All News interview Peace

“စစ်တပ်ရဲ့ လော်ဘီတွေရှိတယ်။ NLD လော်ဘီတွေရှိတယ်။ ပြီးရင် AA ဘက်က AAကိုထောက်ခံတဲ့ ရခိုင်ပြည်သူတွေရှိတယ်။ Cyber War ဖြစ်နေတုန်း”

“စစ်တပ်ရဲ့ လော်ဘီတွေရှိတယ်။ NLD လော်ဘီတွေရှိတယ်။ ပြီးရင် AA ဘက်က AAကိုထောက်ခံတဲ့ ရခိုင်ပြည်သူတွေရှိတယ်။ Cyber War ဖြစ်နေတုန်း”

အသံအဖွဲ့မှ မောင်ဆောင်းခနှင့် ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှု တစ်နှစ်ပြည့်အဖြစ် ရန်ကုန်မြို့တွင် ဗီနိုင်းချိတ်ဆွဲခဲ့မှုအပေါ် ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ကျောက်တံတားမြို့နယ်ရဲစခန်းက အမှုဖွင့်ခဲ့ပြီး ယင်းလူ ၅ ဦးတွင် အသံအဖွဲ့မှ မောင်ဆောင်းခ ပါဝင်နေသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက မောင်ဆောင်းခကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ငြိမ်း၊စု၊စီ နဲ့ ဘာကြောင့်တရားစွဲဆိုခံရတာလဲ။

ဖြေ။ ။ အခုလက်ရှိ ကျောက်တံတားမြို့နယ် ရဲစခန်းက စွဲထားတဲ့ ဒီပုဒ်မ၁၉ ဟာ ဇွန်လ ၂၁ရက်နေ့မှာ ဆူးလေ ကုန်းတံတားပေါ်မှာ Banner ဗီနိုင်း ချိတ်ခဲ့တဲ့ ဒီအင်တာနက် ဖြတ်တောက်မှု ရပ်တန့်ပေးဖို့ တောင်းဆိုတဲ့ Banner ချိတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီကျောက်တံတားမြို့နယ် ရဲစခန်းက ကျွန်တော်အပါအဝင် ၅ဦးကို တရားစွဲဆိုထားတာရှိတယ်ပေါ့။

လက်ရှိသူတို့က ကျွန်တော်ပါတယ်လို့တော့ သူတို့ဖက်ကနေပြီးတော့ တထစ်ချယူဆထားပြီးတော့ တရားရုံးကို ကျွန်တော့်ကို စွဲတင်ခဲ့တယ်။ ဒါပေမယ့် တစ်ခြားသူ ၄ဦးကိုတော့ သူတို့ ခုချိန်ထိတော့ စုံစမ်းဖော်ထုတ်နိုင်တာ မရှိနေသေးဘူးပေါ့။

မေး။ ။ အကိုတို့ ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ တရားရုံးကို သွားရောက်ခဲ့တယ်ဆိုတော့ တရားရုံးအခြေအနေကကော ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ရုံးချိန်းကတော့ ကျွန်တော်တို့ ဒီအမှုကို ရက်ပေါင်း၉ဝနဲ့ ဖြတ်မလား။ ဘယ်လိုတွေ အပြီးသတ်သွားမယ်ဆိုတာမျိုး အဓိကထားဆုံးဖြတ်တာပါ။ အဲဒီတော့ ကျွန်တော့်အနေနဲ့ ဒီအမှုကို အတက်နိုင်ဆုံးမြန်မြန်ပြီးချင်တော့ ရက်ပေါင်း ၉ဝနဲ့ ရွေးချယ်ခဲ့တယ်။

ရက်ပေါင်း ၉ဝအတွင်းမှာ ဒီအမှုကို ပြီးပြတ်အောင်လုပ်မယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဗဟန်းမှာ ရင်ဆိုင်နေရတဲ့ အမှုဆိုရင် ၁ နှစ်ခွဲကျော် ၂နှစ်နီးပါးလောက်ရှိသွားပြီမှ အခုလာမယ့် သောကြာနေ့မှာ အမိန့်ချဖို့ ဖြစ်သွားတာပေါ့။

အဲလို ကျွန်တော့် ဒီအမှုကြီးကိုလည်း ၂နှစ်လောက်ကြီး မကြာချင်ဘူး။ အဲအခါကျတော့ ၃လအတွင်းမှာပြီးအောင်ဖြတ်ဖို့ ကျွန်တာ်တို့ စီစဉ်တယ်။ အဲတော့ ပထမ ၃ပတ်အတွင်းမှာကိုပဲ တရားလိုပြသက်သေ ၆ဦးကို ပြီးအောင်စစ်ဖို့ ကျွန်တော်တို့ စီစဉ်ထားတယ်။ လာမယ့် ၁၄ရက်နေ့ကို ရုံးချိန်း ပြန်ချိန်းထားတယ်။

မေး။ ။ တရားစွဲဆိုခံရတဲ့အပေါ်ကိုကော ဘာပြောချင်တာရှိလဲ။

ဖြေ။ ။ အထူးသဖြင့် အဲဒီမှာလုပ်ခဲ့ကျတဲ့ လူ၅ဦးက Mask တွေဝတ်ထားတယ်။ ဦးထုပ်တွေလည်းစောင်းထားတယ်ဆိုတော့ သူတို့ဟာ ဘယ်သူမှန်း Identify လုပ်ဖို့ခက်တယ်။ ဒီ ငြိမ်း၊စု၊စီ နဲ့ တရားစွဲတဲ့အခါကျတော့ အဲဒီ လူ ၅ဦးက ချီတက်လမ်းလျောက် ဆန္ဒပြခဲ့တာမဟုတ်ဘူး။

ဗီနိုင်းတွေကိုင်ပြီးတော့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့တာမရှိဘူး။ ဒီ ပိုစတာပဲ ချိတ်ပြီးတော့ ပြီးသွားတဲ့ကိစ္စဖြစ်တယ်ပေါ့။ အဲဒီဟာက ငြိမ်း၊စု၊စီ နဲ့ ညီတယ်ဆိုတာမျိုးကြီး အတင်းကြီးလုပ်လိုက်တာ ဒါလည်းဆန္ဒပြတာပဲဆိုတာမျိုး လုပ်လိုက်တာမျိုးကကျတော့ ဥပဒေကို မတရားသဖြင့် အသုံးချတယ်လို့ ကျွန်တော်ကတော့မြင်ပါတယ်။

ကျွန်တော်တို့ ရန်ကုန်က အမှုတင် မဟုတ်ဘူး။ ရခိုင်ပြည်နယ် ရမ်းဗြဲနဲ့ ကျောက်ဖြူမှာ ဖြစ်သွားတဲ့ အမှုတွေမှာဆိုရင်လည်း ဒီလိုပဲ သူတို့တွေက အင်္ကျီတီရှပ်တွေဝတ်ပြီးတော့ ဓာတ်ပုံရိုက်ခံခဲ့ကျပြီးတော့ Online ပေါ်တင်ကျတာပဲရှိတယ်။ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့တာမဟုတ်ဘူး။ အဲတော့ ရမ်းမြဲက ကိစ္စအပါအဝင် ဒီအင်တာနက် ဖြတ်တောက်မှုနဲ့ ပတ်သက်ပြီးတော့ ကန့်ကွက် ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ သူတွေကို ဒီ ငြိမ်း၊စု၊စီ နဲ့ အရေးယူတာက ဥပဒေအရမှားယွင်းတယ်လို့ ကျွန်တော်တို့က မြင်ပါတယ်။

မေး။ ။ တောင်းဆိုမှုတွေ လုပ်နေပေမယ့် အင်တာနက်ဆက်လက်ပိတ်ထားတယ်ပေါ့။ ဒီအပေါ်ကိုကော ဘာပြောချင်တာရှိလဲ။

ဖြေ။ ။ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်ထုတ်ထားတယ်။ အဲတာတော်တော်အရေးကြီးတယ်။ ဒါက အစိုးရရဲ့ ထုတ်ပြန်ချက်ဖြစ်သွားတာပေါ့။ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ဖတ်တဲ့အခါကျတော့ သူကရခိုင်မှာ AAနဲ့ ဒီလိုမျိုး တိုက်ပွဲတွေဖြစ်ပွားနေတယ်။ AA ကလည်း မိုဘိုင်းလ် အင်တာနက်ကို အသုံးပြုပြီးတော့ ဖုန်းနဲ့မိုင်ထောင်တာတွေအစ လုပ်လာတယ်ပေါ့။ အဲတာတွေကြောင့် အင်တာနက်ကို ဖြတ်တောက်ရခြင်းဖြစ်ပါတယ်ပေါ့။

ပြီးတော့ နောက်တစ်ခုက အဲဒီအင်တာနက်ကို သုံးပြီးတော့လည်း ပဋိပက္ခတွေဖြစ်အောင် လှုံ့ဆော်တဲ့အကြောင်းအရာတွေ အရမ်းရေးသားတာမျိုးတွေရှိတဲ့အတွက် ဒီလိုမျိုး အင်တာနက်ဖြတ်တောက်ရတာဖြစ်တယ်ပေါ့။ နောက်တစ်ခုက ဒီပဋိပက္ခတွေ မပြီးမချင်း ဖြတ်တောက်ထားမယ် ပုံစံမျိုးကို နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ထားတာရှိတယ်ပေါ့။

သေချာပြန်ကြည့်မယ်ဆိုရင် အင်တာနက်ဖြတ်တောက်ထားတဲ့အတွက် ဒီလို လူမျိုးရေး၊ ဘာသာရေး၊ လှုံဆော်တဲ့ကိစ္စတွေ လျှော့သွားလားဆိုတော့ မလျှော့သွားဘူး။ ဒီဘက် စစ်တပ်ရဲ့ လော်ဘီတွေရှိတယ်။ NLD လော်ဘီတွေရှိတယ်။ ပြီးရင် AA ဖက်က AAကိုထောက်ခံတဲ့ ရခိုင်ပြည်သူတွေရှိတယ်ပေါ့။ သူတို့ကြားထဲမှာဖြစ်နေကျတဲ့ဟာက ဒီအင်တာနက်ဖြတ်ထားချိန်မှာကော လျှော့သွားလားဆိုတော့ လျှော့သွားတာမရှိဘူး။

သူတို့ကြားထဲမှာ ယနေ့ချိန်ထိတိုင် ဒီလို Cyber War ဖြစ်နေတုန်းပဲပေါ့။ ဒီ Cyber War ကဆက်ဖြစ်နေတာတွေ့ရတယ်။ နောက်တစ်ခုကကျတော့ ဒီအင်တာနက်ဖြတ်ထားလို့ဆိုပြီးတော့ သူတို့ကြွေးကြော်သလို ဒီအများပြည်သူအကျိုးစီးပွားတွေကို ကာကွယ်နိုင်လားဆိုတော့ ကာကွယ်နိုင်တဲ့အကြောင်းအချင်းအရာ တစ်ခုမှ မတွေ့ရဘူး။

အင်တာနက်ဖြတ်ထားတဲ့အတွက် တိုက်ပွဲပိုဖြစ်တယ်။ လူသေဆုံးမှု လူတွေထိခိုက်ဒဏ်ရာရမှု ဒီဖက်နှစ်မှာ ပိုများလာတယ်။ အဲတာကိုပဲကျွန်တော်တို့တွေ့ရတယ်။ အဲတော့ တကယ့် ပကတိ အမှန်တရားတွေကို အစိုးရဖက်က ဖုံးကွယ်ထားပြီးတော့ အင်တာနက်ဖြတ်တောက်မှုကို ဆက်လက် လုပ်ဆောင်မယ်ဆိုတာမျိုး သဘောထားထုတ်ပြန်တဲ့အပေါ်မှာ ကျွန်တော်တို့ အနေနဲ့တော့ ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ရှုတ်ချတယ်။

အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ပြည်သူ ၁သန်းကျော်ရဲ့ ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေး တခြားသော လူ့အခွင့်အရေး ရပိုင်ခွင့်တွေကို အကာအကွယ်ပေးဖို့ဆိုရင် ဒီအင်တာနက် ရှိမှကို အဆင်ပြေမှာဖြစ်တယ်ပေါ့။ အဲတော့ သူတို့ပေးထားတဲ့အကြောင်းပြချက်တွေဟာ တကယ့်လက်တွေ့အခြေအနေတွေအတွက် အဖြေမှန်မဟုတ်ဘူးလို့ ကျွန်တော်ပြောချင်တယ်။

မေး။ ။ အခုအခြေအနေမှာ အင်တာနက်ဖြတ်တောက်ခံထားရတာပြန်ရဖို့တောင်းဆိုနေတဲ့ သူတွေပါတရားစွဲဆိုခံလာရတယ်။ အစိုးရနဲ့ တပ်မတော်ကလည်း ပြန်မဖွင့်ပေးဘူးပြောနေတော့ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ နေရာတွေအတွက် ဘယ်လောက်စိုးရိမ်မှုတွေ ဖြစ်ပေါ်လာနိုင်မလဲ။

ဖြေ။ ။ အင်တာနက် ဖြတ်တောက်မှုကိုလည်း ဆက်လက်လျစ်လျူရှုထားပြီးတော့ ဖြတ်တောက်တာတွေကို ရပ်တန့်ဖို့ တောင်းဆိုတဲ့ တက်ကြွလှုပ်ရှားသူတွေပါ အရေးယူလာတာကို တွေ့ရတဲ့အခါ အစိုးရရဲ့ သဘောထား၊ တပ်မတော်ရဲ့ သဘောထား ဘာလဲဆိုတာ အတော်လေးရှင်းရှင်းလင်းလင်း မြင်သာသွားတာပေါ့။

ငါတို့ အင်တာနက် ဖြတ်တောက်တာကို ဆက်လုပ်မယ်။ ကျန်တာတွေ ဘာမှပြောမနေကျနဲ့ ဆိုတာမျိုး အာဏာရှင်ဆန်သော တုံ့ပြန်မှုကို ကျွန်တော်တို့ရတယ်ပေါ့။ အခုလည်း အဲလိုပဲပေါ့။ တစ်ပူပါ်တစ်ပူဆင့်တာပေါ့။

ပြောချင်တာက ရခိုင်ပြည်နယ်ဟာ နဂိုတည်းကတော့ ပြည်တွင်းစစ် ပဋိပက္ခကော အခြားသော ရိုဟင်ဂျာ ကိစ္စတွေကော အများကြီးပြဿနာတွေနေတဲ့ ဒေသတစ်ခုဖြစ်တယ်ပေါ့။ အဲဒီ ဒေသမှာမှ နံပါတ် ၁ အင်တာနက်ဖြတ်တောက်ထားလိုက်တယ်။ အင်တာနက်ဖြတ်တောက်ထားတဲ့အခါမှာ ကိုဗစ်ထပ်ဖြစ်တယ်။ ပြီးရင် အဲတာတင်မဟုတ်ဘူး။ အခုမိုးရာသီဆိုရင် ရေကြီးတာတွေ အစာရေစာပြတ်လတ်တာတွေ အများကြီး ကြုံရတယ်။

အဲဒီထက်ဆိုးတာက ဒီဟာရပိုင်ခွင့်တောင်းဆိုတဲ့ လူငယ်တွေကိုပါ ထပ်ပြီးတရားစွဲတဲ့အခါကျတော့ ဒါက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆင့်ကဲဆင့်ကဲ ဆောင်ရွက်နေတယ်လို့ပဲ ကျွန်တော်တို့က မြင်ပါတယ်။

မေး။ ။ ဒီလိုမျိုး အင်တာနက်ဖြတ်တောက်မှု ဆက်လုပ်မယ်ဆိုတော့ အကိုတို့တောင်းဆိုနေတဲ့သူတွေဘက်က ဘာဆက်လုပ်ဖို့ရှိမလဲ။

ဖြေ။ ။ ကျွန်တော်တို့က ပြည်သူလူထုအသံ နောက်တစ်ခုကကျတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က လူထုတွေကိုယ်စား ကျွန်တော်တို့က ဒီဘက်တွေမှာ ရပ်တည်တယ်။ ပြောဆိုတယ်။ သူတို့ရပိုင်ခွင့်အတွက် ကျွန်တော်တို့ တောင်းဆိုတာပေါ့။ ဒါကတော့ ကျွန်တော်တို့ တတ်နိုင်တဲ့ နည်းလမ်းနဲ့သွားကျတာပေါ့။

အင်တာနက် ဖြတ်တောက်ထားမှုဆိုတာက အခုကျွန်တော်တို့ အင်တာနက်ဖြတ်တောက်မှု ၁နှစ်ပြည့်မှ မဟုတ်ဘူး။ အင်တာနက် စဖြတ်တဲ့အချိန်ကနေစပြီး ကျွန်တော်တို့ ကြေညာချက်တွေထုတ်လာတယ်။ ၆လပြည့် ၈လပြည့် ဒါမျိုးတွေလည်း အကြိမ်ကြိမ်လုပ်လာတယ်။

အမြဲတမ်းတောင်းဆိုနေတယ်။ ကမ်ပိန်းတွေကော အပြင်မှာဆန္ဒပြတာတွေကော သမ္မတထံ လိပ်မူပြီးစာပို့တာတွေကော လက်မှတ်ကောက်တာတွေကော ကျွန်တော်တို့ လုပ်နိုင်တဲ့ ကျွန်တော်တို့ကို ပေးထားတဲ့ ပေးထားချက်တွေပေါ်မှာရှိတဲ့ လုပ်နိုင်သမျှတွေကို ကျွန်တော်တို့က အစွမ်းကုန်လုပ်သွားတယ်။ အခုနောက်ဆုံးတရားစွဲခံရတဲ့ အခြေအနေပါ ရောက်တယ်ပေါ့။

အဲတော့ အစိုးရဖက်ကရည်ရွယ်ချက်ကတော့ ဒီလိုမျိုးတရားစွဲလိုက်ရင် တရားစွဲခံလိုက်ရတဲ့အခါမှာ တရားစွဲခံရသူကို အပြင်ရောက်ရေး သူ့အမှုကို ရုတ်သိမ်းပေးရေးဆိုတဲ့ဟာကို အာရုံစိုက်တဲ့အခါမှာ ကျွန်တော်တို့ မူလတောင်းဆိုတဲ့ အင်တာနက်ဖြတ်တောက်မှု ရပ်တန့်ဖို့ဆိုတဲ့ကိစ္စက နည်းနည်းမှေးမှိန်သွားလေ့ရှိတယ်။ ဒါမျိုးကို ကျွန်တော်တို့ အဖြစ်မခံဘူး။

ကျွန်တော်တို့ တရားစွဲခံရတာက အရေးမကြီးဘူး။ ဒီလိုမျိုးလုပ်တဲ့အခါမှာ ဒါမျိုးဖြစ်လာမယ်ဆိုတာ ထွက်ဆထားပြီးသားဖြစ်တယ်။ အဓိက ကျွန်တော်တို့ ထပ်သွားချင်တာက ကျွန်တော်တို့ ရုံးထုတ်တိုင်းမှာ ဒီအင်တာနက်ဖြတ်တောက်မှုကို ပြန်ဖွင့်ပေးဖို့ ဆက်တိုက်တောင်းဆိုသွားဖို့ရန် အစိုးရကိုလည်း ဒီကိစ္စဟာ အင်တာနက်ဖြတ်ထားချင်ဟာ လူ့အခွင့်အရေးအကြီးအကျယ် ချိုးဖောက်ခြင်းဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း သူတို့သိအောင် အကြိမ်ကြိမ်ပြောဆိုနေဖို့ ကျွန်တော်တို့လိုတယ်ပေါ့။ ဒါမျိုးတွေ ကျွန်တော်တို့ ဆက်လုပ်သွားမှာဖြစ်တယ်။

မေး။ ။ ပြည်သူ့အစိုးရဖြစ်နေချိန်မှာ ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျွန်တော်တို့ ပြည်သူလူထုကတော့ အထူးသဖြင့် NLD အစိုးရဟာ ကိုယ်တွေအတွက် ရပိုင်ခွင့်တွေ အများကြီးပြန်ယူလာပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေးတာပေါ့။ အထူးသဖြင့်တော့ ဗမာတွေအတွက်တော့ မပြောလိုပါဘူး။

ဗမာတွေအတွက်တော့ NLD ဟာက ကောင်းရင်ကောင်းနေမယ်။ ဒါပေမယ့် တိုင်းရင်းသားတွေအတွက်တော့ NLD ဟာလုံလောက်သော စွမ်းဆောင်မှုကို မပေးနိုင်တဲ့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေပါ။ ဆက်တိုက်ကျူးလွန်ခဲ့တယ်ဆိုတာမျိုး တွေ့ရတယ်ပေါ့။

အထူးသဖြင့် ရခိုင်နဲ့ ချင်းပြည်နယ်မှာဆိုရင် အခု အင်တာနက်ဖြတ်ထားတာတွေ တခြားသော ကရင်နီပြည်နယ်မှာပဲဖြစ်ဖြစ် မွန်ပြည်နယ်၊ ရှမ်းပြည်နယ် စသဖြင့် ဒါမျိုးတွေမှာဖြစ်ဖြစ်ပေါ့။ ဒီအစိုးရဖက်ကနေပြီးတော့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် တိုင်းရင်းသားတွေပေါ်မှာ အလေးထားဆောင်ရွက်မှုတွေဟာ လုံးဝကို အားရစရာမရှိနေဘူးပေါ့။ အဲတော့ ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့ မဖြေရှင်းနိုင်ဘူးဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားဒေသတွေမှာ လာမယ့်ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီပဲ ဆက်လက် မဲရဖို့ဆိုတာ မလွယ်နိုင်ဘူး။ အဲတော့ ကျွန်တော်ထင်ပါတယ်။

တိုင်းရင်းသားတွေ ရပိုင်ခွင့်ကို အလေးမထားရင် တိုင်းရင်းသားတွေဆီကလည်း မဲရမှာမဟုတ်ဘူး။ ဒါတူသောအကျိုးပြန်ပေးမှာပဲပေါ့။ အဲတော့ ဒီလိုအခြေအနေမျိုးမှာ အထူးသဖြင့်ရွေးကောက်ပွဲနား နီးတဲ့အခြေအနေမျိုးမှာ ပြည်သူလူထုအတွက် အနှောက်အယှက်အဟန့်အတားတွေ ဒီလိုအင်တာနက်ဖြတ်တောက်မှုလို ဟာမျိုးတွေကို အစိုးရက ပြန်သာဖယ်ရှားပေးနိုင်မယ်ဆိုရင် ၂ဝ၂ဝအတွက် သူဟာအမှတ်ကောင်းတွေ အများကြီးရလာနိုင်ချေရှိပါတယ်။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတာ၊ ထောင်ချတာ၊ တရားစွဲတာ အဲတာတွေလုပ်လိုက်လို့ ဒီလိုတောင်းဆိုတဲ့ ဟာတွေက ရပ်သွားမှာမဟုတ်ဘူး။

ဖမ်းလေ တရားစွဲလေ အသံကပိုကျယ်လေပဲ ဖြစ်မှာ ကျွန်တော်တို့အနေနဲ့လည်း ဒီအင်တာနက်ဖြတ်တောက်မှု ပြန်မရမခြင်း ဒီအင်တာနက်ဖြတ်တောက်တဲ့ဟာကို အစိုးရဖက်က ပြန်မဖွင့်မပေးချင်း ကျွန်တော်တို့ ဒီလိုမျိုး အစိုးရကို တောင်းဆိုတဲ့ဟာတွေ နိုင်ငံတကာနဲ့ ချိန်ဆက်ပြီး Advocacy ဆောင်ရွက်တဲ့ Advocacy လုပ်တဲ့ကိစ္စတွေကို ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts