Local News Peace political news

ကုလားတန်မြစ်အတွင်း သွားလာနေသော စက်လှေများကို တပ်မတော်က ပစ်ခတ်နေခြင်းကြောင့် ပလက်ဝမြို့တွင် ခရီးသည် ၅ဝဝခန့်သောင်တင်နေ

ကုလားတန်မြစ်အတွင်း သွားလာနေသော စက်လှေများကို တပ်မတော်က ပစ်ခတ်နေခြင်းကြောင့် ပလက်ဝမြို့တွင် ခရီးသည် ၅ဝဝခန့်သောင်တင်နေ

ရန်ကုန်၊ ဇူလိုင် ၉

ချင်းပြည်နယ် ပလက်ဝမြို့အနီးရှိ ကုလားတန်မြစ်အတွင်း သွားလာနေသော ခရီးသွားစက်လှေများကို ပလက်ဝမြို့အထက်ရှိ ကုလားတန်မြစ်ကမ်းဘေးတွင် ဂိတ်ချတပ်စွဲထားသော တပ်မ(၁၁)လက်အောက်ခံ စစ်သားများက ပစ်ခတ်နေခြင်းကြောင့် ခရီးသွားပြည်သူ ၅ဝဝခန့် ပလက်ဝမြို့တွင် သောင်တင်နေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့မှ လူ့အခွင့်အရေးချိုးဖောက်မှု သတင်းအချက်အလက်ရှာဖွေရေးဌာန တာဝန်ခံ ဆလိုင်းတေရက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကနေ အထက်ပိုင်းပေါ့။ ကုလာတန်မြစ်ကြောင်းမှာ သွားလာတဲ့သူတွေကို အခုတလော ပလက်ဝမြို့ အထက်နားမှာရှိတဲ့ စစ်တပ်တွေက အဲဒီ စက်လှေသွားလာတဲ့သူတွေကို အမြဲတမ်းပစ်ခတ်နေတာ ခဏခဏ ပစ်ခတ်နေတဲ့အတွက်ကြောင့် အခုခရီးသည်တွေက မသွားရဲတော့ဘဲ အခုပလက်ဝမြို့ပေါ်မှာပဲ သူတို့သောင်တင်နေကျတယ်။ ခရီးသည်တွေက အများအားဖြင့် ပလက်ဝမြို့နယ် အထက်ပိုင်းက ကျေးရွာတွေက လူတွေဖြစ်တယ်။ တချို့သူတွေဆိုရင် အုပ်ချုပ်ရေးမှူးတွေလည်းပါတာပေါ့။ ပြီးတော့ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေ သူတို့က ပလက်ဝမြို့ပေါ်မှာ လစာထုတ်တဲ့သူတွေလည်းရှိတယ်။ ပြီးတော့ အုပ်ချုပ်ရေးမှူးတွေကတော့ သူတို့ရဲ့ တစ်လတစ်ခါ ပုံမှန်လုပ်တဲ့ ထွေအုပ်ရဲ့ အုပ်ချုပ်ရေးမှူး အစည်းအဝေးလာတက်တဲ့သူတွေပေါ့။ ပြီးတော့ တချို့ဆိုရင် ဈေးလာဝယ်တဲ့သူတွေရှိတယ်ပေါ့။ သူတို့လာတဲ့ခရီးမှာ ဘာမှမလုပ်ဘူး။ ဒါပေမယ့် အပြန်ကျရင် သူတို့ ဘယ်သူ့မှ အပြန်မခံဘဲနဲ့ ကုလားတံမြစ်ကမ်းမှာပဲ သူတို့ဂိတ်ချထားတာရှိတယ်။ အဲဒီဂိတ်ကနေလှမ်းလှမ်းပစ်တာ သူတို့ကို စက်လှေတွေ မြင်သမျှ လှမ်းလှမ်းပစ်နေတယ်။ တကယ်လို့ သူတို့ဆက်သွားရင် သူတို့ကျည်ထိမှာဆိုးလို့ သူတို့ပြန်လှည့်ပြေးတာ အခုသောင်တာက ခရီးသည် ၅ဝဝ ကျော်နေပြီလို့ ကျွန်တော်တို့ ကြားသိရတယ်” ဟု ၎င်းကပြောဆိုသည်။

တပ်မ(၁၁)လက်အောက်ခံ စစ်သားများက ပြီးခဲ့သည့် မေလအတွင်းက စတင်ကာ ပစ်ခတ်မှုများပြုလုပ်နေခြင်းဖြစ်ပြီး ဇွန်နှင့် ဇူလိုင်လအတွင်း ပစ်ခတ်မှုများ ပိုမိုများလာခြင်းကြောင့် အစိုးရပိုင်းနှင့် တပ်မတော် တာဝန်ရှိသူများကို အကြောင်းကြားထားသော်လည်း ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ကြောင်း၊ ခရီးသွားလာသူများသည် တပ်မတော်ကို တရားဝင် အကြောင်းကြား ခွင့်ပြုချက်ရယူသွားလာကြသော်လည်း ပစ်ခတ်ခံနေရကြောင်း ဆလိုင်းတေရက ဆက်လက်ပြောဆိုသည်။

“ အဲလိုပစ်ခတ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ဘက်ကော အစိုးရပိုင်းဖြစ်တဲ့ထွေအုပ်ကိုကော ဒေသခံတွေက သူတို့စာတင်ပြီးတော့ သွားရမယ့်လူဦးရေစာရင်းနဲ့ အတိအကျ တပ်မတော်ဖက်ကို ထွေအုပ်မှာကောတင်ထားတာရှိတယ်တဲ့ ပြီးတော့ ပလက်ဝမြို့ပေါ်မှာရှိတဲ့ ခလရ(၂၈၉) တပ်ရင်းစခန်းမှာရှိတဲ့ တပ်မမှူးထိုင်တာပေါ့။ အဲဒီ တပ်မမှူးဆီကိုလည်း ဒေသခံတွေက အကြောင်းကြားထားတာ ခွင့်တောင်းထားတာရှိတယ်။ တပ်မမှူးကလည်း သွားလာဖို့အတွက် ခွင့်ပြုထားတာရှိတယ်။ ဒါပေမယ့် အဲဒီတပ်စခန်းတွေကတော့ အဲလိုခွင့်ပြုထားတာတွေရှိရဲ့သားနဲ့လည်း သူတို့က ပစ်ခတ်တာ အမြဲလိုလိုဖြစ်နေတယ်လို့ပြောတယ်” ဟု ၎င်းကပြောဆိုသည်။

လတ်တလော ပလက်ဝမြို့ပေါ်တွင် သောင်တင်နေသော ဒေသခံ ၅ဝဝခန့်သည် လက်ရှိချိန်တွင် ပလက်ဝမြို့တွင်နေထိုင်သော ၎င်းတို့၏ ဆွေမျိုးများ အသိမိတ်ဆွေများထံတွင် တည်းခိုနေရကြောင်း၊ အချိန်ကြာမြင့်လာသည်နှင့်အမျှ စားရေးသောက်ရေးအတွက် အခက်အခဲများ ဖြစ်လာနိုင်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထို ကုလာတန်မြစ်အတွင်း မေလ ၃ဝရက်နေ့က ပလက်ဝမြို့ပေါ်တွင်နေထိုင်သည့် စစ်ဘေးရှောင်များအတွက် ထင်းသယ်ရန်သွားရောက်သော စက်လှေတစ်စီးကို တပ်မတော်က ပစ်ခတ်ခဲ့သည့်အတွက် အသက် ၇၀နှစ်အရွယ် ဒေါ်ဟွေ့ခင်း ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ကာ ဇွန်လ ၁ဝရက်နေ့ကလည်း စိမ်စင်းကျေးရွာ ယာယီစစ်ဘေးရှောင်စခန်းတွင် နေထိုင်သူများအတွက် ဆန်သယ်ယူနေစဉ် တပ်မတော်က ပစ်ခတ်ခဲ့သည့်အတွက် အသက် ၄၃ နှစ်အရွယ် ဦးမျိုးသန့်သည် ကျည်ဆံထိမှန်၍ ပွဲချင်းသေဆုံးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းဖြစ်စဉ်များနှင့် တပ်မတော်၏ သဘောထားမှတ်ချက်ရယူရန်အတွက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts