All News Local News Peace

ကျောက်ဖြူတွင် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဥပဒေ ပုဒ်မ ၂ ခုဖြင့် ဖမ်းဆီးအမှုဖွင့်တရားစွဲ

ကျောက်ဖြူတွင် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဥပဒေ ပုဒ်မ ၂ ခုဖြင့် ဖမ်းဆီးအမှုဖွင့်တရားစွဲ

ရန်ကုန်၊ ဇူလိုင် ၂၄

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရေနံဒွိန်ကျေးရွာမှ အမျိုးသမီး ၃ဦး ဇူလိုင် လ ၂၃ ရက်နေ့တွင် အကြမ်းဖက်မှု ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ပုဒ်မ ၅၂ (က) တို့ဖြင့်အမှုဖွင့် ဖမ်းဆီးတရားစွဲလိုက်ကြောင်း ကျောက်ဖြူမြို့မရဲစခန်း မှ ဒုရဲမှူး ကျော်ဇောက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ အကြမ်းဖက်ဥပဒေပုဒ်မ (၅၀)ည/၅၂ က ၊ မနေ့က အမှုဖွင့်တယ် ၊ အဲ့ဒီပုဒ်မကိုပြန်လေ့လာကြည့်လိုက်ပါ။ ဘာကြောင့်ဖွင့်လဲဆိုတာကို အကြမ်းဖက် ဥပဒေပုဒ်မကို လေ့လာပါ ”ဟု ဒုရဲမှူးကျော်ဇောကပြောသည်။

ဇူလိုင် ၂၂ရက်နေ့ ညပိုင်းအချိန် ကျောက်ဖြူမြို့နယ်၊ ရေနံဒွိန်ကျေးရွာမှ စျေးဆိုင်ရောင်းသူ ဒေါ်ဗြားမ(၅၃)နှစ်၊ ဒေါ်လှသန်းခင်(၄ဝ)နှစ်နှင့် အသက်(၃၇)နှစ်ခန့်ရှိသည့် ရတနာအောင်ဇာတ်သဘင်မှ ဇာတ်ဆရာမတို့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက် ဇူလိုင်လ ၂၃ ရက်နေ့တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဖြူမြို့နယ်မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က “ ကျွန်တော် သိသလောက်တော့ သူတို့ကို ဘာမှလည်းမလုပ်ဘဲနဲ့ ရွာမှာက ၂၂ ရက်နေ့ညနေ ၁၁ နာရီလောက်ကို ဝင်ပြီးဖမ်းတယ်ဆိုတဲ့သဘောကိုတွေ့တယ် ။ သူတို့ကို ဘာအပြစ်ဖြစ်တယ်ဆိုတာ၊ ဘယ်လိုတွေ့လို့ ဖမ်းတယ်ဆိုတာတော့ မကြားမိပါဘူး”ဟု ပြောသည်။

အဆိုပါ အမျိုးသမီး ၃ ဦးသည် ကျောက်ဖြူ မြို့နယ်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံရသည့် ပထမဆုံးအမျိုးသမီးများဖြစ်ကြပြီး အဆိုပါ ကျေးရွာအနီး ပတ်ဝန်းကျင်များတွင် မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိကြောင်း ကျောက်ဖြူမြို့နယ်မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်လွင်၏ အဆိုအရ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts