စစ်တပ်မြေသိမ်းမှု NLD အစိုးရ မဖြေရှင်းပေးနိုင်၍ တောင်သူ ၁၀၅ ဦးကို တပ်မတော်က တရားစွဲဟုဆို

စစ်တပ်မြေသိမ်းမှု NLD အစိုးရ မဖြေရှင်းပေးနိုင်၍ တောင်သူ ၁၀၅ ဦးကို တပ်မတော်က တရားစွဲဟုဆို
ရန်ကုန်၊ ဇူလိုင် ၁၄
မန္တလေးတိုင်း၊ စဉ်ကူးမြို့နယ်၊ ငွေတောင်ကျေးရွာနှင့် ညောင်ဝန်းကျေးရွာမှ တောင်သူ ၁၀၅ ဦးတို့ကို တပ်မတော်က တပ်ပိုင်မြေကျူးကျော် သည်ဟုဆိုကာ တရားမကြောင်းဖြင့် တရားစွဲဆိုလိုက်ခြင်းသည် မြေသိမ်းကိစ္စကို NLD အစိုးရ မဖြေရှင်းနိုင်ခြင်းကြောင့်ဖြစ်သည်ဟု တံခွန်တောင်သူလယ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးအေးသိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မန္တလေးအခြေစိုက် အမှတ် ၁၂၁ ထောက်ပံ့ပို့ဆောင်ရေးတပ်ပိုင်နယ်မြေကို တောင်သူများက ကျူးကျော်သည်ဟုဆိုကာ ကျူးကျော်နေသည်ဟုဆိုကာ ငွေတောင်ကျေးရွာနှင့် ညောင်ဝန်းကျေးရွာမှ တောင်သူ ၁၀၅ ဦး ကိုဗိုလ်ကြီး ဇော်ဝင်းနိုင်ကတရားလိုလုပ် တရားစွဲခြင်းဖြစ်ပြီး ဇူလိုင်လ ၁၃ရက်နေ့တွင် ပထမဆုံးအကြိမ် စဉ့်ကူးမြို့နယ်တရားရုံးတွင် စတင်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
၁၉၇၂ ခုနှစ်တွင် အမှတ် ၁၂၁ တပ်ရင်းက မြေဧက ၃၉၀၀ ကျော်ကို သိမ်းဆည်းခဲ့ပြီး NLD အစိုးရလက်ထက်တွင်မှ ၇၅ ဧက ကို တောင်သူများကို ပြန်လည်ပေးအပ်ခဲ့ကြောင်း၊ မြေသိမ်းမှုပြဿနာနှင့်ပတ်သက်ပြီး ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်ဝန်းကျင်ကလည်း ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“ ဒီနေ့တက်လာတဲ့အာဏာရပါတီ အစိုးရ NLD အစိုးရ အသုံးမကျလို့ စွဲခံရတာ။ NLD အစိုးရ ဖြေရှင်းမပေးနိုင်လို့ စွဲတာ မြေ ၃၉၀၀ဧကကို သူတို့သိမ်းထားတယ်။ ၃၉၀၀ကျော်ဧကကို တောင်သူတွေက ထွန်းတုံးတိုက်ပွဲနည်းနဲ့ ပြန်ပြီးတော့သိမ်းလိုက်တယ်။ အဲဒီမှာNLDအစိုးရတက်လာတဲ့အခါ လူကြားကောင်းအောင် ၇၅ ဧကကို ပြန် ပေးလိုက်တယ်။ ၁၉၇၂ခုနှစ်မှာ တပ်မ ၁၂၁က ဧက ၃၉၀၀ကျော်ကို သိမ်းခဲ့တာ”ဟု တံခွန်တောင်သူလယ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးအေးသိန်းက ပြောဆိုသည်။
တရားမကြီးမှုဖြင့် စွဲဆိုခဲ့သော်လည်း တပ်မတော်က ပိုင်ဆိုင်သော အထောက် အထားမရှိကြောင်းနှင့် တရားစွဲဆိုမှုမှာ ဥပဒေနှင့် မညီညွတ်ကြောင်းလွှတ်တော် ကိုယ်စားလှယ်များ နှင့် ဒေသခံတောင်သူများက ပြောသည်။
တပ်မတော်နှင့် ၎င်းတို့ရွာ၏ မြေယာအငြင်းပွားမှုမှာ ဧက ၃၉၀၀ ကျော်ရှိပြီး ၎င်းတို့ဘိုးဘွားများလက်ထက် ၁၉၇၂ ခုနှစ်မှစတင်၍ ကျေးရွာမြေနေရာများကို စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက်ဟုဆိုကာ တပ်မတော်က သိမ်းယူခဲ့ပြီး ၁၉၉၅ ခု နှစ်တွင် Great Wall ကုမ္ပဏီအား အငှားချခဲ့ကြောင်း၊ ယင်းနောက် ၂၀၁၃ ခုနှစ်မှစတင်ကာ အဆိုပါကုမ္ပဏီက မလုပ်ကိုင်တော့သဖြင့် လစ်လပ်နေသော ၎င်းတို့မြေနေရာများကို တောင်သူများက ပြန်လည်တောင်းဆိုရာ ၂၀၁၅ ခုနှစ်တွင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကိုက စွန့်လွှတ်ပေးခဲ့ပြီး ယင်းမြေနေရာများတွင် ရွာသူရွာသားများက ထွန်ယက် စိုက်ပျိုးနေထိုင်ခဲ့ကြကြောင်း သိရသည်။
“ ကျွန်တော်တို့ ဒေသခံတောင်သူတွေက ဒါသားစဉ်းမြေးဆက်ပေါ့ဗျာ ခုတ်တွင်းရှင်းလင်းပြီးတော့မှထွန်းယက်စိုက်ပျိုးခဲ့တာလေ။ အဲဒီတော့သူတို့ဆီမှာလည်းကျွန်တောတို့ဒီမြေခွန်ပြေစာဆိုတာလေ ကျွန်တော်တို့ ကိုင်ထားတာလေရှိတယ်လေ။ မြေပိုင်ဆိုင်မူအထောက်အကူပေါ့ဗျာ ” ဦးအေးသိန်း ကပြောဆိုသည်။
သိမ်းဆည်းမြေများကို အမှတ် ၁၂၁ ထောက်/ပို့တပ်ရင်းမှ စိုက်ပျိုးရေး နှင့်မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်တော့မည်ဖြစ်သောကြောင့် ထွက်ခွာ ပေးရန်နှင့် မထွက်ခွာလျှင် တရားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဟု စာပို့ခဲ့ကြောင်း၊ တပ်က တရားစွဲဆိုထားသည့် တောင်သူအမည်စာရင်းတွင် သေဆုံးသူများ၊ နာမည်တူသူများလည်း ပါဝင်နေကြောင်း သိရသည်။
ယင်းအမှုကို လာမည့် ဇူလိုင်လ ၂၈ရက်နေ့တွင် ထပ်မံရုံးချိန်း ချိန်းဆိုထားကြောင်း သိရှိရသည်။
Photo Credit – DPNS
သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ