Election interview political news

ကိုဗစ်ကန့်သတ်အမိန့် ထုတ်ထားသော်လည်း အာဏာရှိသူများကို ဇူလိုင် ၁ ရက်မှစ၍ စည်းရုံးရေး လုပ်ခွင့်ပြုမှု ရွေးကောက်ပွဲ မသမာမှု ကျူးလွန်တာလား

ကိုဗစ်ကန့်သတ်အမိန့် ထုတ်ထားသော်လည်း အာဏာရှိသူများကို ဇူလိုင် ၁ ရက်မှစ၍ စည်းရုံးရေး လုပ်ခွင့်ပြုမှု ရွေးကောက်ပွဲ မသမာမှု ကျူးလွန်တာလား

By ရန်ကုန်ခေတ်သစ်

လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ပြည်လုံးကျွတ်အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြုလုပ် မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပြီး ရွေးကောက်ပွဲဝင်မယ့် ပြည်ထောင်စုဝန်ကြီးများ ၊ ဒုတိယဝန်ကြီးများ ၊ ပြည်ထောင်စုတရားသူ ကြီးချုပ် ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌ ၊ ခုံရုံးအဖွဲ့ဝင် ၊ ပြည်ထောင်စုရှေ့နေချုပ် ၊ ဒုတိယရှေ့နေချုပ် ၊ ပြည် ထောင်စု စာရင်းစစ်ချုပ် ၊ ဒုတိယစာရင်းစစ်ချုပ် ၊ ပြည်ထောက်စုရာထူးဝန်ဥက္ကဌ ၊ ရာထူးဝန်အဖွဲ့တို့ အနေနဲ့ ဇူလိုင်လ ၁ ရက်နေ့က စပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁၂၀ ၊ ၁၂၁ နဲ့ကိုက်ညီပါက ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းတွေ ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်တယ်လို့ ကြေညာထားပါတယ်။

ရွေးကောက်ပွဲ ဆိုင်ရာ စုဝေးဟောပြောခွင်နဲ့ မဲဆွယ်စည်းရုံးခွင့်နဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အတည်ပြုကြေညာပြီးမှ ထုတ်ပြန်ပေးမယ်လို့ UEC က ကြေညာထားပါတယ်။

UEC ရဲ့ ကြေညာချက်ဟာ တရားမျှတမှုမရှိတဲ့ မသမာတဲ့ ကြေညာချက်အဖြစ် နိုင်ငံရေးပါတီတွေဘက်က ပြောဆိုနေကြပြီး ရန်ကုန်ခေတ်သစ်က နိုင်ငံရေးပါတီ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးစိုင်းညွန့်လွင်
ဒုတိယဥက္ကဋ္ဌ ၁ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်

အစိုးရဆိုတော့ ဒီလိုပဲဖြစ်မှာပဲလေ။ အဲဒီလိုဖြစ်မယ်လို့ မမျှော်လင့်မိတာတော့အမှန်ပဲ ။ ဘာမှလည်း ကန့်ကွက်လို့ မရဘူး ။ အစိုးရကျ အခုထဲက လုပ်နေတာပေါ့လေ ။ အစိုးရလုပ်တယ်လို့ အကြောင်းပြပြီးတော့ ကျွန်တော်တို့က ဘာမှလုပ်လို့မရဘူးလေ။ အထူးသဖြင့် အသစ်ဖွဲ့စည်းတဲ့ပါတီတွေ ဘာမှလုပ်လို့မရဘူးလေ။ သူတို့မကြိုက်ရင်လည်းရွေးကောက်ပွဲမဝင်ရုံပဲရှိတယ် ၊ မဝင်လည်း ပါတီဖျက်ခံရမယ်။ အဲ့ဒါပဲရှိတယ်။

ဒေါ်သန်းသန်းနု
အတွင်းရေးမှူးချုပ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)

“ အခုလာမယ့်ရွေးကောက်ပွဲမှာ အစိုးရအဖွဲ့ဝင်တွေ သူတို့က လာမယ့် ရွေးကောက်ပွဲ ပေါ့လေ သူတို့ရဲ့ ဥပဒေအရ ဝင်ရောက်နိုင်တယ် ၊ ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်ဆိုပြီး ကျွန်မတို့ ညက ကြားရပါတယ်ရှင့် ၊ ကျွန်မတို့အနေနဲ့ ကျွန်မတို့ပါတီတောင် မဟုတ်ပါဘူး ၊ ပါတီကြီး ၂ ပါတီက လွဲလို့ပေါ့နော် ၊ ကျန်တဲ့ပါတီငယ်တွေ အနေနဲ့ကတော့ လူအင်အားရော ၊ ငွေအင်အားရော ကျွန်မတို့မှာက အခက်အခဲတွေ ရှိတယ်ပေါ့နော် ၊ အခက်အခဲများများရှိတဲ့ပါတီလည်းရှိတယ် ၊ နည်းနည်းပဲရှိတဲ့ ပါတီလည်းရှိတယ် ။

ပြီးတော့ အခုနောက်တစ်ခုက Covid-19 ကာလဆိုတော့လည်း ဘာမှလှုပ်ရှားလို့ မရဘူးပေါ့နော် ၊ မရတဲ့ အနေအထားမှာ ရှိတယ် ၊ ရွေးကောက်ပွဲကလည်း လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ်ဆိုတော့ အတိုင်းအတာ တစ်ခုကတော့ သိပ်ပြီး သင့်တော်တဲ့ အနေအထားတော့ မရှိဘူးပေါ့ ၊ ကျွန်မတို့ပါတီငယ်တွေက ပြစ်မှု အမှားအယွင်း မရှိတာတောင်မှ အရေးယူခံရတဲ့ အနေအထားရှိတော့ အခုလို ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ အမိန့်ထုတ်ထားတာတွေ ။ သူတို့အကြောင်းပြတာကတော့ Covid – 19 ပေါ့ ။ Covid – 19 ကိုအကြောင်းပြပြီး ၁၅ ရက်ပြီး ၁၅ ရက် တိုးနေတော့ လှုပ်ရှားချိန်က ပိုပြီးတော့ နည်းသွားတာပေါ့

ဒေါ်စုစုလှိုင်
ရန်ကုန်တိုင်းဒုတိယတာဝန်ခံ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

“ အခုအဲ့ဒါတွေက အသံထွက်လာတယ် ၊ ရှေ့နောက်မညီညွတ်ဘူးလို့ ပြောရမှာပေါ့နော် ၊ အခုကဖော်ပြထားတဲ့ အချက်အရ လက်ရှိ ရှိနေတဲ့ Highest Position ပေါ့နော် ၊ Authority ရှိနေတဲ့ သူတွေကိုကြိုတင်ခွင့်ပြုလိုက်သလားဆိုတဲ့ ထင်မှားမှုတွေရှိတယ်ပေါ့နော် ၊ ကာလက ကိုဗစ်ကလည်း ကန့်သတ်ထားတဲ့အခါမှာ မဲဆွယ်စည်းရုံးမှု ရလာပြီပြောတာလည်း မညီညွတ်ဘူး။

ပြီးတော့ ကိုယ်စားလှယ်လောင်းတင်သွင်းတာ လက်မခံသေးဘဲနဲ့ မဲဆွယ်စည်းရုံးလို့ရတယ်ဆိုတာ မညီညွတ်ဘူးဖြစ်နေတာပေါ့နော် ၊ အချက်အလက်တွေကလေ အဲ့ဒါမျိုးတွေတော့ သွားတွေ့ရပါတယ် ။ ပါတီတွေကပဲ တောင်းဆိုမလား ၊ ထုတ်ပြန်မလားဆိုတာတော့ စောင့်ကြည့်ရမယ့်အခြေအနေပေါ့ ၊ အခုလောလောဆယ်မှာတော့ UEC က ထုတ်ပြန်လိုက်တဲ့ ဟာက အကျိုးအကြောင်း မညီညွတ်တာလေးတွေ သွားတွေ့ရတယ် ။

မုံရွာအောင်ရှင်
NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး

“ အဲဒီဟာကလေ ကျွန်တော့်အမြင်ကတော့ ရွေးကောက်ပွဲကော်မရှင်က စောစောစီးစီး ရွေးကောက်ပွဲကို ကြိုပြီးတော့ ပြောတယ် ၊ စည်းရုံးခွင့်တွေလည်း အများကြီးပိုပေးတယ် ၊ အဲဒါကောင်းတဲ့ ဟာပဲလေ ၊ ဘာအတွက် ဒါကိုကန့်ကွက်နေကြလဲ။

ကျွန်တော် စဉ်းစားလို့မရဘူးနော် ၊ နားမလည်နိုင်ဘူး ၊ ဒါက ကိုဗစ်ကာလမို့ အခက် အခဲ တွေရှိမှာမိုလို့ ကြိုပြီးတော့ လုပ်ပေးတာ အချိန်တွေရအောင်လို့ ဒီဟာကြေငြာပေးတာပါ ၊ ကျွန်တော်မြင်တာပေါ့လေ ။ဘယ်ပါတီအတွက် အခွင့်အရေးရအောင် ဘယ်ပါတီအတွက် အခွင့်အလမ်းအားသာအောင် လုပ်ပေးတာ မဟုတ်ဘူးဗျ ၊ အဲ့ဒါတော့ ဒီကိစ္စအပေါ်မှာ အထူးမပြောချင်ဘူးလေ ကော်မရှင်နဲ့ ပတ်သက်ပြီးတော့ အားလုံးဟာ အခွင့်အလမ်းအတူတူပဲ ၊ ဟိုတစ်နေ့က ကော်မရှင် ဥက္ကဌကြီးပြောသလိုပဲ ဘယ်ပါတီမှ ဥပဒေရဲ့ အထက်မှာ မရှိဘူးလို့ ပြောပြီးသားလေဗျာ ၊ အဲ့ဒီတော့ ကျွန်တော်က ဒီကိစ္စကို ကြိုဆိုတယ်လို့ ပြောချင်ပါတယ်ဗျာ ။

Photo Credit – Ted Regencia

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts