All News Election interview

(၂၀၂၀ ရွေးကောက်ပွဲက သန့်ရှင်းပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်ဖို့) မလွယ်ဘူး

” လူများစု နိုင်ငံရေး အခွင့်အရေးကို တည်ဆောက်နေတာ။ (၂၀၂၀ ရွေးကောက်ပွဲက သန့်ရှင်းပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့) မလွယ်ဘူး။ စကတည်းက မလွယ်ဘူး။”

KNC ဥက္ကဌ ဒေါက်တာMကောန်လနှင့် ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC က ထုတ်ပြန်ကြေညာလိုက်ပြီးနောက် ကချင်အမျိုးသား ကွန်ဂရက်ပါတီKNC က ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်နှင့် ရက်ပေါင်း ၉၀ အတွင်း နေထိုင်ရောက်ရှိနေသူများ မဲပေးခွင့်ပြုမည့် ကိစ္စ၊ ဝေးလံခေါင်သီသော ဒေသများမှ ဒေသခံများ မဲပေးခွင့်ရရှိရေး ၊ ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်များ COC ကြီးကြပ်မှု ကိစ္စ၊ ကြိုတင်မဲကိစ္စ၊ ဧည့်နိုင်ငံသားများ မဲပေးခွင့် ကိစ္စ ၅ ချက်နှင့်ပတ်သက်ပြီး ဆွေးနွေးလိုကြောင်း အိတ်ဖွင့်ပေးစာ တစ်စောင်ကို ဇွန်လ ၆ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။ KNC ဥက္ကဌ ဒေါက်တာMကောန်လကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကချင်အမျိုးသားကွန်ဂရက်ပါတီကနေပြီးတော့ ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကို အချက် ၅ ချက် အကျေအလည်ဆွေးနွေးဖို့ အိတ်ဖွင့်ပေးစာ ပို့ထားတာတွေ့ရပါတယ်။ အဲဒီမှာ ပါတဲ့ ရက်ပေါင်း ၉၀ အတွင်းနေထိုင်သူများကို သက်ဆိုင်ရာရောက်ရှိဒေသမှာ မဲပေးဖို့ ခွင့်ပြုထားတာနဲ့ပတ်သက်လို့ ဆွေးနွေးချင်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ အဲဒီတော့ အဲဒီအချက်က အတည်ပြုပြီးပြီဆိုတော့ ဘာထပ်ဆွေးနွေးဖို့ လိုမလဲ။

ဖြေ။ ။ အဓိကက ဥပဒေက စပြီး ပြဋ္ဌာန်းကတည်းက မဟုတ်တာပေါ့။ အဲဒါကြောင့်လည်း ကျနော်တို့ KNC ဒါကို ကန့်ကွက်တာ။ မတ်လ ၉ ရက်နေ့က ကျနော်တို့ ဆန္ဒပြပွဲတွေ အကြီးအကျယ် လုပ်တယ်လေ။ အမှန်ကတော့ ရန်ကုန်အထိ စုပေါင်းပြီးတော့မှ ဆန္ဒပြပွဲတွေ လုပ်ဖို့ ။ COVID-19 ဖြစ်သွားတာနဲ့ Cancel ဖြစ်သွားတာ။ အခြေခံဥပဒေအရ အများမဲဆန္ဒနဲ့တော့ အတည်ပြုလိုက်ပြီပေါ့။ တစ်ပါတီရဲ့ မဲဆန္ဒနဲ့ ချလိုက်ပြီပေါ့။ ဒါပေမယ့် ကျနော်တို့ ဒီဘက်က ပြည်နယ်လူမျိုးစုပါတီတွေက ဘယ်သူမှ ဒီဟာကို မကြိုက်ကြဘူး။ ကန့်ကွက်ထားတဲ့အထဲမှာ ပါတယ်။ မဲခွဲဆုံးဖြတ်ချက်အရ အတည်ပြုထားတယ်။

ဒါပေမယ့် ဥပဒေ တစ်ခုက မည်သို့ ပြဋ္ဌာန်းစေမူ ပြဋ္ဌာန်းပြီး ဥပဒေကို ဘယ်လို ကျင့်သုံးမလဲဆိုတာက အရေးပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ အဲဒီပြဿနာက ကြီးတယ်လေ။ ဥပဒေတွေ ကို ကိုင်စွဲကျင့်သုံးတဲ့နေရာမှာ မူမှန် လား မူမမှန်လားဆိုတာမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ တွေ (သို့မဟုတ်) သူနဲ့ သက်ဆိုင်တဲ့ အကောင်အထည်ဖော်တဲ့ အဖွဲ့အစည်းတွေပေါ်မှာ မူတည်တယ်။ ဒါကြောင့်မို့လို့ ဒီဥပဒေက လောလောဆယ် UEC က ကိုင်တွယ်ကျင့်သုံးတော့မှာလေ။

သူတို့ ဘယ်လို ကိုင်တွယ် ကျင့်သုံးမလဲဆိုတာ ကျနော်တို့ နိုင်ငံရေးပါတီတွေ သိရမှာဖြစ်သလို မဲပေးမယ့် နိုင်ငံသားတစ်ဦးချင်းစီရဲ့ အခွင့်အရေးလည်းဖြစ်တယ်။ မသိလို့ရှိရင် အခက်အခဲတွေဖြစ်လာမယ်။ အဲဒီတော့ ဒါကို အသေအချာ အကျေအလည် ဆွေးနွေးဖို့လိုတယ်။ သူတို့ ဒီဟာကို ဘယ်လို အကောင်အထည်ဖော်မလဲ။

အဲဒီတော့ ဥပမာပြောလိုတာက ကျနော်တို့က ဒီဟာကို ကန့်ကွက်ပြီးပြီ။ ဒီဟာက ကြိုတင်မဲစနစ်နဲ့ လုပ်လို့ရရဲ့သားနဲ့ ဒီဟာကို လုပ်တယ်။ ဆိုတော့ ရက်ပေါင်း ၉၀ နေတာက ဘယ်လိုနေလဲ။ ဘယ်တုန်းက ရောက်လဲ။ အခုမှလာသလားဆိုတာက ဘယ်လိုစိစစ်မလဲ ။ အဲဒါက ကြီးမားတဲ့ စိန်ခေါ်ချက် အခက်အခဲပဲ။ ဒါတွေက ရယက လုပ်မှာလား ၊ ထွေ/အုပ်က လုပ်မှာလား ၊ လဝကက လုပ်မှာလား။ UEC ကော်မရှင် ခွဲတွေက လုပ်မှာလား၊ မြို့နယ်ခွဲ ရပ်ကွက်ခွဲတွေက လုပ်မှာလား။ ကျနော်ထင်တယ်။ အဲဒါက တိတိကျကျ မဖြစ်နိုင်ဘူး။ အဲဒီအခါကျရင် ဒီဟာတွေက အရှုပ်အရှင်းတွေဖြစ်လာမှာ ။

၂၀၂၀ ရွေးကောက်ပွဲရဲ့ အဓိက ဒီပြဿနာက အကြီးမားဆုံး ဝင်ဆောင့်လိမ့်မယ်။ ကြို တင်မဲ ပြီးရင် ဒီမဲပဲ။ အဲဒီဟာသိပ်အရေးကြီးတယ်။ သူတို့ ဘယ်လိုအကောင်အထည်ဖော်မလဲ။ ဒီလူတစ်ယောက်က ရက်ပေါင်း ၉၀ နေတယ် မနေဘူးဆိုတာ ဘယ်လို Confirm လုပ်မလဲ။ ဒါကျနော်တို့သိရမယ်။ အဲဒီတော့ ရက်ပေါင်း ၉၀ နေတဲ့သူဆိုရင် နိုဝင်ဘာမှ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ဇူလိုင်လဝက်လောက်ကတည်းက သူတို့ ဒီဟာကို စာရင်းကောက်ရမှာ။ အဲဒီတော့ သြဂုတ်လမှာ အတည်ပြုထားတဲ့သူသာလျှင် နိုဝင်ဘာ ရွေးကောက်ပွဲကို ဝင်ပြီး မဲပေးလို့ရမယ်။ အဲဒီတော့ သူတို့ ဒါကို မလုပ်ဘဲနဲ့ ကျနော်တို့ ဘယ်လို ယုံကြည်မှု တည်ဆောက်မလဲ။

အဲဒါ က သိပ်အရေးကြီးတယ်။

မေး။ ။ အရင်က ရက်ပေါင်း ၁၈၀ အချိန်အားဖြင့် (၆) လလောက် ရောက်ရှိတဲ့ အရပ်မှာမှ မဲပေးခွင့်ပြုတယ်ပေါ့။ အခုက ရက်ပေါင်း ၉၀ ရောက်ရှိတဲ့နေရာမှာ နေပြီးတဲ့သူဆိုရင် မဲပေးလို့ရတယ်ဆိုတဲ့ ပြင်ဆင်ချက်က ဘာကို ရည်ရွယ်တယ်ထင်ပါသလဲ။

ဖြေ။ ။ ဒီဟာက လူများစု နိုင်ငံရေး အခွင့်အရေးကို တည်ဆောက်နေတာဗျ။ နိုင်ငံရေးစကားပြောတာပေါ့။ လူများစု နိုင်ငံရေးအခွင့်အရေး ဆိုတာက ရွှေ့ပြောင်း အလုပ်သမားအများစုဆိုတာက ဘယ်သူတွေ လုပ်နေလဲဆိုတာက ရှင်းရှင်းလေးပဲလေ။ ပြည်နယ်တွေမှာ ဝင်/ထွက်နေတဲ့ လူတွေပေါ့။ ဥပမာ- ကျနော်တို့ ကချင်ပြည်နယ်မှာ တစ်ရှုးငှက်ပျော်နဲ့ လာတယ်ဗျာ။ ကျောက်မျက်နဲ့ လာတယ်ဗျာ။ နောက်ပြီး ပယင်းနဲ့ လာတယ်ဗျာ။ ရွှေနဲ့ လာတယ်။ လမ်းစီမံကိန်းတွေနဲ့လာတယ်။ စုစုပေါင်း ၅ ခုရှိတယ်။ အဲဒီ ၅ ခုနဲ့ လာတဲ့ ရွှေ့ပြောင်းလုပ်သား ဦးရေက သိန်းချီနေတာ။ ကချင်လူဦးရေမှာက ၂၀၁၄ သန်းခေါင် စာရင်း အရ ကျနော်တို့ တကယ်တမ်းတွက်ကြည့်ရင် ၆ သိန်း၊ ၇ သိန်းပဲရှိတာ။ အဲဒီ ဟာနဲ့ ဆတူရှိနေတယ်။ အဲဒီတော့ ကချင်လူမျိုးစုတွေရဲ့ နိုင်ငံရေးအခွင့်အလမ်း အကောင် အထည် ဖော်ဖို့ သိပ်ခဲယာဉ်းတယ်လေ။ အဲဒီကတည်းက မူမမှန်တာ။ အဲဒီတော့ အဲဒီလူအုပ်ကြီးကို ဘယ်လို ထိန်းမလဲ။ ဒါ ကျနော်တို့သိချင်တာ။

နောက် ၁၈ နှစ်ပြည့်တဲ့ဟာကို တွက်ရမှာလေ။ အဲဒီတော့ ဥပဒေပြဋ္ဌာန်းလိုက်ပြီပေါ့။ အဲဒါတွေကို ဘယ်လိုလုပ်မယ်။ ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတာ အတိအကျမပါဘူး။ အဲဒါကို အကောင်အထည်အဖော်မှာက အကောင်အထည်ဖော်လို့ရတဲ့ အဖွဲ့အစည်းက လုပ်မှာပေါ့။ အဲဒီတော့ UEC နဲ့ လဝကရယ် ၊ ထွေ/အုပ်ရယ်၊ ရပ်/ ကျေးတွေပေါ့။ အဲဒီတော့ သူတို့ရဲ့ Plan တွေကို ကျနော်တို့ မပြောဘဲနဲ့ သူတို့ လုပ်ချင်တာ လုပ်မယ်ဆိုရင် ကျနော်တို့ ဘယ်လိုလုပ်လက်မခံမလဲ။ အဓိက အချက်က အဲဒီဟာပဲ။

မေး။ ။ နံပါတ် ၂ အချက်အနေနဲ့ ဆရာတို့ တောင်းဆိုထားတာက ဝေလံခေါင်ဖျားတဲ့ ဒေသက မဲရုံကိစ္စ နဲ့ပတ်သက်ပြီး မဲရုံတွေ တိုးချဲ့ဖို့ မဲပေးဖို့ရဖို့ လူဦးရေ သတ်မှတ်တဲ့ကိစ္စတွေကိုလည်း ဆွေးနွေးချင်တယ်လို့ ဖော်ပြထားတယ်။ အဲဒီဟာက ဘာကို အဓိက တောင်းဆို ဆွေးနွေးချင်တာလဲ။

ဖြေ။ ။ နောက်တစ်ခုက မဲရုံကိစ္စ။ COC Code of Conduct မှာ ကျနော်တို့ KNC ကိုယ်တိုင်လည်း ဝင်ရေးထားတာ။ အဲဒီမှာဆိုရင် ကျနော်မေးတယ်။ UEC ဒုညွှန်ချုပ်ကို ခင်ဗျားတို့ ပြည်နယ်တွေမှာ တောင်ပေါ် နေ လူတွေက အကုန်ပြန့်ကျဲနေတာ။ တောင်ပေါ်ကိစ္စကို ဘယ်လိုလုပ်မလဲ မေးတယ်။ မေးတော့ သူက ပြန်ဖြေတယ်။ သူတို့ရဲ့ သတ်မှတ်ချက်က လူဦးရေ ၃၀၀ နဲ့ ၃၀၀၀ ကြားသတ်မှတ်ထားတယ်လို့ ပြောတယ်။ မဲရုံတစ်ရုံအတွက်က လူဦးရေ အနည်းဆုံး ၃၀၀ ရှိရမယ်ပေါ့။ ၃၀၀ ဆိုတာက တောင်ပေါ် တွေ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် အကုန်အတူတူပဲ။ လူဦးရေ ၃၀၀ ဆိုတာ ရွာတစ်ရွာမှာ လူဦးရေ ၄၀ ၊ ၅၀ လောက်နဲ့ ရွာတွေအများကြီးပဲ။ အဲဒီလူတွေက တကယ့် ကျနော်တို့ နိုင်ငံသား အရင်းအမြစ်တွေ။ နောက်တစ်ခါ တကယ့် လူမျိုးစု အရင်းအမြစ်တွေ။ အဲဒီလူမျိုးစု အရင်းအမြစ်တွေက လူမျိုးစု ပါတီတွေကိုပဲ ထည့်မှာ။ ထည့်မယ်ဆိုတော့ ကျနော်တို့ လူမျိုးစုပါတီက တစ်ပိုင်းရှုံးနေတယ်။ အဲဒါကို အလုပ်မဟုတ်ဘူး။ ဒီလူတွေ လွယ်လွယ်ကူကူ လာနိုင်ဖို့ မဲပေးဖို့ လုပ်ပေးရမယ်။ လူဦးရေ ကန့်သတ်ချက်နဲ့ လူဦးရေများတဲ့ တိုင်းဒေသကြီးတွေနဲ့သွားပြီး ဇယားတိုက်လို့မရဘူး။ အခုဟာက ဇယားတိုက်ထားတာ။ တောင်ပေါ် ရွာတွေမှာ လူ ၃၀၀ ဆိုတာ ဘယ်လိုမှ မပြည့်နိုင်ဘူး။ အဲဒီတော့ လူ ၂၀ ၊ ၃၀ အုပ်စုတွေက မြစ်တွေ ချောင်းတွေ ဖြတ်ပြီး လာမဲမထည့်ဘူး။ ဒါသေချာနေတယ်။ အဲဒီမှာတင် ကျနော်တို့က သွားပြီလေ။ နဂိုက လူဦးရေက နည်းရတဲ့အထဲ မဲပေးမယ့် လူဦးရေကိုပါ သွယ်ဝိုက်သော နည်းလမ်းနဲ့ ဒီဟာကို ကန့်သတ်ထားတာဖြစ်တယ်။ အဲဒီဟာကို လုပ်ပိုင်ခွင့်က ပြည်နယ်တွေမှာ လုပ်ပိုင်ခွင့်ရှိတယ်။ ခြွင်းချက်တွေနဲ့ အဲဒါက UEC ဒုညွှန်ချုပ်က ပြောလိုက်ပြီးသား။ ဒါက ခင်ဗျားတို့ ပြည်နယ်UEC နဲ့ တိုင်ပင်လိုက်။ တိုင်ပင်လိုက်ရင် သူတို့ တင်ပေးလိမ့်မယ်ဆိုပြီး ပြောတယ်။ အဲဒါက သိပ်ပြီး အရေးပါတယ်။ သူတို့ စီမံခန့်ခွဲမှုက ဘာလုပ်လဲဆိုတာ အရေးပါတယ်။

မေး။ ။ KNC ကချင်အမျိုးသား ကွန်ဂရက်ပါတီက တောင်းဆိုထားတာ ဆွေးနွေးဖို့ ၅ ချက်လုံးကို သူတို့ဘက်က သဘောတူပါ့မလား။ တချို့ဟာတွေက ဥပဒေ တွေလည်း ပြဋ္ဌာန်းပြီးပြီဆိုတော့လေ။

ဖြေ ။ ။ ဥပဒေပြင်ဖို့ ပြောနေတာမဟုတ်ဘူး။ ပြဋ္ဌာန်းထားပြီးသား ဥပဒေမှာ ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့ဟာကို ချည်းကပ်တာကိုလေ။ Flexible ဖြစ်ဖို့ ကွေးနိုင် ဆန့်နိုင်သော ဘောင်အတွင်းမှာ ခွင့်ပြုနိုင်သော အခွင့်အာဏာရှိသူနဲ့ ကျနော်တို့ ဆွေးနွေးတာ။ ဒါက ကျနော်တို့ လုပ်ရမယ့် အလုပ်ပဲလေ။ သူတို့ မလုပ်ပေးရင် သူတို့အပိုင်းပေါ့။ သူတို့ မလုပ်ပေးရင် မလုပ်ပေးတဲ့အတိုင်း ကျနော်တို့ က ကြေညာမယ်။ ဒီကိစ္စက နိုင်ငံရေးကိစ္စဖြစ်လို့ အရေးကြီးတယ်။ ကိုယ့်လူမျိုးတွေကို အသိပေးရမှာ ကျနော်တို့ တာဝန်ဖြစ်တယ်။ ဒီဟာက ကျနော်တို့ အလျှော့မပေးဘူး။ ဒီလိုပဲ အခြား လူမျိုးစု ပါတီတွေလည်းပဲ မြင်သင့်တယ်ပေါ့။ ကျနော်ကိုယ်တိုင်လည်း ဒီထဲမှာ ကျင်လည်နေရတော့ ချက်ချင်း ဒါကို အကောင်အထည်ဖော်တာပါ။

မေး။ ။ ဧည့်နိုင်ငံသား မဲပေးခွင့် ကိစ္စလည်း ဆွေးနွေးဖို့ တင်ပြထားတော့ ဒါက အရင်ကတည်းက ရှိနေခဲ့တာမလား။ အခုမှ ခွင့်ပြုတာလား၊ အရင်ဥပဒေ ပြဋ္ဌာန်းချက်မှာ ပါပြီးသားမလား။

ဖြေ။ ။ အဲဒါက အရင်ကတည်းက USDP လက်ထက်ကတည်းက။ ဒါကြောင့်မို့လို့ သူတို့နဲ့ တွေ့တုန်းက ပြောတယ်။ ခင်ဗျားတို့ ဥပဒေ ပြင်ပါလို့ ကျနော်တို့က ပြောတယ်။ အဲဒီတော့ NLD လွှတ်တော်ကို မေးခွန်းထုတ်ချင်တယ်။ ဒီလောက် အရေးကြီးတဲ့ ကိစ္စ ဘာလို့ မပြင်လဲ။ မမြင်တာလား မသိတာလား၊ သိရဲ့သားနဲ့ ကျော်သွားတာလား။ ကျနော်မသိဘူး။ သူတို့ မပြင်တဲ့အခါကျတော့ အခု ၂၀၂၀ မှာလည်း ပြဿနာလာတက်တယ်။ လာဆောင့်တယ်။ ဆောင့်တဲ့အခါကျတော့ အဓိကက ဒီဟာက အရမ်းကျယ်ပြန့်တယ်။ ကချင်၊ ချင်း၊ ရှမ်းရယ် Migrants တွေ တရုတ်နဲ့ အိန္ဒိယက ဝင်တာတွေ အများကြီးနော်။ ဒါကျနော် လူမျိုးစုထဲမှာလည်း တကယ့် နာမည်တွေ ခံပြီး မှတ်ပုံတင်တွေ ရအောင် လုပ်နေကြတယ်။ မှတ်ပုံတင်မရဘဲ ရွာတွေထဲမှာ ခပ်တည်တည်နဲ့ ဝင်နေတာတွေလည်း အများကြီးရှိတယ်။ အဲဒီလူတွေ အားလုံးက ဧည့်နိုင်ငံသား။ အဲဒီကောင်တွေကို မဲပေးခွင့်ပေးနေတာ။ အဲဒီတော့ ထုံးစံအတိုင်း ဆိုတာက ထုံးစံကို မရှိတာ။ ကိုယ့်နိုင်ငံသား ဖြစ်ခွင့်ရမှ မဲပေးရမှာ။ မဲပေးတယ်ဆိုတာ အချုပ်အခြာအာဏာကို တည်ဆောက်နေတာ။ ဒီမိုကရေစီစနစ်မှာ။ အချုပ်အခြာအာဏာကို ဘုမသိ ဘမသိကောင်တွေကို ပေးခိုင်းကတည်းက ဒါမှားနေတာ။ ရှင်းရှင်းလေးပဲ။ အဲဒါက ဥပဒေကို ပြင်ဖို့ ပြောနေတာ။ ဒီဧည့် နိုင်ငံသား ဆိုတဲ့ဟာကို လျှာရှည်ပြီး ဘာဆက်လုပ်မလဲ။ ခပ်ရိုင်းရိုင်းပြောတာပါ။ ကျနော်တောင်းဆိုချင်တာက ဦးနှောက်လေးတွေ နည်းနည်းသုံးစေချင်ပါတယ်။ အသိအမြင်ပေါ့။ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဘယ်လိုတည်ဆောက်မလဲဆိုတာကို။ ကျနော် UEC ကိုလည်း ပြောခဲ့တယ်။ ဒါကို ဥပဒေအတိုင်းဆိုပြီး လျှောက်လုပ်လို့ရတယ်။ နယ်ဆင်းလိုက်တာနဲ့ ဘယ်ကောင်တွေက အခုမှ ပေါက်ချလာတဲ့ကောင်တွေလဲဆိုတာ အကုန်သိတယ်။ ဒါက ဒေသခံတွေ သိတယ်။ သိသိနဲ့ လဝက လုပ်ဦးမှာလား။ လဝကရယ် ပြည်ထဲရဲရေးရယ် ၊ UEC ရယ် ၃ ပွင့်ဆိုင် သူတို့ ဘာလုပ်မလဲ ။ ပြောရတော့မယ်။ ဥပဒေထိန်းသိမ်းသူကိုယ်တိုင် ဥပဒေကို ချိုးဖောက်သကဲ့သို့ ဖြစ်သွားနိုင်တဲ့ ကိစ္စတွေဖြစ်တယ်။ ကျနော်တို့က ဦးနှောက်လေး သုံးစေချင်တယ်။

မေး။ ။ KNC က တင်ပြထားတဲ့ ၅ ချက်ကို ကျေကျေလည်လည် မဆွေးနွေးဘဲနဲ့ ရွေးကောက်ပွဲ ကျင်းပခဲ့မယ်ဆိုရင်ကော ဆရာတို့ စိုးရိမ်ချက်ဖြစ်တဲ့ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လွယ်ပါ့မလား ။

ဖြေ။ ။ ၂၀၂၀ ရွေးကောက်ပွဲက သန့်ရှင်းပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မလွယ်ဘူး။ စကတည်းက မလွယ်ဘူး။ ရတဲ့အပေါက်က ပြောနေရတာ။ ကျနော်တို့က တမင်တကာ ပုတ်ခတ်နေတာမဟုတ်ဘူး။ တိုင်းပြည်အကျိုးရှိတဲ့ကိစ္စကို ပြောတာ။ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်နယ်အကျိုးစီးပွားတစ်ခုတည်းမဟတ်ုဘူး။ လုပ်ပိုင်ခွင့်ရှိတဲ့သူနဲ့ တိုက်ရိုက် အောက်ခြေမှာ ပြုပြင်ပြောင်းလဲအောင် တောင်းဆိုတာဖြစ်တယ်။ တကယ်တမ်းဆိုရင် ဒီဟာက နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် လုပ်ကို လုပ်ရမယ့် ကိစ္စ။ ရှင်းရှင်းလင်းလင်း ကြေညာရမှာ။ ဒါပေမယ့် သူက နောက်မှ သူ ကြေညာမလား။ ဒါက ခြွင်းချက်ပေါ့။ အခြားဟာတွေ ရှုပ်နေလို့ ကျန်နေတာလားပေါ့။ ဒါပေမယ့် ဒီအချိန်မှာက နိုင်ငံရးပါတီတွေနဲ့ တွေ့ဆုံ ဆွေးနွေးသင့်နေပြီ။ ဒီအချက်တွေက။ ဒါအရေးကြီးတဲ့ အချက်ပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts