All News Local News

ဦးဇော်ဌေး တာဝန်ယူခဲ့သော နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ရာထူးတွင် ဦးကျော်လွင်ကို ခန့်အပ်

ဦးဇော်ဌေး တာဝန်ယူခဲ့သော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ရာထူးတွင် ဦးကျော်လွင်ကို ခန့်အပ်


(Edited Version-မူလ ဖော်ပြခဲ့သောသတင်းတွင် အချက်အလက် လိုအပ်ချက်များရှိပြီး အဓိပ္ပာယ်ကောက်လွဲနိုင်ပါသဖြင့် ပြန်လည် ပြင်ဆင်တည်းဖြတ်ဖော်ပြပြီး မူလ ဖော်ပြခဲ့သော အချက်အလက်တချို့ကို ပြန်လည်ပြင်ဆင်အပ်ပါကြောင်း)

ရန်ကုန်၊ ဇွန် ၂၄

ဦးဇော်ဌေး တာဝန်ယူခဲ့သော နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ရာထူးနေရာတွင် ဇွန်လ ၂၄ ရက်နေ့ ထုတ်ပြန်သော မြန်မာနိုင်ငံပြန်တမ်းအရ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်လွင်ကို ယင်းရုံး၏ ညွှန်ကြား ရေးမှူးချုပ် အဖြစ် အစမ်းခန့်ထားလိုက်ကြောင်း ဖော်ပြထားသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနတွင် အသစ်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဦးစီးဌာန၏ ညွှန်ကြားရေး မှူးချုပ်အဖြစ် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးအား ပြောင်းရွှေ့ခန့်ထားပြီး၊ မူဝါဒရေးရာဦးစီးဌာနညွှန် ကြားရေးမှူးချုပ်အဖြစ် နိုင်ငံတော်သမ္မတရုံးမှ ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဝင်းကျော်အောင်ကို ရာထူးတိုးပြောင်းရွှေ့ခန့်ထားခဲ့ကြောင်း တရားဝင်အမိန့်ပြန်တမ်းထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဦးဇော်ဌေးသည် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

NLD အစိုးရ အာဏာရရှိသည့်အချိန်မှစ၍ ဦးဇော်ဌေးသည် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူး ချုပ်နှင့် သမ္မတရုံးဝန်ကြီးဌာနတို့ တွင် တာဝန်ယူခဲ့ပြီး အစိုးရ ပြောရေးဆိုခွင့်ရှိသူအဖြစ် သတင်းစာရှင်းလင်းပွဲများ တောက်လျှောက်တာဝန်ယူနေသူလည်းဖြစ်သည်။

ဦးဇော်ဌေးသည် လွန်ခဲ့သော ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတအပါအဝင် အတိုင်ပင်ခံ၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများ နေပြည်တော်တွင် မြေကွက်များ ရယူသည့်ကိစ္စ ကို အကျယ်တဝင့်ရှင်းလင်း ဖြေကြားခဲ့သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်ထောင်စုအစိုးရအဖွဲရုံး ဝန်ကြီးဌာနနှင့် အစိုးရ ဝန်ကြီးဌာန တာဝန်ရှိသူများထံ ဆက်သွယ်၍ ဦးဇော်ဌေး တာဝန်ယူခဲ့သော ညွှန်ကြားရေးမှူးချုပ်ရာထူးနေရာတွင် ဦးကျော်လွင်ကို ခန့်အပ်မှုနှင့်ပတ်သက်၍ မေးမြန်းရန် ကြိုးစားသော်လည်း မည်သူကမှ တာဝန်ခံဖြေဆိုခြင်းမပြုပေ။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလွင်ကမူ ဦးဇော်ဌေး တာဝန်ယူခဲ့သော ညွှန်ချုပ်ရာထူးနေရာတွင် ဦးကျော်လွင်ကို ခန့်အပ်မှုနှင့်ပတ်သက်၍ “မသိဘူးခင်ဗျ။ ကျွန်တော်တို့ အဲဒါကိုမကြားမိသေးဘူး။ ကျွန်တော်ကနယ်မှာရောက်နေတော့လေ သတင်းသိပ်မသိဘူး” ဟု ဖြေဆိုသည်။

NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးအောင်ကြည်ညွန့်ကမူ “ခင်ဗျားတို့ ပြန်တမ်း ကြည့်ပါဦး၊ ပြန်တမ်းထဲမှာ တရားဝင်ထွက်လာတာ မတွေ့သေးဘူးဗျ။ ကျွန်တော် လမ်းမှာ အခုမှ သတင်းတစ်ခုတက်လာလို့ ကျွန်တော်လိုက်ရှာနေတာ။ မြန်မာနိုင်ငံ ပြန်တမ်းထဲမှာ ရှာကြည့်နေတာ FACEBOOKက မြန်မာနိုင်ငံ ပြန်တမ်းထဲမှာတော့ မတက်လာသေးဘူး။ ကျွန်တော်မသိဘူးဗျ။ ကျွန်တော်တို့ ဘာမှသိပ် ဆက်စပ်မှု မရှိဘူး။ ကျွန်တော်လည်း အခုမှတွေ့လို့ရှာကြည့်နေတုန်းပဲ” ဟု ပြောဆိုသည်။

အစိုးရခေါင်းဆောင်များ၏ မြေကွက် ရယူမည့် သတင်းနှင့်ပတ်သက်၍ ဦးဇော်ဌေး ရှင်းလင်းပြီးနောက် NLD အစိုးရနှင့် ခေါင်းဆောင်များကို ယခင် စစ်အာဏာရှင်များနှင့် ထူးမခြားနားဆိုသော အမြင်များနှင့် ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျက်ရှိသည်။

(မူလသတင်းကို ပြန်လည် ပြင်ဆင်တည်းဖြတ်ဖော်ပြခြင်းဖြစ်ပြီး အချက်အလက် လိုအပ်ချက်များကို ပြန်လည် ဖြည့်စွက်ဖော်ပြပါသည်။မူလ သတင်းတွင် အချက်အလက်လိုအပ်ချက်များအတွက် တောင်းပန်အပ်ပါကြောင်း သိစေအပ်ပါသည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts