All News Features Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁၃ )

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁၃ )

By ရဲဘော်အောင်မင်းနိုင်

ABSDF ကျောင်းသားတပ်ရဲ့ ရဲဘော်ဖြစ်လာပြီဆိုတော့ တပ်စည်းကမ်းအတိုင်း လွတ်လပ်ခွင့်နဲ့ တာဝန် အလုပ်ရှိလာပါတယ်။ အပတ်စဉ် ၂ သင်တန်းဆင်းတွေအတွက် ဘယ်နေရာတာဝန်ကျလာမယ်ဆိုတာမသိသေးပါဘုး။ ကျနော်တို့တာဝန်က ပါဂျောင် ဗဟို စခန်းလုံခြုံရေး အတွက် အလှည့်ကျတာဝန်တွေယူရရုံပါပဲ။

နေ့ကင်းဂိတ်စောင့် ၊ ညကင်းစောင့် ၊ စခန်းလုံခြုံရေး ကင်းလှည့် ၊ပြီး တာဝန်ပြီးရင် ဝါးခုတ် ၊ ထင်းခွေ ကြရပါတယ်။ နောက်ပြီး ဗဟိုကော်မတီ ဌာန တဲတွေအတွက် ကူဆောက်လိုက်နဲ့ အချိန်တွေကုန်လွန်နေပါတယ်။

အဲဒီအချိန်က အတွေ့အကြုံနဲ့မှတ်မိတာတွေ ပြောပြချင်ပါတယ်။ တစ်ရက်မှာ ကျနော်တို့ တပ်စိတ် အနေနဲ့ ဟင်းရှာထွက်ချင် တယ်လို့ စခန်းရုံးကို ပြောပြပါတယ်။ ဟင်းရှာဆိုလို့ အထင်မကြီးပါနဲ့ တောပစ်တာမဟုတ်ပါဘုး ။ တောင်စဉ်တလျောက် စိုက်ထားတဲ့ ဘိန်းခင်းတွေထဲသွားပြီး မုန့်ညှင်း ၊ ပဲတုံ နဲ့စားလို့ရတဲ့အရွက်လိုက်ခူးကြတာပါ ။

M21 နှစ်လက် နဲ့ ရဲဘော် ၅ ယောက်ဟာ မနက်စောစောထပြီး ဘိန်းခင်းတွေထဲမှာ တစ်ခင်းဝင် တစ်ခင်းထွက်နဲ့ မုန့်ညှင်းနဲ့ စားလို့ရတဲ့ အသီးအရွက်တွေ လိုက်ခူးကြပါတယ်။ ဘိန်းခြစ်တဲ့ရာသီဆိုတော့ တဲတွေထဲမှာ အခင်းပိုင်ရှင်တွေရှိနေကြပါတယ်။ ကျနော်တို့လဲ တဖြည်းဖြည်းနဲ့ခူးလာလိုက်ကြတာ ၅ ယောက်သား တရုတ်ကျောပိုးအိတ်အကြီးနဲ့တစ်ယောက် တစ်လုံးစီ ရကြပါတယ်။

အချို့ ခြံရှင်တွေက တော့ ခြံထဲဝင်တာနဲ့ တရုတ်လို အော်ေပြောပါတယ်။ ကိုယ်တွေက သူတို့ပြောတာ ဘာမှန်းမသိပေမယ့် မကြိုက်တဲ့ ပုံရှိနေတယ်ဆိုတာ သိတော့ ခပ်သွက်သွက် ခူးပြီး ပြန်ကြပါတယ်။ ဘိန်းရွက် အနု လေးတွေကိုတော့ ဖွက်ပြီး ဘောင်းဘီ အိတ်ကပ် ထဲ ထည့်ယူလာကြပါတယ်။ ဘားတိုက်ရောက်တာနဲ့ ခူးခဲ့တာ တွေကို အမျိုးအစားတူ ရာစုပြီး ကျန်တဲ့ရဲဘော်တွေကို ဝေပေးကြပါတယ်။ ဗဟိုကော်မတီက လူတွေ၊ နဲ့ သင်တန်းဆရာတွေကို ပေးဝေခြင်းမရှိပါဘုး ။ ဘာလို့လဲဆိုတော့ သူတို့မှာ ရိက္ခာ ဖူလုံနေလို့ပါ ။

ကျနော်တို့ ရဲဘော် တွေ အသီးအရွက် ဘယ်လောက်ထိ စားကြလဲဆိုရင် စားရတဲ့ အရွ က်မုန်သမျ သိနေတာပါပဲ (သက်သတ်လွတ် စစ်စစ်ပါ) ။ ပါလာတဲ့ ဘိန်းရွက်ကလေးကို ကိုယ့်အစုအဖွဲ့လိုက် ဟင်းရည်လုပ်သောက်ပြီး ဖီလင် ယူရတာလည်း အမှတ်ရစရာပါ။

ဘိန်းရွက် ဟင်းရည်သောက်ရင် ပူတုန်းအမြန်သောက်ကြရတာပါ။ အေးမှသောက်ရင် အရမ်းခါးလို့ မသောက်နိင်ကြပါဘူး။ ပူပူလေးသောက်ရင် ချိုနေပါတယ်။ နောက်တခါ ဘိန်းရွက်အခြောက်တွေ ယူလာပြီး သေချာချာ ဗာဂျီးနီးယား ခါချဉ်ပေါင်ဆေးနဲ့ရောပြီး ပွတ်ချွန်းလိပ်သောက်ကြတာပါဘဲ ။ ညဆို ကင်းအလှည့် ကျ နှစ်ယောက်တွဲ စောင့်ရပါတယ်။

ကင်းချိန် ည ၂ နာရီကနေ ၄ နာရီကြားစောင့်ရတဲ့အချိန် ဆိုပါဂျောင်အအေးဓာတ်နဲ့ မအိပ်ချင်အောင် နေကြရတာပါ ။ကင်းချိန်မှာ ဆေးလိပ်သောက်လို့မရ နဲ့ တော်တော်အောင့်အီးနေရပါတယ်။ ရှေ့တန်းမဟုတ်လို့ တခါတလေ ခိုးသောက်ကြပါတယ်။ အဲဒါက အရသာ ပိုရှိသလိုပါပဲ။ ညအမှောင် မှာ ဆေးလိပ်မီးက တော်တော်ဝေးဝေးက မြင်ရတာ ဖြစ်လို့ပါ ။

ညတစ်ည မှာ စခန်းလုံခြုံရေးအတွက် လှည့်ကင်းတာဝန်ကျပါတယ်။ ကျနော်တို့ ၇ ယောက်သား ဘားတိုက်ကနေ အာဆံကုန်းဖက်ချောင်းကိုဖြတ်ပြီး သွားကြပါတယ် ။ အာဆံကုန်းကနေ ကားလမ်းဖက် ကို ပတ်ဆင်းကြမယ့်အချိန် ကုန်းပေါ်ကနေ ကုန်းကုန်းကွကွ နဲ့ ဆင်းလာတာတွေ့ရပါတယ်။

အဖွဲ့ခေါင်းဆောင် တာဝန်ယူထားတဲ့ ရဲဘော်က တိုးတိုး နဲ့ ဟေ့ကောင်တွေ ဝပ်နေ ရှေ့မှာ ဘာလဲ မသိဘူးလို့ လက်ညိုးထိုးပြပါတယ်။ ကြယ်အလင်းရောင်အောက်မှာ ကျနော်တို့ဘက်ကို တဖြည်းဖြည်းနဲ့ ဦးတည်ပြီး လျောက်လာတာတွေ့ရပါတယ်။ KIA ကရဲဘော်တွေ လား ၊ဘယ်သူတွေလဲဆိုတာ စဉ်းစားရင်း ပါလာတဲ့ M21 တွေကို မောင်းတင်ဖို့ ပြောပါတယ်။

အဖွဲ့ခေါင်းဆောင် က တစ်ယောက်ကို လက်ညိုးထိုးပြီး မင်းရှေ့တက်ပြီးကြည့် ပြီးရင်စကားဝှက်မေး ဆိုပြီး ရဲဘော် တစ်ယောက်ကို အမိန့်ပေးလိုက်ပါတယ် ။ ကျနော်တို့ကတာ့ ကုန်းကမူလေးကို အကာကွယ်လုပ်ရင်း ပြားနေအောင် ဝပ်နေကြရပါတယ်။ တစ်ဖက်ကလည်း တဖြည်းဖြည်းတက်လာ ၊ ကျနော်တို့ဘက်က ရဲဘော်ကလည်း ရှေ့တူရှုရာ ကို ဦးတည်ပြီးကပ်နေတုန်း သေနတ်တစ်ကမ်း ရောက်လာပါတယ်။

ရှေ့ပြေး လွှတ်လိုက်တဲ့ရဲဘော်က သေနတ်နဲ့ ထိုးချိန်ရင်း ရပ်မလုပ်နဲ့ စကားဝှက်ပြောလို့ အောင်မြင်တဲ့အသံနဲ့ အော်ပြီးမေးလိုက်ပါတယ်။ မည်းမည်း နဲ့ ဆင်းလာတဲ့ ပုံသဏ္ဍန်တွေက ဘာမှ ပြန်မဖြေတဲ့အပြင် ပိုလို့ ရှေ့တိုးလာပါသေးတယ် ။ ကျနော်တို့အဖွဲ့လဲ ဦးဆောင်သူက အချက်ပြလိုက်လို့ ထပြီး ရှေ့ကို အပြေးအလွှား တက်ကြည့်ကြပါတယ် ။

နောက်ဆုံး မြင်သာထင်သာ ဖြစ်လာတဲ့အချိန်သေချာကြည့်လိုက်တော့ လားတွေ တန်းစီဆင်းလာတာဖြစ်နေ တော့ ဦးဆောင်တဲ့ ရဲဘော်ဆို ဆဲဆိုနေပြီး ကျနော်တို့ လည်း တခွီးခွီး နဲ့ ရီ ကြရပါတယ်။ သတိရှိလွန်းတော့လည်း မှားတဲ့အခါ မှား တာပေါ့။ ကျနော်တို့ ဆက်ပြီးကင်းပတ် နေကြရင်း ကားလမ်းအတိုင်းလျောက်လာတဲ့အခါ စားဖိုဆောင် အပေါ်က သင်င်္ချိုင်းကနေ ဖြူဖြူအရိပ်ကြီးက အပေါ်တက်လိုက်အောက်ဆင်းလိုက်ဖြစ်နေတာထပ်ကြုံရပါတယ် ။

စားဖိုထဲ မှာနေခဲ့တဲ့အတွေ့အကြုံက ကျနော်တို့ သရဲခြောက်ခံရပြီလားဆိုပြီး တိုးတိုးပြောဖြစ်ပါတယ် ။ ဒီတခါ လူများတဲ့အပြင် သေနတ်လည်း ပါတာဆိုတော့ တက်ကြည့်ရအောင်ဆိုပြီး ပြောလိုက်အခါ အားလုံးက သဘောတူလို့ တက်ကြည့်လိုက်ကြပါတယ်။ အပေါ်ရောက်မှ သေချာကြည့်လိုက်တော့ ကျောက်မြေပုံပေါ်မှာ ဖုံးထားတဲ့ပိတ်စအဖြူက လေတိုက်တော့ ဖိထားတဲ့ ခဲစ လွတ်ပြီး လေထဲ ပျံလိုက် အောက်ကြလိုက်ဖြစ်နေတာပါပဲ။

အဲဒီအဖြစ်တွေ နောက်နေ့. ဘားတိုက်မှာပြောပြတော့ ဟာသ တပုဒ် ဖြစ်နေပါတယ်။ ပုံမှန်အလုပ်ဖြစ်တဲ့ ထင်းခွေ နေကြတဲ့နေ့တစ်နေ့ နေ့လယ်အချိန်မှာ စခန်းရုံးက ရဲဘော်တစ်ယောက်က ကိုယ်ပိုင်နံပတ် နဲ့အမည်ခေါ်လို့ သတိဆွဲပြီး နားထောင်နေရပါတယ်။ ဗဟိုကော်မတီ နဲ့ စစိဦးစီးရုံးကို အထုတ်အပိုးပြင်ပြီး ချက်ချင်း လိုက်လာဖို့ အမိန့် ထုတ်ပြန်လိုက်ပါတယ်။

(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts