ရောက်လာကြပါတယ်။

ရွာတွေ ဝင်တဲ့ အခါ မဖြစ်မနေ ကချင်လို ပြောတဲ့စကားက တော့ “အပ်ရှောင် စ မငါ့အီး စပီ မငါ့အီး ” ဆိုတာပါပဲ။ ကျနော်တို့ စစ်ကြောင်းမှာ နောင်တချိန်
CNF တပ်ဖွဲ့ ဖြစ်လာမယ့် ချင်းကျောင်းသား နှစ်ယောက် လည်းပါလာပါတယ်။ နာမည်တွေတော့ မမှတ်မိတော့ပါဘူး။

သူတို့ကတော့ ဖားကန့် ဘက်က ရင်း ၆ ထိသွားကြမှာပါ ။ မီဇိုရမ် ကိုဖြတ်ပြီး ချင်း ပြည်နယ်ထိပြန်ကြမှာပါ။လမ်းမှာ ကျောင်းသားအချင်းချင်းဆိုတော့ ကျနော် တို့က မင်းတို့ တပ်အတွက် ပိုက်ဆံဘယ်က ရမလဲဆိုတော့ ငါတို့ဘက်မှာ အစိုးရ ဘဏ်တွေရှိတယ်လေ ဆိုပြီးပြောလို့ ရယ်ကြရပါသေးတယ်။

ကျနော်တို့ စစ်ကြောင်းမှာ ပလောင်တပ်က ရဲဘော် အချို့လည်း ပါတယ်ထင်ပါတယ်။ လမ်းတနေရာမှာ ABSDF က လုပ်ရှားအဖွဲ့ နဲ့တွေ့လို့ သူတို့လည်းပျော် ကိုယ်လည်း ပျော်ပြီး စကားတွေရပ်ပြောနေကြလို့ စစ်ကြောင်းက လှမ်းအော်ပါသေးတယ်။

ဧရာဝတီမြစ်ကို ဖြတ်ကူးကြမယ့် ကျနော် တို့ဟာ အလာတုန်းကလို မဟုတ်တော့ဘဲ တော်လှန်ရေးရဲဘော်အနေနဲ့ဘာလုပ်ရမယ်ဆိုတာတွေ သိနေပါပြီ။ ညနေစောင်းလောက်ဖြတ်ပြီး မိုးကောင်းချောင်းထဲကို အလင်းရောင်ရှိသေးတဲ့အချိန်ရောက်သွားပါတယ်။ စိုက်ခင်းတွေထဲမှာ မြူရွက်တွေ နဲ့ တောခရမ်းချဉ်သီးတွေ ခူးခဲ့ပါတယ်။ မိုး ကောင်း ချောင်း ထဲက ကုန်တင်စက်လှေကြီးတွေ့လို့ ဘာတွေပါ လဲ လို့ မေးကြည့်လိုက်တဲ့အခါ ကျနော်တို့ကို သေချာကြည့်ပြီး ကျောင်းသားတွေ မဟုတ်လားဆိုပြီး ငပိတစ်ထုပ်နဲ့ ကုလားပဲ နည်းနည်း ပေးလိုက်ပါတယ်။

သွားရင်းနဲ့ မှောင်လာလို့ ညကို ကောက်ကွေ့ လွင်ပြင်ထဲမှာ အိပ်ကြပါတယ်။ ကျနော်တို့ကို ညကင်းမယူ နဲ့လို့ KIA က ပြောလို့ အေးအေးဆေးဆေး ဖြစ်နေပါတယ် ။ ကျနော်နဲ့ အကိုက အိပ်စရာနေရာအတွက် မြေပြောင်ပြောင်လေးမှာ မြေကြီးပေါ်သစ်ရွက်ခင်းပြီး အပေါ်ကနေ ပလပ်စတစ် ခင်းပြီး နှစ်ယောက်သားကပ်အိပ်လိုက်ကြပါတယ်။

အိပ်ခါနီးရင် ရေနဲ့နီးရင် ခြေထောက်နဲ့ ခြေအိတ်တွေ ဖိနပ်တွေ သေချာဆေးရပါတယ်။ ကျနော်တို့ ရဲဘော်အများစုက ခြေအိတ် နှစ်ထပ်စွတ်ကြတာများပါတယ် ။ အဓိက ကတော့ ခြေထောက်ကို သဲဝဲ မစား အောင်ပါ ။ ခြေအိတ်နဲ့ ဖိနပ်ထဲ က သဲတွေကို သေချာ ဆေးကြရပါတယ်။

အပြန်ခရီးမှာ သင်ယူလိုက်ရတာကလည်း ဆင်ခြေရာ နဲ့ ဆင်ချေးတုန်းတွေ တက်မနင်းမိအောင် လျှောက်ဖို့ KIA ကရဲဘော်တွေက ပြောပြပါတယ်။ ဆင်ခြေထောက် ပိုးဝင်မှာစိုးလို့ပါ ။ ကျနော်တို့ ခြေဖဝါးတွေက ပါးလျ နေတဲ့အပြင် ဖိနပ်အမြဲစီးထားတော့ နူးညံ့နေလို့ပါ။ တောအလေ့ တောအထာ တွေကတော့ အမြဲသင်ယူနေကြရတာပါ ။ ကျနော် တို့အိပ်နေတုန်း ညမှာ စစ်ကြောင်းတခုလုံး ဝုန်းကနဲ ဆူညံကုန်ပါတယ် ကျနော်တို့လည်း ဘာမှန်းမသိ တော့ ဘေးအမြန်လှိမ့်ပြီး စောင့်ကြည့်နေကြပါတယ် ။

စစ်ကြောင်းထဲ ဂျီတကောင် ဝင်လာလို့ ကင်းသမားကမြင်ပြီး လိုက်ဖမ်းတာလို့ သိရပါတယ်။ မနက်မိုးလင်းလာလို့ အိပ်တဲ့နေရာကြည့်လိုက်တဲ့အချိန်မှာ ခေါင်းနပမ်းကြီးသွားပါတယ်။ ဆင်ဘို တိုက်ပွဲမှာ ကျသွားတဲ့ KIA က အရာရှိ ကို မြေမြုပ်သဂြိုလ် ထားတဲ့ မြေပုံဖြစ်နေလို့ပါပဲ။

ကျနော်တို့ ခေါင်းရင်းက မှတ်တိုင်ကို ညကမမြင် မိလိုက်ပါဘူး။ ညအိပ်ခါနီးမှာ ကျနော်တို့ ညီအကို နှစ်ယောက် စကားပြောဖြစ်ကြပါတယ်။ သူ့အိမ်ကိုတော့ သူနေကောင်းတဲ့အကြောင်း ပြောပြပေးဖို့နဲ့ သူ့ရည်းစား ကောင်မလေး ကို သူ့နောက်လိုက်လာဖို့ ပြောခိုင်းတာပါ။ကျနော်ကို တော့ သူက သတိထား အလုပ်လုပ်ဖို့ ပြောနေပါတယ်။

(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

Photo by Yvan Cohen

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts