All News Election interview

NLD အစိုးရလက်ထက် တိုင်းရင်းသားအခွင့်အရေးနှင့်တန်းတူရေးအတွက် အပြောင်း အလဲ တစ်ခုမှ မလုပ်ခဲ့ဟုဆို

NLD အစိုးရလက်ထက် တိုင်းရင်းသားအခွင့်အရေးနှင့်တန်းတူရေးအတွက် အပြောင်း အလဲ တစ်ခုမှ မလုပ်ခဲ့ဟုဆို

By ရန်ကုန်ခေတ်သစ်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်SNLD သည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ပြီးချိန်မှစတင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD နှင့် မဟာမိတ်အဖြစ် အခြားတိုင်းရင်းသားများနှင့်အတူ ရပ်တည်ပြီး စစ်အာဏာရှင်စနစ်ကို တော်လှန်ခဲ့သော်လည်း NLD အာဏာရလာချိန်တွင်မူ တိုင်းရင်းသားအရေးနှင့် တန်းတူညီရေးကိုလည်း အပြောင်းအလဲ မလုပ်နိုင်ခဲ့ဟု SNLD ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဦးစိုင်းညွန့်လွင်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် SNLD ပါတီအနေနဲ့ ဘာတွေ ပြင်ဆင်ထားပြီလဲ။ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်ပေါ့။

ဖြေ။ ။ အခုအချိန်ထိတော့ ကျွန်တော်တို့ မြို့နယ်တွေမှာ ရွေးချယ်ရေးကော်မတီပေါ့။ အဲဒီကော်မတီ ဖွဲ့ထားတဲ့ အဆင့်ပဲရှိသေးတယ်။

မေး။ ။ ၂ဝ၂ဝအတွက် ဆရာတို့ပါတီအနေနဲ့ ရှမ်းပြည်နယ်ကိုပဲ အဓိကထားယှဉ်ပြိုင်မှာလား။

ဖြေ။ ။ အခုတော့ ယတိပြတ်ပြောလို့မရဘူးဗျ။ ဘာကြောင့်လဲဆိုတော့ မသတ်မှတ်ရသေးဘူးလေ။ အခုပြောလိုက်ရင် လွဲမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ စည်းရုံးရေးနယ်မြေတွေကတော့ ကချင်မှာလည်းရှိတာပေါ့။ ရှမ်း၊ မန္တလေး၊ ကယားအဲလိုတွေမှာလည်း ရှိပါတယ်။ ဝင်ဖြစ်၊ မဝင်ဖြစ်ဆိုတာကလည်း အဆိုပြုလွှာတင်တဲ့သူရှိမှပေါ့။ သူတို့စိတ်ဝင်စားရင် အဲလိုမျိုးတော့ရှိပါတယ်။ အဲတော့ အခုပြောလို့မရသေးဘူးပေါ့။

မေး။ ။ ၂ဝ၁၅ ရွေးကောက်ပွဲတုန်းက ပြည်သူတွေ တင်မြှောက်လိုက်တဲ့ အစိုးရ လက်ထက်မှာ တိုင်းရင်းသားကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေပြောင်းလဲလာတာရှိလဲ။

ဖြေ။ ။ မပြောင်းပါဘူး။ ဘာမှမပြောင်းပါဘူး။ သိပ်ထူးထူးခြားဘာမှ မရှိဘူးလေ။ အခုနောက်ဆုံး NLD ကတင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးတောင်မှ ပုဒ်မ ၂၆၁လိုဟာမျိုး မပါလာဘူးလေ။

( ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသော ပုဒ်မ ၂၆၁သည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝန်ကြီးချုပ်များ ခန့်အပ်တာဝန်ပေးခြင်းဆိုင်ရာ ပြဌာန်းထားသော ပုဒ်မဖြစ်သည်)

မေး။ ။ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ တင်သွင်းခဲ့တဲ့အချက်တွေက တိုင်းရင်းသားတွေအတွက် အားရမှုဖြစ်ခဲ့လား။

ဖြေ။ ။ မရှိပါဘူးဗျ။ ခုနကျွန်တော်ပြောသလို ၂၆၁ မှမပါဘဲ ၂၆၁ ဒီလိုမျိုးဟာတွေတောင်မပါဘူး။ ၂ဝ၁၅ မတိုင်ခင်တုန်းကတော့ ၂၆၁ ကိုပြင်ခဲ့တယ်။ အခုအာဏာရတဲ့အချိန်ကျတော့ အဲတာကို မတွေ့တော့ဘူး။ ဘာကြောင့်ဘယ်လို ပြောင်းလဲသွားလည်းတော့ မသိဘူး။

မေး။ ။ ဆရာတို့ SNLD ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်း ဘယ်လောက်လောက် ထွက်မယ်လို့ မှန်းထားလဲဗျ။

ဖြေ။ ။ အဲဒါကျတော့ ဝင်မယ့်မြို့နယ်ပေါ်မူတည်တယ်။ တချို့ကလည်း တချို့နေရာလည်း တစ်ခြမ်းပဲဝင်နိုင်မယ်ထင်တယ်။ တချို့နေရာတွေလည်း အပြည့်ပေါ့။ အဲလိုမျိုးရှိတယ်။ ကျွန်တော်တို့ အများကြီးမရှိလောက်ဘူးဗျ။ ၁ဝဝ ပတ်ဝန်းကျင်လောက်ပဲ ရှိမယ်ထင်တယ်။ မြို့နယ် ၄ဝလောက်ဆို ၁၂ဝ၊ ၁၃ဝ အဲလောက်ပါပဲ။ ခန့်မှန်းတာပဲဗျ။ အခုက အဆိုပြုလွှာ ဘယ်လွှာ ဘယ်သူမှ မတင်သေးဘူးလေ။ ဘယ်လောက်တက်လာမယ် ကျွန်တော်ပြောလို့ မရသေးဘူး။

မေး။ ။ ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်မှာ SNLD ပါတီနဲ့ အဓိက ယှဉ်ပြိုင်ရမယ့် အတိုက်အခံပါတီတွေက ဘယ်ပါတီတွေ ဖြစ်မလဲ။

ဖြေ။ ။ NLD နဲ့ USDP ပေါ့။

မေး။ ။ SNLD ပါတီက ၂ဝ၂ဝ ရွေးကောက်ပွဲကို ဘယ်လိုရည်မှန်းချက်တွေ ဝင်ပြိုင်မလဲ။

ဖြေ။ ။ မလိမ်ဘဲပြောရမယ်ဆိုရင် အခုထိ SLOGAN တွေ နောက်ပြောရမယ့်ဟာတွေကို ဘာမှမလုပ်ရသေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ပါတီကတော့ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ အဲတာတွေပါပဲ။

မေး။ ။ ၂ဝ၂ဝ ရွေးကောက်ပွဲအပေါ် ဆရာ့အမြင်သုံးသပ်ချက် ဘယ်လိုရှိမလဲ။

ဖြေ။ ။ ၂ဝ၂ဝကတော့ ပြိုင်ဆိုင်မှု ပြင်းထန်မှာပေါ့ဗျာ။ နောက်ပြီးတော့ ခါတိုင်းရွေးကောက်ပွဲနဲ့ မတူတဲ့ပုံစံတွေဖြစ်လာနိုင်တယ်။ အဲဒါဘာလဲဆိုတော့ ကိုဗစ်ကာလမှာ လုပ်ရမယ့် ရွေးကောက်ပွဲဖြစ်တယ်။ လူစုလူဝေးလုပ်တဲ့ကိစ္စတွေမှာ အရင်ကနဲ့ တူချင်မှတူမယ်လေ။ ကွဲပြားနေမှာပေါ့။ နောက်ပြီးတော့ ဒီနှစ်မှာတော့ ဦးဇော်ဌေးစကားနဲ့ပြောရမယ်ဆိုရင် လာမယ့်ကာလမှာ တပ်မတော်မှာလည်း အပြောင်းအလဲရှိနိုင်တယ်။

အစိုးရမှာလည်း အပြောင်းအလဲရှိတယ်ဆိုတဲ့အခါကျတော့ ပြိုင်ဆိုင်မှုတွေ ပြင်းထန်မယ်ပေါ့။ သူနိုင်ကိုယ်နိုင် တော်တော်လေးပြင်းပြင်းထန်ထန် ပြိုင်ရမယ်လို့ ထင်ပါတယ်။ နောက်ထူးတာက ခါတိုင်းမဲမပေးရတဲ့ လူနဲ့ အခုမဲပေးခွင့်ရှိတာ ၅သန်းထက်ပိုလာမယ်။ အဲဒါလည်းထူးခြားတဲ့အချက်ပါပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts