All News Features Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း(အပိုင်း ၁၁ )

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း(အပိုင်း ၁၁ )

By ရဲဘော်အောင်မင်းနိုင်

သင်တန်းတက်ဖို့စောင့်နေရတဲ့ အချိန်မှာ စားဖိုအတွက်ထင်းစု လိုက်၊ နောက်ထပ် လာမယ့်သူတွေအတွက် တဲဆောက်နေတဲ့ အခါ လိုအပ်တဲ့ ဝါးသွားခုတ်လိုက် တိုင်ခုတ်လိုက်နဲ့ ဘယ်သူမှ မအားကြပါဘူး။ ပါဂျောင်ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ တောင်တန်းတွေမှာ ရောင်စုံပန်းတွေ ပွင့်နေတာ မြင်တော့ အဲဒါ ဘာပန်းတွေလဲ လို့ မေးတော့ ဝိုင်းရယ်ကြပါတယ်။

ဘိန်းပင် မမြင်ဘူးတဲ့ မောင်ကျောင်းသားအတွက်တော့ အထူးအဆန်းပါ။ တရက်မှာ ကျနော်တို့ သင်တန်းသား ဘားတိုက်တွေရဲ့နောက်က ရေချောင်းမှာ ရေသွားချိုးတဲ့အချိန် သင်တန်းသားရဲဘော်တွေ ချောင်းတလျှောက် အရွက်အချို့ကို ရှာဖွေပြီးခူးနေလို့ စားလို့ရလားလို့မေးကြည့်ပါတယ်။ ပါဂျောင် မှာရေချိုးနည်းလည်း ပြောပြချင်ပါတယ်၊ ပါဂျောင်ရေဟာ ရေခဲရေပါ။

ကျနော်တို့ ချိုးတာကတော့ ရေထဲ မဆင်းခင် ကုန်းပေါ်မှာ သေချာဂျီးတွန်း ဆပ်ပြာ နည်းနည်းနဲ့ အရင်တိုက်ပြီး ဆပ်ပြာပြောင်အောင် အရင်ရေဆေးကြပါတယ်။ ပြီးရင် ရေထဲ ဒူးလောက်နက်တဲ့ နေရာမှာ အသက်ဝအောင်ရှုပြီး တခါတည်း ရေငုပ်လိုက်တာပါ သုံးခါလောက်အဲလိုလုပ်ပြီးရင် ရေချိုးခြင်းပြီးပါပြီ။

ကျနော်တို့ ပါဂျောင်ရောက်ပြီး သိပ်မကြာခင်ကာလမှာ ခရစ်စမတ် ပွဲ နဲ့ နီးလာပါတယ်။ KIA ဘက် အခြမ်းမှာ ခရစ်စမတ်ပွဲကို ၂၄ ရက် ဒီဇင်ဘာကနေ စပြီး နှစ်ကူးတဲ့ ၃၁ ရက် ဒီဇင်ဘာညထိ ကျင်းပပါတယ်။ ပွဲငတ်နေတဲ့ကျနော်တို့အတွက်တော့ ကြီးကျယ်ခမ်းနားတဲ့ လူစုလူဝေးပွဲတစ်ခုပါ ။ သင်တန်းမတက်ရသေးတော့ ညထွက်ခွင့်ရပါတယ်။

သင်တန်းသားကျောင်းသားတွေကတော့ ကျနော့်တို့လို မလွတ်လပ်ပါဘူး။ ညဆို အနွေးထည်တွေထူထူဝတ်တဲ့အပြင် ဘာဘူစောင်တွေ ခြုံပြီး နာရီဝက်လောက် လမ်းလျှောက်ရတဲ့ ခရစမတ် ဆုတောင်းပွဲရှိရာကို ရက်ပျက်မရှိ သွားခဲ့ကြပါတယ်။ ဓမ္မဆရာက တရားဟောစင်ပေါ်ကနေ ကချင်လို ဟောပြောပါတယ်။ ကျနော်တို့ကတော့ အားလုံး ဟောပြောတာ နားမလည်ပေမယ့် ပြီးဆုံးတဲ့အထိ ဆုတောင်းပွဲကိုတက်ခဲ့ကြတာလည်း သတိရစရာပါ ။

ပြန်စဉ်စားကြည့်တော့ လူစုလူဝေး နဲ့ ပွဲကြိုက်တဲ့ မောင်ကျောင်းသားတွေပါ။ သင်တန်းမတက်ရခင် ကြားကာလဟာ ကျနော်တို့အတွက် အချိန်ကုန်ခဲလှပါတယ်။ ကျနော်တို့မှာ အရေးကြီးဆုံး ပြဿနာက ဆေးလိပ်ပါပဲ။ ရာသီဥတုက အေးတော့ ဆေးပေါ့လိပ်သောက်လိုက်၊ တပ်က အချိုးကျ ပေးတဲ့ ပွတ်ချွန်းသောက်လိုက်နဲ့ ဆေးလိပ်က အကုန်ဆုံးပါ။ ပါလာတဲ့ မလေးရှား ဝက်ဝံ တံဆိပ် ပုဆိုးနှစ်ကွင်းလည်း ဆေးလိပ်နဲ့ လဲသောက်လို့ ကုန်ပါပြီ ။

ပုဆိုးတစ်ကွင်းကို ဆေးပေါ့လိပ် နှစ်စည်းရပါတယ်။ တပ်ထဲမှာ အရက်သောက်ခွင့်မရှိပါဘူး ။ သောက်တာတွေ့ရင် ထိတ်တုံးက စောင့်နေပါတယ်။ ကျနော်တို့ နေတိုင်း ပုံမှန်လုပ်နေရတဲ့ အလုပ်အပြင် ကိုယ်ခြေဖမိုး တွေကို လက်နဲ့ ဖိဖိပြီး ကြည့်နေရတဲ့အလုပ်လည်းရှိပါသေးတယ်။ ခြေဖမိုး ကိုနှိပ်ကြည့်လို့ အရေပြားက ပြန်မတက်လာဘူးဆိုရင် ထုံစဖြစ်ပြီ လို့ပြောပြပါတယ်။

ပါဂျောင်မှာ နေတဲ့အချိန်မှာ ပုံမှန်ကိုယ်လက် လုပ်ရှားမှု တခုခု လုပ်နေမှ ထုံ ( ကိုယ် ရောင် ကိုယ် ဖေါ)မဖြစ်တာပါ ။ ကျနော်တို့က တော့ အားနေရင် ထင်းရှာ ဝါးခုတ် လုပ်နေကြရပါတယ်။ ပါဂျောင်မှာ ပေါက်တဲ့ဝါးပင်တွေက အခြားအရပ်က ပေါက်တဲ့ ဝါးပင်တွေနဲ့မတူပါဘူး။ မြေကြီးပေါ်ကနေ တစ်ပင်ချင်းထိုးထွက်လာတာပါ။ အခေါင်းပိတ်ဖြစ်တဲ့အပြင် အရွယ်အစားကလည်း ကျပ်လုံး ကျော်ကျော်လေးတွေဖြစ်ပါတယ် ။

တဲဆောက်တဲ့အခါ ချင်ဝါးအနေနဲ့အသုံးပြုကြရပါတယ်။ ပါဂျောင်မှာ ရုံးတို့ သက်ငယ်တို့မရှိပါဘူး။ ရင်ဘောင်ကြမ်းကို အမိုးအကာအဖြစ်အသုံးပြုကြရပါတယ်။ ၁၉၈၉ ခုနှစ် ဇန်နဝါရီ လ မှာ KIO ဥက္ကဌ ဦးဘရန်ဆိုင်းနဲ့ အဖွဲ့ ပြည်ပ ခရီးစဉ်ကနေပြန်လာပြီး ကျောင်းသားတပ်ရှိတဲ့ ပါဂျောင်ကို လာမယ်ဆိုလို့ ကျနော်တို့ရဲဘော်အသစ်တွေ သက်တန်းသား ရဲဘော်တွေ ခရီးဦးကြို သွားရောက်ကြရပါတယ် ။

ဦးဘရန်ဆိုင်းက ကျောင်းသားတပ်အဝင်နားမှာ ကားရပ်ပြီး လမ်းလျှောက်ကာ ကျနော်တို့အားလုံးကို နှုတ်ဆက်ပါတယ်။ လမ်းလျှောက်ရင်း ကနေ သူပုန်ကြီးကြီးတွေ အစား သူပုန်သေးသေးလေးတွေ ရောက်နေကြပြီ ဆိုပြီး ရင်းရင်းနှီးနှီး စကားဆိုသွားတာ မှတ်မိနေပါသေးတယ်။ ကျနော်တို့ သူပုန်စဖြစ် ပြီ ထင်ပါတယ်။

ကျနော်မှတ်မိတာဆို အပတ်စဉ် ၁ က ဇန်နဝါရီ ပထမပတ်မှာ သင်တန်းဆင်းတယ်ထင်ပါတယ်(အမှတ်မှားနိုင်ပါတယ်)။ အပတ်စဉ် ၁ သင်တန်းဆင်းပွဲကလည်း ကျနော်တို့ စားဖိုကလူတွေအတွက် အမှတ်ရစရာ တွေရှိပါတယ်။ အပတ်စဉ် ၁ သင်တန်းဆင်းပွဲအတွက် KIO ကနေ ကျွဲတစ်ကောင်ပေးပါတယ် ။ ယွမ် 8000 လောက်ပေးရတယ်ပြောပါတယ်။

ကျွဲကြီးက နဖားကြိုးမပါတဲ့အပြင် မျက်လုံးနီ ကြီးနဲ့ဖြစ်ပြီး ရိုင်းတဲ့ပုံပါ။ ကျွဲ ကိုသတ်ဖို့အတွက် ကျနော်တို့ စားဖိုကလူတွေ တာဝန်ဖြစ်လာပါတယ်။ ဘယ်လိုကနေဘယ်လိုဖြစ်တယ်မသိဘူး ကျွဲက လန့်ပြီးပြေးပါတယ် ။ ချောက်ကြားတခုမှာ ကျွဲက ပိတ်မိနေတုန်း အပတ်စဉ် ၁ သင်တန်းဆင်းခဲ့တဲ့ ကျောင်းသားသင်တန်းဆရာ တွေက သေနတ်ကိုယ်စီနဲ့ ပြေးလာကြပါတယ်။

သင်တန်းဆရာတယောက်က M16 နဲ့ ကျွဲ ကို ၅ ပေလောက်အကွာကနေ ကျွဲခေါင်းချိန်ပြီး ပစ်လိုက်တာ မှန်ပေမယ့် ကျည်က ကျွဲခေါင်းကို မဖောက်ဘဲ ကျွဲက လှန့်ပြီး ပြေးလိုက်တာ တဖက်က တောင်ကုန်းကို ရောက်သွားပါတယ် ။ အဲဒီကုန်းကျော်လို့ ပြေးရင် တရုတ်နိုင်ငံထဲရောက်သွားရင် ပြန်ရမှာ မဟုတ်လို့ အားလုံးစိတ်ပူနေကြပါတယ် ။

နောက်ဆုံး KIA က ရဲဘော်တွေကို အကူညီ တောင်းတော့ ရဲဘော် နှစ်ယောက်ရောက်လာပြီး M21 နဲ့ သေချာချိန်ပြီး ကျွဲရဲ့ လက်ပြင်ကိုပစ်လိုက်တာ တောင်စောင်းကနေ လျှေကျလာပါတယ်။ ကျနော်တို့အားလုံး ဝမ်းသာအားရနဲ့ အော်ဟစ်လိုက်ကြပါတယ် ။ ကျွဲ ကို နောက်တချက် ပစ်လိုက်တော့မှ ကျွဲ ကငြိမ်သွားပါတယ်။

ကျနော်တို့စားဖိုကလူ တွေ အဲဒီနေ့က အေးအေးချမ်းချမ်းနဲ့ ကျွဲ ဖျက်ကြရတာ တစ်ည လုံးပါ ။ စားဖိုထဲမှာ မိုးဗြဲဒယ်တွေနဲ့ ချက်ချင်း ချက်ပြုတ်ဖို့ ပြင်ဆင်ကြရပါတယ်။ စားဖိုထဲမှာ မနက်ဖြန်သင်တန်းဆင်းပွဲအတွက် ကချင်အရက် တွေ ပလပ်စတစ်ပုံးတွေနဲ့ပို့ထားတာရှိနေပါတယ်။

အဲဒီည ကပါဝင်ခဲ့တဲ့သူတွေ အခု အရက်အကြွေး ပြန်ဆပ်ရပါမယ်၊ အဲဒီညက ရာသီဥတုက အေး လိုက်တဲ့အပြင် ကျွဲသား ရေဆေးရတာနဲ့တင် လက်တွေ ထုံကျင်နေလို့ စားဖိုတာဝန်ခံကို အရက်တိုက်ပါလို့ပြောတော့ သူကလည်း မတိုက်ရဲဘူး။ တော်ကြာ လျှော့နေတာတွေ့ရင် အပြစ်ပေးခံနေရမယ် လို့ပြောတော့ မလျှော့ရင် အဆင်ပြေလားဆိုပြီး ပုံးတွေထဲ က နည်းနည်းစီထုတ်ပြီး ရေပြန်ရောထားလိုက်ပါတယ် ။

အဲဒီညက ၅ လုံးလောက် ထုတ်လိုက်တယ်ထင်ပါတယ်။ အဲဒီထက်လည်း ပိုနိင်ပါတယ် နောက်ပိုင်း တစ်ယောက်စီ သွားထုတ်လိုက် ရေရောလိုက်နဲ့ လုပ်နေလို့ပါ။ အမြည်းကတော့ အသားကို မီးဖိုထဲ ပစ်ထည့် ပြီး နည်းနည်း ကျက်တာနဲ့ စားလိုက်ကြတာပါ။ အသားငတ်နေတဲ့သူတွေဆိုတော့ နည်းနည်းကျက်လိုက် စားလိုက်နဲ့ မလောက်ပါဘူး။

မိုးဗြဲဒယ် သုံးလုံးလောက် ချက်ရပါတယ် မြန်မြန်ကျက်အောင် အိုးထဲထည့်မယ့် ကြွေပန်းကန်ရှာရတာကလည်း အလုပ်တခုပါ ။ စခန်းတခုလုံး ကြွေပန်းကန်ရှာရတာ မူးနေတာကို ဘယ်ရောက်သွားမှန်းမသိပါ ။

ထူးဆန်းတာ တစ်ခု ရှိပါတယ်။ ကျနော်တို့ အမဲသား ချက်နေတဲ့ နေရာရဲ့အပေါ်မှာ လမ်းရှိပါတယ် လမ်းရဲ့အပေါ် နားမှာ သင်္ချိုင်းတစ်ခုရှိပါတယ်။ အရက်နည်းနည်း သောက်ပြီးတဲ့အချိန် ရဲဘော်တယောက်က သင်္ချိုင်းကိုကြည့်ပြီး ဟေ့ကောင်တွေလာစားကြလို့ ပါးစပ်ဆော့လိုက်တာ အမဲသား တွဲတစ်ခု လူက ဆွဲလိုက်တဲ့အတိုင်းပါသွားလို့ လိုက်လုကြရပါသေးတယ်။

ကျနော်တို့ပြန်ပြောပြတော့ မင်းတို့ကောင်တွေ အရက်မူးနေလို့ ပါ ဆိုလို့ ငြိမ်နေလိုက်ရပါတယ်။ အသားတွဲဆွဲသွားတာ ကျနော်တို့ ၃ ယောက် လုံးမြင်လိုက်ရတာကတော့ စဉ်းစားရင်ကြက်သီးထစရာပါပဲ။

အပတ်စဉ် ၁ သင်တန်းဆင်းပွဲ က ပျော်စရာကောင်းပေမယ့် ကျနော်တို့ ရဲဘော်အသစ်တွေကတော့ နောက်နေ့ဆို စားဖိုကနေ သင်တန်းသားတွေ နေရမယ့် ဘားတိုက်ကို ပြောင်းရတော့မှာပါ ။ အပတ်စဉ် ၂ သင်တန်း အတွက် ပြင်ဆင်နေကြပါပြီ ။

အပတ်စဉ် ၁ သင်တန်းပြီးတာနဲ့ ABSDF ရဲ့ တပ် ဖွဲ့စည်းပုံ စတင်ပါတော့တယ် ။ ABSDF (ကချင်) စတင်ဖွဲ့စည်းလိုက်ပါတယ် ။ ကျနော်တို့ KIA က လူကြီးတွေ နဲ့ ဆွေးနွေး မှုတခု လုပ်ဖြစ်ပါတယ်။ ABSDF မြောက်ပိုင်း ကို ဖွဲ့စည်းမှုလုပ်သေးပါဘူး ။

ABSDF (ကချင်) ABSDF (စစ်ကိုင်း) နဲ့အခြားစုဖွဲ့မှုတွေ လုပ်ဆောင်ပြီးမှ ABSDF ( မြောက်ပိုင်း) ဆိုတာ ဖြစ်ပေါ်လာဖို့ လုပ်ဆောင်ကြမယ်လို့ ဆွေးနွေးခဲ့ကြတာ မှတ်မိပါသေးတယ်။ ABSDF တပ်ရင်း ၇၀၁ တပ်ဖွဲ့ လိုက်ပြီး အပတ်စဉ် ၁ သင်တန်းဆင်းကျောင်းသားတွေ ဟာ သက်ဆိုင်တဲ့ ဌာန ၊ တာဝန်ပေးအပ်တဲ့ဌာနတွေမှာ စတင်တာဝန်ထမ်းဆောင်ကြရပါတယ်။

ကျနော်တို့ လည်း သင်တန်းတက်ဖို့အတွက် ယူနီဖောင်း ၊ အတွင်းခံ အင်္ကျီ ၊ အသားကပ်ဘောင်းဘီ ၊ ခြေအိတ်ဖိနပ် နဲ့ခါးပတ် ရေခွက် တွေ ထုတ်ပေးပါတယ် ။ ကျနော်အတွက် ဖိနပ်က တော်တာမရှိလို့ ပွိုင့်ဖိနပ် မရပါဘူး။

ဘတ်စကတ်ဘောကစားတဲ့ ဖိနပ်ပဲရပါတယ်။ ဦးထုပ်ကလည်း သေးနေလို့ KIA တစ်ယောက်က သူဆောင်းနေတဲ့ဦးထုပ်ပေးလိုက်ပါတယ်။ လေ့ကျင့်ရေးအတွက် သစ်သားသေနတ်တွေ ကိုယ်တိုင် ခုတ်ကြရပါတယ်။

ကျနော်တို့ မောင်ကျောင်းသားတွေအတွက် စည်းကမ်းတွေ ပြင်းပြင်းထန်ထန်သတ်မှတ်ထားပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့လို နေချင်သလိုနေခဲ့တဲ့ သူတွေအတွက် လက်နက်ကိုင် စစ်တပ်ပုံစံ စုဖွဲ့မှု မှာ စည်းကမ်းဆိုတာ အသက်ဖြစ်ပါလိမ့်မယ်။

အပတ်စဉ် ၁ က သင်တန်းဆင်း နည်းပြတွေကလည်း ကိုယ်လို သူလို ကျောင်းသားတွေဖြစ်နေတော့ စစ်စည်းကမ်း လျှော့ရဲမှာ စိုးလို့ ထင်ပါတယ်။ သင်တန်းဆရာ ကျောင်းသားတွေလည်း မင်နဲ့မောင်း နဲ့နေထိုင်ရတယ်ထင်ပါတယ်။ အသက်တွေက ရွယ်တူတွေအပြင် အုပ်ချုပ်မှု၊ အမိန့်နာခံမှု စစ်တပ်ပုံစံချက်ချင်းသွတ်သွင်းနေရတာကိုး။

ကျနော်တို့ ဆံပင်တွေကို သင်တန်းသားဆံပင်ပုံစံ (ခပ်တိုတို )ညှပ်လိုက်ရပါတယ်။ ယူနီဖောင်း ဝတ်ဆင်ရင် အောက်ခံ အင်္ကျီ မပေါ်ရသလို အပေါ်အနွေးထည်လည်း မဝတ်ရပါဘူး ။ အိတ်ထောင်ကြယ်သီး ကအစ သေချာတပ်ဆင်ပြီးဝတ်ရသလို ဘောင်းဘီ ဖိနပ် ခါးပတ်က အစ သေချာဝတ်ကြရပါတယ်။ ကြယ်သီးပြုတ်နေတာတွေ့ရင် တုတ်နဲ့ရိုက်ပြီးအပြစ်ပေးပါတယ်။ သစ်သားသေနတ်ဟာ သွားလေရာ ကိုယ်နဲ့မကွာ ဆောင်ထားကြရပါတယ်။

လေ့ကျင့်ရေး သစ်သား သေနတ်မေ့ကျန် နေခဲ့ရင်လည်း အပြစ်ပေးခံရပါတယ်။ အင်္ကျီလက်ရှည်ကို ခေါက်ဝတ်မယ်ဆိုရင် တောင် သတ်မှတ်ထားတဲ့ပုံစံနဲ့ညီအောင်ဝတ်ဆင်ကြရပါတယ်။ဦးထုပ်ကို ဘယ်တော့မှ မြေကြီးပေါ်ချထားခွင့်မရှိပါဘူး။ ဒါတွေအားလုံးဟာ ကျောင်းသား တပ်ရဲ့စည်းမျဉ်းတွေပါဘဲ။ စာသင်ခန်းထဲက ကျောင်းသားတယောက်ကနေ ကျောင်းသားစစ်သား ( ဂျောင်မာ ဖျန်လာ ) အဖြစ် ကူးပြောင်းဖို့ ကျနော်တို့စတင်ရပါတော့မယ်။

(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts