All News Features Local News Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁၀ )

သူ့အတွေးသူ့အမြင်

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၁၀ )

By ရဲဘော်အောင်မင်းနိုင်

ကျောင်းသားတပ်ရဲ့ စားဖိုထဲ က နေရာချထားပေးတဲ့အိပ်ရာပေါ်မှာ ပါဂျောင်ရဲ့အအေးဓာတ်ရယ် အလေ့အကျင့်မရှိ ပင်ပန်းတဲ့ဒဏ်ကြောင့် အိပ်ပျော်သွားပါတယ်။ မနက် ၄ နာရီ ၃၀ မိနစ် လောက်မှာ အအေးဓာတ်ပိုလာလို့ ကွေးပြီးအိပ်နေရာကနေ နိုးလာပါတယ် ။ စားဖိုထဲက ရဲဘော် တွေက မနက်စာအတွက်ပြင်ဆင်နေကြသလို အပြင်မှာလဲ သင်တန်းသားရဲဘော်တွေ ပီတီ ပြေးဖို့ ပြင်ဆင်နေကြပါတယ်။

ကျနော်တို့အိပ်တဲ့စားဖိုတဲက လမ်းမ ရဲ့ အောက်နားမှာ ရှိပါတယ် ။ မနက် စောစော ရေခဲနေတဲ့ အောက်မှာ အပတ်စဉ် ၁ က သင်တန်းသားတွေ ပီတီပြေးနေတာ အတိုင်းသား ကြားနေရပါတယ်။ အလင်းရောင် မလာခင်ကတည်းက သင်တန်းစနေတာဖြစ်ပါတယ် ။ နံနက် ၆ နာရီ ၃၀ လောက်မှာ ပီတီပြေးတာ ရပ်ပြီး မနက်စာ စားကြပါတယ် ။ စားဖိုထဲက လူတွေအနေနဲ့ အဲဒီအချိန်မှီ အောင် ချက်ပြုတ်ရပါတယ်။

လူဦးရေကတော့ သင်တန်းသားရဲဘော်တွေနဲ့ အသစ်တွေ ပေါင်းရင် လူဦးရေ ၁၅၀ ကျော်မယ်ထင်ပါတယ် ။ မနက် ကို ထမင်းကျွေးတဲ့နေရာ ကြည့်လိုက် တဲ့အခါ ကျောင်းသူတွေ ပါတာကိုလည်း တွေ့ရပါတယ်။ ကျနော်တို့ စားဖိုးထဲ နေသူတွေက တော့ ချက်ပြုတ်တဲ့သူချက်ပြုတ် ပြီး ကျန်တဲ့သူတွေက ထင်းရှာ ထင်းစု သွားကြပါတယ်။

ထင်းဆိုတာကလည်း သစ်ပင်ဆိုတာထက် ဝါးခြောက်တွေ က ခပ်များများပါ ။ ကျောင်းသားတပ် တခု လုံး စားနေတဲ့ဆန် က တရုတ်ဘက်ကနေဝယ်ရတာပါ။ တရုတ်ဆန်က ဖွယ်ပြီး အဆီအနှစ် မရှိတဲ့အပြင် ရာသီဥတုအေးတော့ တောင့်သွားပါတယ်။ ဆီကလဲ ဟင်းရွက်ဆီလို့ ပြောပါတယ်။ဆီကိုလျှာပေါ်တင်ကြည့်ရင် ယားသလိုရွသလို ဖြစ်ပါတယ်။ ဟင်းဆိုတာလဲ မုန်လာထုပ် ကြော် နဲ့ စွန်တန် ဟင်းရည် ပါ ငရုပ်သီးနဲ့ ဆားကိုတော့ ပန်းကန်နဲ့ထည့်ပေးထားပါတယ်။

ဒါဟာ ကျောင်းသားတပ်တစ်ခုလုံး စားကြရတာပါ ။ တနေ့ကို ၃ ကြိမ် ကျွေးပါတယ် ။ တစ်ခါတစ်လေ ကုလားပဲ ဟင်း အရည်ကျဲ လေးချက်ရပါတယ်။ တစ်ရက်တော့ ဈေးသုံးသွားမယ့် သူက အလှည့်ကျ ခေါ်လို့ တရုတ်နိုင်ငံထဲက ဆမား ကို ရောက်ဖူးပါတယ်။

ကျနော်တို့ အပတ်စဉ် ၂ တက်မဲ့ရဲဘော်တွေအတွက် လည်း ယူနီဖောင်းတွေ ကို ဆမားမှာချုပ်ကြပါတယ်။ ဆမားကို ကျနော်တို့ လမ်းလျောက်ဆင်းကြတဲ့အခါ တရုတ်နိုင်ငံထဲမှာ လမ်းတွေပြင်နေတဲ့ အဖွဲ့တွေတွေ့ရပါတယ်။ သူတို့လမ်းပြင်တာလည်းစိတ်ဝင်စားစရာပါ ချိုင့်သေးသေးလေးတွေကို ကျောက်တုံးအသေးလေးတွေနဲ့သေချာစီပြီးထည့်နေတာပါ။

နောက်တခါ ချောင်းကူးတံတား (တရုတ်ရုပ်ရှင်ကားတွေထဲကလို) ကုံးတွေတွေ့ရပါတယ် ။ အံသြစရာက ကျောက်တွေကို စရွေးကိုက်ထွင်းပြီး ဆောက်ထားတာပါပဲ။ လက်ရမ်းပွတ်လုံးတွေကအစ သဘာဝကျောက်တွေကို ထွင်းထုထားတာပါပဲ။ တစ်နေရာမှာ အဖိုးကြီးတွေက ကျောက်တုံးတွေကို လေးထောင့် ဖြစ်အောင် ထုဆစ်နေကြတာတွေ့ရပါတယ်။ ဆမားအဝင်က စိုက်ပျိုးရေးခြံတွေမှာ မုန်းညှင်း နဲ့ မုန့်ညှင်းသီး စိုက်ထားကြပါတယ်။ လူတရပ်ကျော်မြင့်လောက်အောင် သန်စွမ်းလို့ အံ့သြမိပါတယ်။

ဆမားထဲရောက်တော့ အသီးအရွက် နဲ့ မှာလိုက်တဲ့ပစ္စည်းတွေစာရင်း ကြည့်ပြီးဝယ်ယူကြရပါတယ်။ အားလုံးဝယ်ပြီးမှ တာဝန်ခံလုပ်သူက အချိန်ရသေးတယ်။ ကုန်တိုက်ဘက်သွားရအောင်လို့ပြောပါတယ်။ အဲဒီအချိန် က ၁၉၈၈ က တရုတ်နိုင်ငံရဲ့ကုန်တိုက်တွေဟာ မြန်မာပြည်က ကုန်တိုက်လောက် ပစ္စည်းမစုံပါဘူး။ ဗိုက်နာလာလို့ အိမ်သာသွားတက်မယ်ဆိုပြီး ကုန်တိုက်က အိမ်သာရှိရာ သွားလိုက်ပါတယ် အုတ်မြောင်းပေါ်မှာ ရှေ့နောက် တန်းစီထိုင်ပြီး အိမ်သာတက်နေတာမြင်တော့ မသွားတတ်တာနဲ့ အမြန်ပြန်လာရပါတယ်။

စက်ချုပ်ဆိုင် က အိမ်သာမှာ သွားတက်ပါတယ် ရေကန်ကြီးပေါ်မှာ ပျဉ်ပျားခင်းထားပြီး ရေကန်အလယ်တည့်တည့်မှာ အကာရံလေး လုပ်ထားတာဖြစ်ပါတယ်။ ဒါတွေ ဘာလို့ လုပ်ထားတာလဲဆိုတာမေးကြည့်တော့ ဒီရေနဲ့ စိုက်ခင်းတွေကို မှာ အသုံးပြုတာလို့ပြောပါတယ်။ ကျနော်တို့ စားဖိုထဲမှာ မုန်လာထုတ်ကို ရေမဆေးဘဲ အစိမ်းစားနေတာသတိရပြီး ပျို့လာပါတယ်။

ဒါကြောင့်ထင်ပါတယ်။ ဆမားက အပင်တွေအသီးအနှံတွေက တော်တော်သန် ပြီးကြီးပါတယ်။ ကျနော်တို့ အချိန်ရသေးတာနဲ့ ဈေးတန်းလျောက်ကြည့်ကြပါတယ်။ ဈေးမှာ ဆောင်းတွင်းဆောင်းတဲ့ ဦးထုပ်တလုံးဝယ်ဖြစ်ပါတယ် ။ ၅ ယွမ် ပေးခဲ့ရတယ်ထင်ပါတယ် တရုတ်စီးကရက်တွေကတော့တံဆိပ်အမျိုးမျိုးတွေ့ရပြီး ယူနီဖောင်းဝတ်ထားတဲ့ တရုတ်ရဲမေတွေရောင်းနေတာတွေ့ရပါတယ်။

ဆမားက ရုပ်ရှင်ရုံကတော့ အကြီးကြီးပါဘဲ ။ ရုပ်ရှင်ကြည့်သူရှိမရှိကတော့ မသိပါဘူး။ ရုပ်ရှင်ရုံရှေ့မှာ ဓာတ်ပုံတွေကပ်ထားတာမြင်တော့ သွားကြည့်ကြပါတယ်။ တရုတ်လို နားလည်တဲ့သူရှင်းပြတာကတော့ သေဒဏ် ချခံထားရတဲ့ အကျင့်ပျက် အစိုးရအရာရှိ တယောက်ရဲ့ မိသားစုဆွေစဉ်မျိုးဆက် ပုံတွေဖော်ပြထားတယ်လို့ ပြောပြပါတယ်။ ကျနော်တို့ ထဲမှာ တရုတ်လိုပြောတတ်တဲ့တယောက်ပါပါတယ်။

ကျနော်တို့က တာဝန်ခံကို မသောက်ရတာကြာတဲ့ အရက်သောက်ချင်ကြောင်းပြောတော့ သူက တိုက်ဖို့ပိုက်ဆံမရှိဘူး လို့ပြောသလို ကျနော်တို့မှာလည်း ပိုက်ဆံမရှိတော့ပါဘူး ။ ကျနော်တို့ကလည်း ပါဂျောင်ရောက်ရင်သောက်ရမှာမဟုတ်ဘူး။ အခုဆမားရောက်တုန်း ခိုးသောက်ရမှာလို့ ဝိုင်းပြောကြပါတယ်။

တရုတ်လိုတတ်တဲ့ ရဲဘော်သစ်က လာခဲ့ငါ့နောက်လိုက်ခဲ့ ငါတိုက်မယ်။ ဒါပေမယ့် ဟိုရောက်ရင် မင်နဲ့နေ ၊ သောက်ပြီးရင် ခေါင်းရမ်းပြီး မကြိုက်သေးဘူးဆိုတဲ့ပုံစံပြလို့ ပြောထားပါတယ် ။ ကျနော်တို့ကို ဆမားက အရက်ရောင်းတဲ့ ဈေးတန်း လေးဆီခေါ်သွားပါတယ်။ ဈေးတန်းရောက်တာနဲ့ ဖန်ခွက်သေးသေးလေးနဲ့ထည့်ထားတဲ့အရက်ကို မြည်းဖို့စမ်းဖို့ တရုတ်လို ပြောနေတယ်ထင်ပါတယ်။ ဒီလိုနဲ့ အလှည့်ကျ မြည်းလိုက် ခေါင်းရမ်းလိုက်နဲ့ အရက်ဈေးတန်းလည်း ကုန်ရော လူတွေလဲ နည်းနည်းထွေပြီး အာသာပြေသွားကြပါတယ်။ ပိုက်ဆံမရှိဘဲ အရက်သောက်နည်း တခုပါ ။

ကျနော်တို့ အဖွဲ့ထဲက တစ်ယောက်က ပိုက်ဆံမရှိဘူးကွာ အင်္ကျီ သွားရောင်းရအောင် ဆိုပြီး တစ်နေရာခေါ်သွားပါတယ်။ သူ့ကျောပိုးအိပ်ထဲက Joy တံဆိပ် ဂျင်းဂျာကင်လေး ကို ဝယ်မယ့်သူကို ထုတ်ပြပါတယ် ။ ဝယ်မယ့်သူက သေခြာကိုင်ကြည့်ပြီး ခေါင်းတရမ်းရမ်းနဲ့ မဝယ်နိုင်ဘူးလို့ ပြောပါတယ်။

တရုတ်လိုတတ်တဲ့ ရဲဘော်ကိုမေးကြည့်တော့ သူတို့ဆီမှာ ဒါမျိုးမကြိုက်ဘူး မြင်လည်းမမြင်ဘူးလို့ မဝယ်တတ်ဘုးလို့ပြောတယ်ဆိုပါတယ်။ ဘေးနားက တစ်ယောက်ဝတ်ထားတဲ့ ကုတ်အင်္ကျီ ကိုလက်ညိုးထိုးပြီး ဒါဆိုဝယ်မယ်လို့ ပြောပါတယ် ။ ဘယ်လောက်ပေးမလဲ ဆိုပြီးမေးကြည့်ကြပါတယ်။ ဈေးတော်တော်ပေးတာတွေ့ရတော့ သူငယ်ချင်း လည်း ချက်ချင်းချွတ်ပြီးရောင်းလိုက်ပါတယ်။ ငါလေဘေးက ဝယ်ထားတဲ့ဈေးထက် ၂ ဆလောက် မြတ်တယ်ဟ လို့ ပြောပြပါတယ်။

နောက်ထပ် ဘာတွေဝယ်သေးလဲ လို့မေးကြည့်တော့ နာရီ နဲ့ မလေးရှားပုဆိုးလည်း ဝယ်တယ် ပြောပြပါတယ်။ ကျနော်တို့အတွက်ငွေရလမ်း တစ်ခု တွေ့လိုက်ရသလို ပါပဲ။ကျနော်တို့ ဝယ်ထားတဲ့ မီးဖိုချောင် ရိက္ခာတွေနဲ့ အတူ ထော်လာဂျီဌားပြီး ပါဂျောင်ကို ညနေမှ ပြန်လာခဲ့ကြပါတယ်။

(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts