All News Election Local News

NLD နာယက ဦးဝင်းထိန်၏ ၈၈ ကျောင်းသားများနှင့်ပတ်သက်၍ ပြောကြားချက် သမိုင်းအမှန်ကိုမျက်ကွယ်ပြုပြီးလိမ်ညာသလိုဖြစ်သွားလိမ့်မည်ဟု ဦးမြအေး တုံ့ပြန်

NLD နာယက ဦးဝင်းထိန်၏ ၈၈ ကျောင်းသားများနှင့်ပတ်သက်၍ ပြောကြားချက် သမိုင်းအမှန်ကိုမျက်ကွယ်ပြုပြီးလိမ်ညာသလိုဖြစ်သွားလိမ့်မည်ဟု ဦးမြအေး တုံ့ပြန်

ရန်ကုန်၊ ဇွန် ၁၇

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ နာယက ဦးဝင်းထိန်ကို BBC သတင်းဌာနက အမေးအဖြေပြုလုပ်ရာတွင် ဦးဝင်းထိန်ပြောဆိုခဲ့သည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ NLD ပါတီမှတစ်ဆင့် ၂ဝ၁၅ ရွေးကောက်ပွဲဝင်ပြိုင်သည့်ကိစ္စသည် သမိုင်းအမှန်ကို မျက်ကွယ်ပြုပြီး လိမ်ညာသလို ဖြစ်သွားလိမ့်မည်ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြအေးက သူ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တုံ့ပြန်ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ဦးဝင်းထိန်၏ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကာလ ၈၈ မျိုးဆက်ကျောင်းသားများနှင့်ပတ်သက်၍ ပြောကြားချက်နှင့်ပတ်သက်ပြီး ဦးမြအေးသို့ ဆက်သွယ်မေးမြန်းရာ သူ၏ လူမှုကွန်ရက်တွင် တင်ထားသည့် သဘောထားအတိုင်း ရပ်တည်၍ ထပ်မံ မဖြေကြားလိုကြောင်း၊ လူမှုကွန်ရက်တွင် တင်ထားသည်ကို ပြန်လည် အသုံးပြုနိုင်ကြောင်း ပြောဆိုသွားသည်။

ဇွန်လ ၁၅ ရက်နေ့ ထုတ်လွှင့်သော ဘီဘီစီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဦးဝင်းထိန်က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ၂၀၁၅ ခုနှစ်တွင် NLD ပါတီမှ တစ်ဆင့် ရွေးကောက်ပွဲဝင်ရန် လျှောက်လွှာတင်ခဲ့ကြပြီး NLD ဘက်က ငြင်းပယ်မှုများ ရှိခဲ့ကြောင်း ပြောဆိုသွားသည်။

“ ဒေါ်စုကအမျိုးသားရင်ကြားစေ့ရေးကိုမူတည်တဲ့အတွက်ကြောင့်မို့လို့ ကိုကိုကြီးတို့ မင်းကိုနိုင်တို့ အင်အားကိုလည်းသိတယ်။ ပြည်သူလူထုက သူတို့ကို သဘောကျတယ်ဆိုတာလည်းသိတယ်။ ဒါကြောင့်မို့လို့ သူတို့ကို ကျွန်တော်တို့ NLD ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် ၄၊၅ ယောက်လောက်လက်ခံမယ်ဆိုတဲ့အခါမှာ သူတို့က ၂ဝလောက် ဝင်လာကျတယ်။ ရန်ကုန်မြို့နယ် အသီးသီးမှာကော ဧရာဝတီမှာကော အဲလောက်ကြီးတော့ မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ သက်ဆိုင်ရာမြို့နယ်တွေမှာ ကျွန်တော်တို့ ရွေးထားတဲ့သူတွေရှိတယ်။ အဲဒီရွေးထားတဲ့သူတွေဟာ ၈၈တည်းကထောင်ကျခံ သူတို့ကကျောင်းသားတွေပဲ ကျောင်းသားခေါင်းဆောင်သာမဟုတ်တာ နိုင်ငံရေး ဒူပေတာပေ ခံတဲ့ပုဂ္ဂိုလ်တွေ နစ်နာသွားမှာဆိုးလို့ ခင်ဗျားတို့ ဒီလောက်ပဲလက်ခံမယ်။ ဆိုပါတော့ ၃ယောက်ပဲလက်ခံမယ်။ ၄ယောက်ပဲလက်ခံမယ်။ အဲလိုဆိုတဲ့အခါမှာ ကိုကိုကြီးက ကျွန်တော်လုပ်ပါတယ်ဆိုပြီးတော့ လူသိရှင်ကြား စွပ်စွဲဖူးတယ်။ ပြန်မချေပါဘူး။ ပြန်မဖြေပါဘူး။ သို့သော် NLD က အရေးကြီးတဲ့လုပ်ငန်းမှန်သမျှ ဒေါ်အောင်ဆန်းစုကြည် မူဝါဒအတိုင်းပဲဆိုတာ သူတို့ကောင်းကောင်းသဘော မပေါက်ဘူး။ အဲထဲက တစ်ယောက်ကျန်တာက ကိုပြုံးချို ကိုပြုံးပဲ ကိုပြုံးချိုကတော့ ပြောတာဆိုတာရော နေတာထိုင်တာရော ဘယ်သူ့မှ မပုတ်ခတ်တဲ့အတွက်ကြောင့် သူကျန်နေခဲ့တယ်။ ကျန်တဲ့ မီးမီးဆိုသေသွားပြီ ကိုကိုကြီးဆို ပါမလာတော့ဘူး။ အဲတော့ ဒါတွေနဲ့ ပတ်သက်လို့ သူများကကျွန်တော့်ကိုပြောလည်း ကိစ္စမရှိဘူး။ ကျွန်တော်ခံနိုင်ရည်ရှိတယ်။ ဟုတ်တယ်မဟုတ်တယ်။ ငြင်းစရာမလိုဘူး။ ပြီးသွားပြီ ဒါသမိုင်းကြောင်းဖြစ်သွားပြီ ”ဟု ဦးဝင်းထိန်က ပြောဆိုသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမြအေးကမူ ဦးဝင်းထိန်၏ ပြောကြားချက်ကို လျစ်လျူရှုပါက တာဝန်မဲ့ရာရောက်လိမ့်မည်ဖြစ်ကြောင်း၊ သမိုင်းအမှန်ကိုမျက်ကွယ်ပြုပြီးလိမ်ညာသလိုဖြစ်သွားလိမ့်မည်ဟု ဦးမြအေး တုံ့ပြန်ပြောဆိုထားသည်။

“ ခက်တော့ခက်နေပြီ ချစ်စကိုပဲ ရှည်စေချင်ပါတယ်အန်ကယ်ရေ။ ၂၀၁၅ အကြိုကာလ ၈၈ ငြိမ်းပွင့်နဲ့ပတ်သက်ပြီး အန်ကယ့်ရဲ့ဖြေဆိုချက်တွေဘယ်လောက်မှန် မမှန်ဆိုတာ အန်ကယ်အသိဆုံးဖြစ်ပါလိမ့်မယ်။ အခုလို၂၀၂၀ အကြိုကာလမျိုးမှာပိုပြီးသတိပြုရမယ်လို့ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ပုဂ္ဂိုလ်ရေးအရအခုအချိန်မှာအနေသာကြီးပါ။ ဒါပေမယ့် ၈၈နဲ့ပတ်သက်နေတော့ ပြောသမျှငြိမ်ခံပြီးနှုတ်ဆိတ်နေရင် တာဝန်မဲ့ရာရောက်ပါလိမ့်မယ်။ သမိုင်းအမှန်ကိုမျက်ကွယ်ပြုပြီးလိမ်ညာသလိုဖြစ်သွားပါလိမ့်မယ်။ လာပါ လာပါ ခင်ဗျားတို့အတွက်တံခါးဖွင့်ထားပါတယ်တို့ ဘာတို့ဆိုတာတွေကို ဘယ်သူတွေပြောခဲ့တယ်ဆိုတာအန်ကယ်သိပါတယ်။ အဲဒီ့နေ့ကအန်ကယ်ရှိနေတာပဲ။ အခုလိုအချိန်မျိုးမှာ ကျွန်တော်တို့အငြင်းမပွားချင်ပါဘူး။ အခုလိုရေးရတာကလည်း ၈၈ကိုလေးငါးယောက်လောက်ပဲ တောင်းတာ ၈၈က အယောက်နှစ်ဆယ်လောက်တင်တယ်ဆိုတော့၈၈က တင်းကြမ်းဝင်လာသလို မဟုတ်မတရားပြောလို့ရေးရတာပါ” ဟုဦးမြအေးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ဦးမြအေးက ၈၈ ဘက်က လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရန် ခက်နေပါက နောက်ဆုတ်ပေးမည်ဟု NLD ဘက်သို့ ပြောဆိုခဲ့ကြောင်း ပြောဆိုသည်။

“အန်ကယ်ပြောသွားတဲ့အထဲကပုဂ္ဂိုလ်ရေးအရဘယ်သူ့ကိုမှစိတ်မဝင်စားပေမယ့်၂၀၁၅ ကာလ ကစိတ်ခံစားမှုတွေကိုကြိတ်မှိတ်ပြီးမျိုချရင်းရွေးကောက်ပွဲမှာတတ်နိုင်တဲ့အပိုင်းကဝင်ကူခဲ့တဲ့ ၈၈ ကကျွန်တော့်ညီငယ် ညီမငယ်တွေအတွက်ဒီစာကိုရေးရခြင်းလည်းဖြစ်ပါတယ်။အန်ကယ်လည်းသိပြီးသိပ်သေချာတာတခုကိုအများသိအောင်နည်းနည်းပြောပါမယ်။နောက်ဆုံးအချိန်အထိ ၈၈ ကအန်ကယ်တို့ကိုပြောခဲ့ပါတယ်။ကျွန်တော်တို့လူတွေကိုအန်ကယ်တို့ရွေးချယ်ဖို့ခက်နေရင်ကျွန်တော် တို့ကိုလူစာရင်းမထုတ်ပြန်ခင်ကြိုပြောပါ။ကျွန်တော်တို့လူတွေကိုကျွန်တော်တို့နောက်ဆုတ်ပေးပါမယ်ဆိုတဲ့စကားပါဘဲ။အခုတော့ဒီလောက်ပါဘဲ” ဟု ဦးမြအေးက ရှင်းပြသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီကမူ ဦးဝင်းထိန်၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာမှတ်ချက်မပြုလိုဟု ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မေးမြန်းချက်ကို တုံ့ပြန်ပြောဆိုသွားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts