All News Local News

LNG ဖြင့် လျှပ်စစ်ဓာတ်အားစတင်ထုတ်နိုင်ရန် LNG သိုလှောင်ရေး သင်္ဘော ရန်ကုန်သို့ ပထမဆုံးအကြိမ်ရောက်ရှိ

LNG ဖြင့် လျှပ်စစ်ဓာတ်အားစတင်ထုတ်နိုင်ရန် LNG သိုလှောင်ရေး သင်္ဘော ရန်ကုန်သို့ ပထမဆုံးအကြိမ်ရောက်ရှိ


ရန်ကုန်၊ ဇွန် ၈

မြန်မာနိုင်ငံတွင် Liquefied Natural Gas (LNG) ဖြင့် လျှပ်စစ်ဓာတ်အားစတင်ထုတ်လုပ်နိုင်ရန် LNG သိုလှောင်ရေး သင်္ဘော MV-CNTIC VPOWER GLOBAL သည် ရန်ကုန်မြို့သို့ ပထမဆုံးအကြိမ်ဆိုက်ရောက်လာကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ LNG သိုလှောင်ရေး သင်္ဘော MV-CNTIC VPOWER GLOBAL သည် တန်ချိန် ၃၆၀၀၀ ခန့် တင်ဆောင်နိုင်ပြီး ဓာတ်အား ၂၀၀ မဂ္ဂါဝပ်ကို ၁၄ ရက် ကြာ ဓာတ်အားထုတ်လုပ်နိုင်သော LNG ပမာဏသိုလှောင်နိုင်ကြောင်း၊ အဆိုပါ သင်္ဘောသည် မလေးရှားနိုင်ငံမှ ဧပြီလ ၂၈ ရက်နေ့က စတင်ထွက်ခွာခဲ့ပြီး ဇွန်လ ၆ ရက်နေ့တွင် ဆိုက်ကပ်နိုင်ခဲ့ကြောင်း၊ LNG သိုလှောင်ရေး သင်္ဘော ဆိုက်ကပ်လာခြင်းသည် မြန်မာနိုင်ငံအတွက် ပထမဆုံးအတွေ့အကြုံဖြစ်ကာ စီမံကိန်းဆောင်ရွက်နေသည့် ပြည်တွင်း/ ပြည်ပ ပညာရှင်များ၊ Consortium of CNTIC and Vpower ကုမ္ပဏီတို့နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတို့အကြား အသေးစိတ် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခဲ့ရကြောင်း ဖော်ပြထားသည်။

Liquefied Natural Gas (LNG) ဖြင့် ပထမဆုံးအကြိမ် ဓာတ်အားထုတ်လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများမှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ မကြာမီကာလတွင် ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်ကြောင်း၊ LNG to Power သာကေတ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းမှလည်း လျှပ်စစ်ဓာတ်အားများ ထွက်ရှိတော့မည် ဖြစ်ကြောင်း၊ သန်လျင် LNG to Power စီမံကိန်းကိုလည်း သတ်မှတ်ကာလအတွင်း အချိန်မီ ဓာတ်အားထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Liquefied Natural Gas to Power စီမံကိန်းများအပါအဝင် လျှပ်စစ်ဓာတ်အားစုစုပေါင်း ၁၁၆၆ မဂ္ဂါဝပ် ထုတ်ပေးနိုင်မည့် စီမံကိန်းသစ် ၇ ခုကို ရန်ကုန်တိုင်း ဒေသကြီး အလုံ၊ သန်လျင်၊ သာကေတတို့တွင်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊မကွေးနှင့် ကျွန်းချောင်းတို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွှေတောင်နှင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ဒေသတို့တွင်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ စီမံကိန်း (၇) ခု အနက် မကွေး ၆၆ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံ၊ အလုံ ၁၅၁ ဒသမ ၅၄ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံနှင့် ကျွန်းချောင်း ၂၀ ဒသမ ၅၄ မဂ္ဂါဝပ် ဓာတ်အားပေး စက်ရုံတို့မှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ခဲ့ပြီဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts