All News Features Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁၂ )

သူ့အတွေးသူ့အမြင်

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁၂ )

By ရဲဘော်အောင်မင်းနိုင်

အပတ်စဉ် ၂ သင်တန်းမှာ ကျောင်းသား နဲ့ ကျောင်းသူတွေအပြင် အရပ်သားတွေ ရှေ့နေတွေ လည်း ပါဝင်ပါတယ်။ မနက် ၄ နာရီ ၃၀ မိနစ် လောက်ဆို ဘားတိုက်အပေါက်ဝကနေ ဝီစီ မှုတ်ပြီး နိုးပါတယ် ။ မျက်နှာသစ်သွားတိုက်အမြန် လုပ်ပြီး ပီတီပြေးမယ့် ကားလမ်းပေါ် ၅ နာရီ မထိုးခင် သွားပြီးတန်းစီရပါတယ် ။

အပေါ် ဝတ်ယူနီဖောင်းကို ချွတ်ပြီး အောက်က အသားကပ် အင်္ကျီ လက်ရှည်ဝတ် ပြီး ပြေးကြရပါတယ်။ မနက်စောစော ပါဂျောင်ရဲ့ လမ်းဟာ ရေခဲ တွေနဲ့ ဖြစ်နေပါတယ် ။ လမ်းဘေးက မြက်ပင်တွေ၊ ချောင်းတွေမှာဆိုရင်လည်း တစ်စိတ်တစ်ပိုင်း ခဲနေတဲ့ ရေခဲ တွေမြင်တွေ့ရပါတယ်။

သင်တန်းမှာ သင်ကြားမှုအားလုံးက မြန်မာလိုပဲ သင်ကြရတာပါ ။ ကာယလေ့ကျင့်ခန်း လုပ်ကြပြီး ပီတီပြေးကြတာ မနက်ကို ၅ မိုင်နီးပါးလောက်ရှိမယ်ထင်ပါတယ် ။ မနက်ဆို ဘယ်ညာ ဘယ်ညာ အော်သံ ဝီစီသံ အမိန့်ပေးသံတွေက ပျော်စရာ ကောင်းသလို တစ်ယောက်နဲ့တစ်ယောက် စနောက်ရင်း ပြေးကြရတာက အမောပြေပါတယ်။

ဘာလုပ်နေလဲ၊ ဘယ်သူ့အတွက်လဲ၊ ဘာလုပ်ဖို့လဲ၊ ဘာစစ်သားလဲ ဆိုတာတွေ ကို ညီညီညွတ်ညွတ်နဲ့ အော်ပြီး လေ့ကျင့်ခဲ့ကြတာ က လွမ်းစရာပါ။ မှတ်မိပါသေးတယ် မနက်ပီတီပြေးနေရင်း တံတားနားရောက်တဲ့အချိန် ဘယ်ရဲဘော်က စလိုက်တယ်မသိပါဘူး ရေချိုးကြရအောင်ဆိုပြီး သင်တန်းဆရာတွေ ကို ပြောလိုက်တာပါ ။

ဒီလောက်အေးခဲနေတဲ့ ရာသီ ကြီးမှာ တက်ညီလက်ညီနဲ့ မှောင်မှောင်မဲမဲ မှာ ကိုယ်လုံးတီးချွတ်ပြီး ရေထဲ တဝုန်းဝုန်းဆင်းပြီးရေချိုးကြတာပါ။ နောက်နေ့တွေ တချို့ရဲဘော်တွေ နှုတ်ခမ်းတွေထော် မျက်လုံးတွေ ရောင်ပြီးအပူကန်ကုန်ကြပါတယ်။ ပီတီပြေးပြီးတာနဲ့ စားဖိုတဲနားက ထမင်းစားပွဲကို သွားပြီး မနက်စာစားကြပါတယ်။

စွန်တန်ဟင်းရည်နဲ့ ငပိ စိမ်းစားဟာ ဆာလောင်နေတဲ့ကျနော်တို့အတွက် နတ်သုဒ္ဓါပါပဲ။ ပါဂျောင်မှာ ထမင်းစားရင်မြန်မြန်စားကြရပါတယ်။ ရာသီဥတု အေးတော့စားရင်း နဲ့ ထမင်းနဲ့ဟင်းရည်ပူပူတွေက အေးခဲပီး လက်တွေက ထမင်းကို ဆုတ်လို့မရတော့ပါဘူး ။

ပန်းကန်ကို ပါးစပ်နားတေ့ပြီး လက်အကားလိုက်နဲ့ ထမင်းကိုပါးစပ်ထဲ အမြန်သွင်းရတော့တာပါ ။ အလံတိုင်ကုန်းမှာ ကျောင်းသားတပ်ရဲ့ ခွပ်ဒေါင်းအလံ တင် အတွက် ဝီစီမူတ်ပြီ ဆိုတာနဲ့ စားလက်စ၊ လုပ်လက်စ အလုပ်တွေ ချထားပြီး ရောက်တဲ့နေရာကနေ အလေးပြုကြရပါတယ်။

ထမင်းစားပြီးတာနဲ့ ခဏအနားပေးတဲ့အချိန် အပေါ့အပါးသွားတာပြု၊ အမြန်လုပ်ကြရပါတယ်။ ပြီးတာနဲ့ သင်တန်းကွင်းထဲ အမြန်ရောက်အောင်လာပြီး သင်တန်း လေ့ကျင့်ရတာတွေ ကို လေ့ကျင့်ရပါတယ်။ ပြီးရင် တစ်ယောက်တစ်လှည့် တပ်စုမှုး ၊ တပ်စိပ်မှုးတာဝန်တွေ ယူပြီး အလုပ်လုပ်ကြရပါတယ်။

ကိုယ်တာဝန်ယူတဲ့အချိန် ကိုယ် တပ်စိတ်က ရဲဘော်အပြစ်လုပ်ရင် အပြစ်ပေးကြရပါတယ် ၊ ညှာတာပြီး အပြစ်ပေးလို့မရပါဘူး။ ညှာတာရင် သင်တန်းဆရာက ကိုယ့်ကို ပြန်ပြီးအပြစ်ပေးပါတယ်။ လေ့ကျင့်ခန်းမှား တာ ၊ သေနတ်မေ့ကျန်တာ၊ ညမှာ ကင်းချိန် စကားဝှက် မေ့နေတာတွေအတွက် ကျနော်ဆို အပြစ်များများ ပေးခံရပါတယ်။

သင်တန်းတက်နေတဲ့ရဲဘော်အားလုံးအပြစ် မပေးခံရတဲ့သူမရှိပါဘူး ။ ကျနော်တို့အနေနဲ့ ဒီလိုအပြစ်ပေးခံရလို့လည်း စိတ်ထဲ အမှတ်မထားကြပါဘူး။ ညဆို ဒီနေ့ဘယ်လို အပစ်ပေးခံရတာ ဆိုပြီး အခြင်းခြင်း ပြိုင်နေကြပါသေးတယ်။ ကျောင်းသား ဆိုတဲ့အတိုင်း စိတ်ပေါ့ပေါ့နဲ့ ပျော်ရွှင်စရာပါ။

အမိန့်နဲ့စည်းကမ်း လိုက်နာအောင် သင်နေရတာ အပြင် အလုပ်အတွက်ပါ သင်နေရပါတယ်။ ညနေဆို သူ့တပ်စိတ်နဲ့သူ စားဖိုအတွက်၊ ကော်မတီရုံး၊စစ်ရုံး ၊သင်တန်းဆရာ၊ ဘားတိုက်တွေအတွက် နေ့စဉ်အလှည့်ကျ ထင်းတွေ ပို့ ပြီး လုပ်ကြရပါတယ်။

ပြီးရင် အထက်အောက် ဆက်ဆံရေးအရ ကိုယ်ထက် စစ်သက် ရာထူး ကြီးတဲ့ ကျောင်းသားတပ်၊ ရဲဘော်အချင်းချင်းပဲ ဖြစ်ဖြစ် မဟာမိတ် KIA က ရဲဘော်၊ အရာရှိပဲ ဖြစ်ဖြစ် တွေ့တာနဲ့ သတိဆွဲ အေလးပြုကြရပါတယ်။

ညနေစာ ထမင်းစားပြီးတာနဲ့ KIA က ဗိုလ်မှုး ပန်းအောင် က စစ်ရေး၊ နိင်ငံရေး သင်တန်းလာပေးပါတယ်။ သင်တန်းခန်းမထဲမှာ အောက်လင်းမီးများထွန်းပြီး စာသင်ကြရပါတယ်။ အဓိကတော့ ပျောက်ကြား စစ်ဗျူဟာပိုင်းအဓိက ထားသင်ပေးတာပါ။

တော်လှန်ရေး ရဲဘော်တစ်ယောက်ရဲ့ ကျင့်ရမယ့်အမူအကျင့် ၊ နိုင်ငံရေးအရ ဆက်စပ်စဉ်းစားရမှာတွေကို သင်တန်းကာလတစ်လျှောက်လုံး လာသင်ပေးပါတယ်။ KIA ရဲဘော်အချို့က ဗိုလ်မှုးပန်းအောင်ကိုယ်တိုင်သင်တန်းလာပေးလို့ ယောက်ဖတို့က ဗိုလ်သင်တန်း တက်နေတာလားဆိုပြီးမေးပါတယ်။

သင်တန်းပြီး ညပြန်တဲ့အချိန် ဗိုက်ဆာရင် ညနေက ယူထားတဲ့ ထမင်းခဲကို ရေနည်းနည်းထည့် ထောင်းပြီး မီးဖိုဘေးမှာ ကင်းစောင့်ရင်း မီးဖုတ် လိုက် ထမင်းဂျိုးခွာစားလိုက်နဲ့ အာသာဖြေကြရတာပါပဲ။

မနက်ဆို လမ်းလျှောက်နေရင်း မြေကြီးထဲက ပေါက်နေတဲ့ ပန်းပွင့်ကိုရှာရတာလည်း အလုပ်တစ်ခုပါ။ အချစ်ပန်း လို့နာမည်ပေးထားကြပါတယ် ။အဲဒါကို ထမင်းစားရင် တစ်ပွင့်နှစ်ပွင့်လောက် ငပိစိမ်းစားနဲ့မြုပ်ပြီးစားလိုက်ရင် နေရတာတစ်မျိုးပါဘဲ နောက်ပိုင်းမှာ KIO ကလူကြီးတွေက သွေးအဆိပ်ဖြစ်တယ်လို့ ပြောပြီး မစားခိုင်းတော့ပါဘူး။

တခါတလေ ဗိုလ်မှုးပန်းအောင် အိမ်မှာ ကျောင်းသားရဲဘော်သင်တန်းသားတွေ ဗီဒီယို ကြည့်ဖို့ သွားကြရပါတယ်။ ညပိုင်းသင်တန်းပေးနေတဲ့ ညတည မှာ ရဲဘော်တယောက် တက်ပြီး သတိမေ့သွားပါတယ် ။ ဆေးရုံ ကိုပို့ပေမယ့် ကျဆုံးသွားတာ မြင်ရတော့ စိတ်ထိခိုက်ကျရပါတယ်။

သင်တန်းဆင်းခါနီးရက်နီးလာတာနဲ့အမျှ သင်တန်းက ပိုကြမ်းလာပါတယ်။ မနက်ပိုင်း ထမင်းစားပြီးရင် တောင် သိပ်မနားတော့ဘဲ ကရာတေး ကစားကြရပါတယ်။ ပြီးရင် ညဆို အိပ်ချိန် သိပ်မရေတာ့ပါဘူး ။

အရေးပေါ်ခရာ မှုတ်ရင်း ညအတွက်နေရာယူရတာ တွေ တန်ပြန် လုပ်ရတာတွေ လေ့ကျင့်ရပါတယ်။ သင်တန်းပြီးခါနီးလေ အပြစ်ပိုပေးခံကြရလေပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သင်တန်းပြီးတာနဲ့စစ်ဆင်ရေးနယ်မြေတွေကို တစ်ခါတည်း လွှတ်တော့မှာဖြစ်နေလို့ပါပဲ။ တစ်ရက်မှာ သင်တန်းကွင်းထဲ နောက်ကျတဲ့ ရဲဘော်တစ်ယောက်ကို အပြစ်ပေးလိုက်တာ ကြမ်းသွားလို့ အပတ်စဉ် ၁ ပြီးသွားတဲ့ ရဲဘော်တွေက မကျေမနပ်နဲ့ အော်ပြောလို့ သင်တန်းဆရာတွေနဲ့ ရဲဘော်တွေ အပြန်အလှန် သေနတ်တွေ နဲ့ ချိန်ရွယ်နေကြတာ ကတော့ သဲထိတ်ရင်ဖိုပါ။ လေ့ကျင့်ရေး ကွင်းထဲမှာ သင်တန်းသားတွေ ကိုသတိဆွဲ ခိုင်းထားပြီး ဖြစ်နေလို့ပါပဲ ။ နောက်တော့လည်း အဆင်ပြေပြေနဲ့ ပြီးသွားတာပါ ။

ကျနော်တို့သင်တန်းတက်နေချိန်မှာ ကျောင်းသားတပ်က တိုက်ခိုက်ရေးအဖွဲ့ ဗန်းမော် မြစ်ကြီးနားလမ်းမှာ တိုက်ပွဲတစ်ခု သွားနွှဲတယ်လို့ သိရပါတယ်။ အဲဒီမှာ တိုက်ပွဲက သေနတ်တွေ ရလာပါတယ်။ နောက်တစ်ခါ ကတော့ လွယ်ဂျယ် လမ်းမှာ KIA တပ် နဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးတခု သွားလုပ်ပါတယ်။

အဲဒီအချိန် ညမှာ အေရးပေါ် ခရာမှုတ်ရင်း လူစစ်တန်းစီခိုင်းပါတယ်။ အဲဒီလွယ်ဂျယ်တိုက်ပွဲ မှတ်တမ်းဗီဒီယိုခွေ ထွက်ရှိပါတယ်။ ABSDF ရဲ့ ဝါဒဖြန့်ချိရေး ဌာနမှာ အသုံးပြုခဲ့ကြပါတယ်။ ရွေ့တန်းကို လက်နက် ထပ်ပို့ ဖို့ ညတွင်းချင်း ဆင်းရမယ်ဆိုပါတယ်။

ဒါပေမယ့် နောက်ပိုင်း မလိုတော့ဘူးဆိုပြီး ပြန်နားခိုင်းလိုက်ပါတယ်။ သင်တန်းမှာ နေ့စဉ်ကြုံတွေ့ ပြီးသင်ယူနေရတာတော့ အများကြီးပါ ။ သင်တန်းတက်နေစဉ်လည်း KNU ကဒေါက်တာမာတာလည်း ကျနော်တို့ကို အားပေးစကားပြောခဲ့တာ မှတ်မိပါသေးတယ်။

ကျနော်တို့ အပတ်စဉ် ၂ သင်တန်း မှာ တစ်ကိုယ်လုံးယားနာတွေကျလို့ ရဲဘော်တစ်ယောက်ကို ဆေးရုံပို့ ပေးခဲ့ကြ သလို ဆေးထိုးလိုက်ပြီး ခြေရင်း နဲ့ ခြေထောက်ရှည်လာတယ် (တင်ပဆုံခွက် ကျွံသွားတာပါ) (သင်တန်းအကြောင်း ကအများကြီးပါ အနှစ်ချုပ်ရေးတာပဲဖြစ်ပါတယ်)။

သင်တန်းဆင်းခါနီး လက်တွေ့လုပ်ဆောင်ဖို့ ခရီးထွက်ကြရပါတယ်။ တရုတ်ရွာပျက်တွေရှိတဲ့ဘက်ကို စစ်ကြောင်းပုံစံ ချီတက်ရတာပါ ။ ပွိုင့် သွားပုံသွားနည်းနဲ့ ရွာထဲကို ဝင်ရောက် ရှင်းလင်းတာတွေ လုပ်ကြရပါတယ်။ နေ့ သင်တန်း လုပ်ဆောင်ရသလို ညသင်တန်းလည်း လေ့ကျင့်ရပါတယ်။

ပျောက်ကြားနည်းဗျုဟာ အတွက် အစုအဖွဲ့လိုက် လုပ်ကြရသလို တပ်ဖွဲ့အားလုံးနဲ့ပူးပေါင်းတဲ့လေ့ကျင့်ခန်းလည်း လုပ်ရပါတယ်။ အဲဒီအချိန်မှာ အိပ်ချိန်သိပ်မရှိတော့ပါဘူး။ ကိုယ်တိုင်ကတုတ်ကျင်းတူးပြီး အမိန့်ကို စောင့် အလုပ်လုပ်ကြရပါတယ်။

ထမင်းချက်ချိန်တောင် ကျက်ပြီးစားပြီး နာရီဝက်အတွင်း ပြီးပြတ်အောင် လုပ်ကြရပါတယ်။ အနီးနားက ရွာပျက်တွေ တောင်တန်းတွေမှာ လေ့ကျင့်ပြီး စစ်ကြောင်းချီ ပြီး ညခရီးကိုပြန်လာပါတယ်။ ညမအိပ်ရပါဘူး နောက်မှသိရတာက စခန်းကုန်းတိုက်ပွဲ အတွက် လေ့ကျင့်ဖို့ ပြင်ဆင်နေတာပါ။

မနက်အရုဏ်တက် စခန်းကုန်းတိုက်ပွဲအတွက် တောင်ကုန်းတစ်ခုမှာ တပ်ခြံစည်းရိုး တဲကအစ ပြင်ဆင်ထားတာပါ။ တပ်စုလိုက်တွေ သတ်မှတ်ထားတဲ့အတိုင်း လုပ်ကြရပါတယ်။ အဲဒီနေ့က လေ့ကျင့်ခန်း ကို ဆင်းလိုက်တက်လိုက်နဲ့ လုပ်လိုက်ရတာပါ ။ စခန်းကုန်းတခုလုံး ဆူညံနေတာပါပဲ ။ အဲဒါပြီးမှ ကျနော်တို့ ပြန်လာကြပါတယ် ။

အဲဒီခရီးက ပြန်လာပြီးကတည်းက စားဖိုက ထမင်းချက်မကြွေးတော့ပါဘူး ကိုယ့် အစုအဖွဲ့နဲ့ကို ပေးထားတဲ့ ဟန်းကောနဲ့ ထမင်းချက်စားကြရပါတော့တယိ။ ရဲဘော်တစ်ယောက်အတွက် ဆန်ထည့်တဲ့လွယ်အိတ် ပလပ်စတစ် အခင်းတစ်ခု ခြင်ထောင်အသေးတစ်ခု နဲ့ တပ်စုလိုက် ဆီဆန်ဆား ရိက္ခာများ ပေးထားပါတယ်။

သင်တန်းကွင်း မှာ တန်းစီပြီး ကိုယ်ပိုင်အမှတ်နဲ့ နာမည် ကြေညာပြီး ကျောင်းသားရဲဘော်အဖြစ် အလံကိုင် သစ္စာ ဆိုကြရပါတယ်။ ရဲဘော်အောင်မင်းနိင် (က/ 001- – ) အဖြစ်နဲ့ ကျောင်းသားစစ်သား ( ဂျောင်မာဖျန်လာ) ၊ ABSDF ရဲ့ ရဲဘော် တစ်ယောက် ဖြစ်ခဲ့ပါပြီ။

အဲဒီအချိန်က သင်တန်းဆရာတွေနဲ့ ယနေ့ ပြန် တွေ့ရင် အရိုက်ခံရတဲ့အကြောင်း တွေ သင်တန်းက အကြောင်းတွေ အခုအချိန်ထိ သတိတရ နဲ့ပြောဖြစ်နေကြပါ သေးတယ်။ ကျနော် တို့ ABSDF ခွပ် ဒေါင်း အလံတော်ကိုင်ပြီး နိုင်ငံအတွက် လူထုအတွက် သစ္စာ ပြုခဲ့ကြတယ်ဆိုတာ သေချာပါတယ်။

အပတ်စဉ် ၁ ပြီးသွားတဲ့ရဲဘော်အချို့က နောက်ထပ်မွန်းမံသင်တန်းတွေ တက်နေကြသလို ရဲမေ တွေလည်း ဆေးသင်တန်း တက်နေကြပါတယ်။ တိုက်ခိုက်ရေးက ရဲဘော်တွေလည်း စစ်ဆင်ရေးနယ်မြေတွေမှာ ဆင်းရင်း တိုက်ပွဲအတွေ့အကြုံတွေ သင်ယူနေကြပါတယ် ။

ABSDF ( စစ်ကိုင်း) လည်း ဖွဲ့စည်းပြီးသွားပါပြီ။ ၁၉၈၉ ခုနှစ် မတ်လ ဖြစ်ပါတယ်။ အပတ်စဉ် ၃ တက်မည့် ကျောင်းသားရဲဘော်အသစ်တွေ လည်း ရောက်ရှိနေကြပါတယ်။

(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

Photo by Thierry Falise

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts