Local News political news

SNLDပါတီအတွက် နေပြည်တော် တောထဲတွင် မြေနေရာချထားပေး၍ လက်မခံ ၊ NLD ပါတီက ၁၆ ဧက နေရာကောင်း ရယူထားဟုဆို

SNLDပါတီအတွက် နေပြည်တော် တောထဲတွင် မြေနေရာချထားပေး၍ လက်မခံ ၊ NLD ပါတီက ၁၆ ဧက နေရာကောင်း ရယူထားဟုဆို

ရန်ကုန်၊ ဇွန် ၂၂

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အတွက် နေပြည်တော်ရှိ လူသူသွားလာမှုမရှိသော တောထဲတွင်မြေနေရာများချထားပေးပြီး မြေကွက်ယူသည့်ကိစ္စတွင် မတရားလုပ်ဆောင် အမှုတွဲနေကြောင်း SNLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ အဲနေရာက သိပ်ဝေးတယ်။ လူမနေတဲ့ တောထဲပို့တဲ့ဟာကြီးက နိုင်ငံရေးပါတီတစ်ရပ်ဟာ ဘယ်လို သွားနေမှာလဲ။ သူတို့ကျတော့ မြို့လယ်ခေါင်ကြီးမှာ ယူထားပြီးတော့ ဒါမတရားလုပ်တာပဲ။ အခုကျတော့ သူတို့ကိစ္စတွေပေါ်လာတဲ့အခါကျတော့ ကျွန်တော်တို့ကို ချပေးထားတဲ့ဘာညာ အဲလိုပြောနေတာ နိုင်ငံရေးအကျဉ်းသားစကားပြောရရင်တော့ အမှုတွဲတာပေါ့။ အမှုလာမတွဲနဲ့ လို့ ကျွန်တော်ပြောချင်တယ်။ ယူဖို့ အစီအစဉ်မရှိဘူး။ ဧကကြိုက်သလောက်ယူလို့ရတယ်လေ။ မြို့နဲ့ လေးမိုင်လောက် ဝေးတဲ့နေရာဆိုတော့ ပေးတော့ပေးတယ်။ မယူချင်အောင်ပေးတယ်။ အမှုတွဲတယ်ပေါ့။ အခုကျမှ အမှုတွဲတယ် ” ဟု၎င်းကပြောဆိုသည်။

ထို့ပြင် နေပြည်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အနေဖြင့် မြို့နယ်ကောင်းတွင် မြေ ၁၆ဧက ရယူထားပြီး ရခိုင်အမျိုးသားပါတီ (ANP) ကိုလည်း မြေနေရာများချထားပေးသည်ဟု သိရကြောင်း ဦးစိုင်းညွန့်လွင်ကဆက်လက်ပြောဆိုသည်။

“ ကျွန်တော်တို့ အရင်တုန်းကတော့ လျှောက်ထားဖူးတယ်။ လျှောက်ထားတဲ့နေရာကို နောက်လူတွေက မပေးဘဲနဲ့ လိုချင်ရင်တော့ ဧလာလေယာဉ်ပျံကွင်း သွားတဲ့လမ်းဘက်ပေါ့။ အဲနေရာသွားကြည့်ပါပေးမယ်ဆိုပြီး မြို့နဲ့ လေးမိုင်လောက် ဝေးမယ်ထင်တယ်။ ကြံ့ခိုင်ရေးရုံးရဲ့ ဟိုဘက်အခြမ်းတွေ ကျွန်တော်တို့ စိတ်မဝင်စားပါဘူး။ ပေးမယ်ဆိုရင်တော့ ယူလို့ရတာပေါ့ဗျာ။ ဒါပေမယ့် ဘာကြောင့်လဲဆိုတော့ NLDက ၁၆ဧက ယူထားတယ်လေ။ မြေရှင်းတာတွေ တချို့ရှိတယ်။ NLD တောင်ရပြီး ကျန်တဲ့သူတွေ မရဘူးလားဆိုတော့ အခု တတိယနဲ့ စတုတ္ထဖြစ်တဲ့ SNLD နဲ့ ANP ကိုတော့ ဟိုးအဝေးကြီးသွားချပေးတယ်။ ချပေးတယ်ဆိုတာက လိုချင်ရင်ရမယ်ပေါ့ဗျာ။ အဲလောက်ဝေးတဲ့နေရာမှာ သွားနေဖို့တော့ မရှိပါဘူး” ဟု ၎င်းကပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက NLD ပါတီက မြေကွက် ၁၆ ဧက နေပြည်တော် နေရာကောင်းတွင် ရယူထားသည့်ကိစ္စ မှန်ကန်မှုရှိ၊ မရှိ အတည်ပြုရန် ကြိုးစားသော်လည်း မည်သူကမှ တာဝန်ခံ ဖြေဆိုခြင်းမရှိပေ။

ထိုသို့ ရခိုင်အမျိုးသားပါတီ (ANP) ကို မြေနေရာချထားပေးသည့်ကိစ္စနှင့် ပတ်သက်ပြီး ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ၎င်းအနေဖြင့် ယင်းကိစ္စကို မသိရှိရသေးကြောင်းပြောဆိုသည်။

“ ကျွန်မတို့မသိသေးဘူး။ ကျွန်မပါတီကို လှမ်းမေးကြည့်လိုက်ဦးမယ်။ ဒီကိစ္စတွေ အားလုံးမသိနိုင်ဘူးလေ” ဟု ၎င်းကပြောဆိုသည်။

ယင်းသို့ ပါတီ ၃ခုကို နေပြည်တော်တွင် မြေနေရာများချထားပေးသည့်အကြောင်းကို NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်(ခ) မောင်တင်သစ်က ၎င်း facebook စာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

“ အဲဒါက ခင်ဗျားနေပြည်တော် စည်ပင်သာယာရေးကော်မတီကို မေးလိုက်ရင် ပိုကောင်းတာပေါ့။ ကျွန်တော်က အတိအကျ မပြောနိုင်ဘူးလေ။ အတိအကျပြောနိုင်တာကတော့ စည်ပင်ကမှ ပြောနိုင်မှာ ဦးရဲမင်းဦးတို့ရှိတယ် သူတို့ကို ဆက်သွယ်လိုက်ပါ” ဟု ဦးရည်မွန်ကပြောဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပေ။

ဓာတ်ပုံ- ရိုက်တာ

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts