All News Local News

အိမ်ထောင်စု ၅သန်း ၄သိန်းကျော်ကို နှစ်ပတ်အတွင်း တစ်စုလျှင် ၂သောင်းနှုန်းဖြင့် ဒုတိယအကြိမ် ထောက်ပံ့မည်

အိမ်ထောင်စု ၅သန်း ၄သိန်းကျော်ကို နှစ်ပတ်အတွင်း တစ်စုလျှင် ၂သောင်းနှုန်းဖြင့် ဒုတိယအကြိမ် ထောက်ပံ့မည်

ရန်ကုန်၊ ဇွန် ၁၉

ကိုဗစ်ကာလ မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများ စားဝတ်နေရေးအတွက် အစိုးရက အိမ်ထောင်စု ၅သန်း ၄သိန်းကျော်ကို နှစ်ပတ်အတွင်း အစိုးရ ခွင့်ပြုချက်ရယူကာ တစ်အိမ်ထောင်စုလျှင် ငွေကျပ် ၂သောင်းနှုန်းထောက် ပံ့သွားမည်ဖြစ်ကြောင်း သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောဆိုသည်။

“ ကျွန်တော်တို့ကတော့ အမြန်ဆုံးလုပ်ခိုင်းထားတယ်။ အမြန်ဆုံးလုပ်ခိုင်းဖို့အတွက် သူတို့က ဘာကြာနေလဲဆိုတော့ စီးပွားရေးကော်မတီတင်ရမယ်။ ပြီးရင်ပြည်ထောင်စုအစိုးရအဖွဲ့ Cabinet ခွင့်ပြုချက် လိုတယ်ပေါ့နော်။ အဲဒါသူတို့အမြန်ဆုံးတင်ဖို့လုပ်နေတယ်။ ဒါတင်ပြီးသွားရင်တော့ သူတို့ မြန်မြန်ဆန်ဆန် ထုတ်ပေးဖို့ဖြစ်လာမှာပေါ့။ အဲတော့ တစ်ပတ်နှစ်ပတ်အတွင်းတော့ ပြီးပြတ်လိမ့်မယ်ပေါ့။ ဒီတစ်ပတ် နှစ်ပတ်အတွင်းမှာ ဒီအကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့တဲ့ အိမ်ထောင်စုပေါင်း ၁ ဒသမ ၄သန်း တစ်သောင်းခွဲပေးတာရယ်။ အားလုံးပေါင်း ၅သန်း ၄သိန်းကျော်ကို ကျွန်တော်တို့ ၂သောင်းစီ ထပ်ပေးတာရယ်။ အဲဒါကတော့ အမြန်ဆုံးလုပ်ခိုင်းထားပါတယ် ” ဟု ၎င်းကပြောဆိုသည်။

ယင်းသို့ ငွေကျပ် နှစ်သောင်းခွဲပေးဆောင်ရာတွင် နေပြည်တော်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ၃မြို့ကို pilot project အစီအစဉ်ဖြင့် ပေးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ဘယ်ဧရိယာမှာ ဘယ် Mobile Payment ကအဆင်ပြေမလဲပေါ့။ ဒါတွေလည်း ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးတာတွေလုပ်တယ်။ လုပ်တဲ့အချိန်မှာ အဲတော့ ကျွန်တော်တို့ တစ်နိုင်ငံလုံးကို ပေးတာထပ်စာရင် pilot အနေနဲ့ သုံးမြို့နယ် ရွေးထားပါတယ်။ အဲဒီ သုံးမြို့နယ်ကတော့ နေပြည်တော်မှာရှိတဲ့ ပုဗ္ပသီရိ မြို့နယ်ဖြစ်ပါတယ်။ နံပါတ် ၂ကတော့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာဖြစ်ပါတယ်။ နံပါတ် ၃ကတော့ ရှမ်းပြည်နယ် ကလောမြို့နယ်ဖြစ်ပါတယ်။ ဒီပုဗ္ပသီရိရယ်၊ မိတ္ထီလာရယ်၊ ကလောရယ်။ ဒီသုံးမြို့နယ်ကိုတော့ ကျွန်တော်တို့ Mobile Payment နဲ့စပြီးတော့ Pilot အနေနဲ့ ပေးမယ်ဆိုပြီး ၂သောင်း ပေးတဲ့ဟာကို လုပ်မှာဖြစ်ပါတယ်။ ကျန်တဲ့ဒေသတွေကိုတော့ ကျွန်တော်တို့က Cash ပေါ့နော်။ ပိုက်ဆံကိုပဲ Mobile Payment နဲ့ ဒီတိုင်း အုပ်ချုပ်ရေး ယန္တရားကတစ်ဆင့် ဖြန့်ဝေတဲ့နည်းနဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဦးဇော်ဌေးကပြောဆိုသည်။

ထိုသို့ပေးဆောင်မှုများ ပြုလုပ်ရာတွင် ပထမအကြိမ် အခြေခံ စားသောက်ကုန်များ ထောက်ပံ့ခဲ့စဉ်က မရရှိခဲ့သော အိမ်ထောင်စု ၁ ဒသမ ၄သိန်းအတွက်လည်း ငွေကျပ် တစ်သောင်း အစားထိုးထောက်ပံ့သွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးကပြောဆိုသည်။

“ ကျွန်တော်တို့ စာရင်းကောက်တယ်။ စားရင်းကောက်တော့ကျတော့ ကျန်ရစ်ခဲ့တဲ့ အိမ်ထောင်စုပေါင်း စုစုပေါင်း ၁ ဒသမ ၄ သန်း ထွက်လာပါတယ်။ ဒီ ၁ ဒသမ ၄သန်းကို ကျွန်တော်တို့ အိမ်ထောင်စုတစ်စုကို မြန်မာကျပ်ငွေ တစ်သောင်းခွဲ အဲတာကို Cash အနေနဲ့ပဲ ကျွန်တော်တို့ ပေးခိုင်းထားပြီးဖြစ်ပါတယ်။ ဆိုလိုတာက ပထမအကြိမ်မှာတော့ ကျွန်တော်တို့က စားနပ်ရိက္ခာတွေ ဝယ်ယူပြီးတော့ ဖြန့်ဝေတဲ့အခါမှာလည်း အောက်ခြေမှာ အမျိုးမျိုးဝေဖန်ပြောဆိုမှုတွေရှိတယ်ပေါ့။ တချို့လည်း ငါးမျိုးမှာ အကြောင်းအမျိုးမျိုးကြောင့် လျော့နည်းတာတွေ ကိစ္စတွေရှိတယ်ဆိုတဲ့ ပြဿနာတွေလည်း ကျွန်တော်တို့တွေ့ရတယ်။ တချို့လည်း ဒီစားနပ်ရိက္ခာတွေကို စုပုံပြီးတော့ ဖြန့်ဝေတဲ့အချိန်မှာ logistics ပိုင်းဆိုင်ရာ အခက်အခဲတွေရှိတယ်ဆိုတာ အဲတော့ကျတော့ ကာယကံရှင် မိသားစုတွေလက်ထဲကို ငွေပေးတာက ပိုပြီးထိရောက်မလားဆိုတဲ့ စဉ်းစားချက်နဲ့ လူကြီးတွေက ကျန်ရစ်ခဲ့တဲ့ အိမ်ထောင်စုတွေကို တစ်သောင်းခွဲ ပေးဖို့ ဆောင်ရွက်ခိုင်းထားပြီးဖြစ်ပါတယ်” ဟု ၎င်းကပြောဆိုသည်။

နိုင်ငံတော်အစိုးရသည် ပထမအကြိမ် အခြေခံလူတန်းစားများကို အခြေခံ စားသောက်ကုန် ၅မျိုးထောက်ပံ့ရာတွင် ငွေကျပ်ဘီလီယံ ၅ဝကျော် သုံးစွဲခဲ့ကြောင်း အစိုးရက တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts