Local News Peace political news

ပုဏ္ဏားကျွန်းတွင် အရာရှိဓားထိုးခံရခြင်း၊ စစ်သည် ၁ ဦး ဖမ်းဆီးခံရပြီးနောက် တပ်မတော်က ပစ်ခတ်မှုများလုပ်ဆောင် ၊ လူ ၁ ဦးထက်မနည်းသေဆုံး

ပုဏ္ဏားကျွန်းတွင် အရာရှိဓားထိုးခံရခြင်း၊ စစ်သည် ၁ ဦး ဖမ်းဆီးခံရပြီးနောက် တပ်မတော်က ပစ်ခတ်မှုများလုပ်ဆောင် ၊ လူ ၁ ဦးထက်မနည်းသေဆုံး


ရန်ကုန်၊ ဇွန် ၁၁

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ပေါ် ဈေးအနီးတွင် ယနေ့ နံနက်ပိုင်း ၈ နာရီ တပ်မတော်အရာရှိတစ်ဦး ဓားထိုးခံရခြင်း၊ စစ်သည်တစ်ဦး ဖမ်းဆီးခံရမှုများ ဖြစ်ပွားပြီးနောက်ပိုင်းတွင် တပ်မတော်တပ်ရင်း ၅၅၀ က ပစ်ခတ်မှုများလုပ်ဆောင်ခဲ့သဖြင့် လူ ၁ ဦးထက်မနည်း သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် များနှင့် ဒေသခံများက ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းက တပ်မတော်အရာရှိ တစ်ဦး ဓားထိုးခံရပြီး တစ်ဦးကို လူတစ်စုကခေါ်ဆောင်သွားပြီးနောက်ပိုင်း တပ်မတော်က ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုတွင်ပုဏ္ဏားကျွန်းဒေသခံ ၁ ဦး သေဆုံးကြောင်း အတည်ပြုနိုင်ပြီး ၃ ဦးမှာမူ ပစ်ခတ်ခံရပြီးနောက် လဲကျနေကြောင်း စုံစမ်းသိရှိရသည်။

“သေနတ်နဲ့ ပစ်လို့ သေဆုံးသူကို အတည်ပြုလို့ ရတာကတော့ကားလမ်းမကြီးနဲ့ ရွှေတောင်တန်းလမ်းထိပ်၊ ၅၅၀ တပ်ရှေ့ကတစ်ယောက်ရယ်။ သူကတော့ မနက်ပိုင်းကဆိုင်ကယ်နဲ့ လာတဲ့အချိန်မှာ အပစ်ခံရတာ။ တစ်ယောက်မှ အလောင်းမယူရဲကြဘူး။ အတည်မပြုနိုင်သေးတာက သုံးယောက်က သေလား၊ ရှင်လားမသိဘူး” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူသည် ဦးညီညီ၊ အသက် ၄၈ နှစ်၊ ပုဏ္ဏားကျွန်းမြို့ မြို့သစ်ရပ်ကွက်မှ ဖြစ်ပြီး ရင်ဘတ်တွင် သေနတ်ဒဏ်ရာ တစ်ချက်နှင့် ပေါင်တွင် သေနတ် တစ်ချက်ကျည်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကာ အလောင်းကို ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်လတ်၏ အဆိုအရ သိရှိရသည်။

ပုဏ္ဏားကျွန်းမြို့ အေးစေတီအနီးတွင်နေထိုင်သူ အမျိုးသမီးတဦးက “တပ်က အရာရှိတယောက်ဈေးနားမှာဓားထိုးခံရတယ်။ တစ်ယောက်ကိုတော့ဖမ်းသွားတယ်။ အဲ့ဒီနောက်ပိုင်းမှာတပ်ကမြို့တွင်းပစ်ခတ်မှုတွေလုပ်နေတယ်။ ပစ်ခတ်မှုကတော့ မနက်ပိုင်း ၈ နာရီကနေ စပြီးတော့ နေ့လယ်ပိုင်း ၁ နာရီအထိ ပစ်ခတ်မှုတွေလုပ်တယ်။ အခု ၃ နာရီကနေ စပြီးတော့ ပစ်ပစ်ခတ်မှုတွေထပ်လုပ်နေတယ်။ လူတွေအားလုံးကတော့ ကိုယ့်အိမ် အောက်ဗုံးတွင်းထဲမှာ ပုန်းနေကြတယ်။ အပြင်မထွက်ရဲတော့ဘူး” ဟု ပြောဆိုသည်။

ပုဏ္ဏားကျွန်းမြို့တဦးဖြစ်သူ ကိုကျော်ကျော်နိုင်က “တပ်ကပစ်လို့ တယောက်သေတာတော့ အတည်ပြုလို့ရပါတယ်။ ကျန်တာတော့ ကျနော်တို့လည်းအပြင်မထွက်ရဲလို့ ဘာမှမပြောနိုင်ဘူး။ ဒီညကို ဘယ်လိုဖြစ်လာမလဲဆိုပြီး စိုးရိမ်နေကြတယ်”ဟုပြောဆိုသည်။


တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ ပုဏ္ဏားကျွန်းတွင် ဈေးဝယ်ရန် မြို့သစ်ဈေးသို့ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးနင်း၍သွားသော အရာရှိအနားသို့ လူ ၈ ဦးခန့်က ရောက်ရှိလာပြီး ၁ ဦးက ဓားဖြင့်ထိုးရာ အရာရှိက ပြန်လည်ခုခံ၍ ပါလာသည့် ပစ္စတိုသေနတ်ဖြင့် ထုတ်ချိန်စဉ် ကျန်လူ ၇ ဦးက သံတုတ်များဖြင့် အရာရှိနှင့် စစ်သည်အား ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း၊ ပတ်ဝန်းကျင်က ဝိုင်းအုံလာမှသာ ခုခံရုန်းကန်နေသောအရာရှိထံမှ ပစ္စတိုသေနတ်ကို လုယူပြီး လဲကျမေ့မြောနေသည့် စစ်သည်ကို ဖမ်းဆီးခေါ်ဆောင်၍ ဆိုင်ကယ် ၅ စီးဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ အရာရှိတွင် ဓားထိုးခံရခြင်း၊ သံတုတ်ဖြင့်ရိုက်နှက်ခံရခြင်းကြောင့် ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်းနှင့် လိုအပ်သော ဆေးကုသမှုခံယူစေလျက်ရှိကြောင်း ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများသည် AA နှင့်ဆက်စပ်ပတ်သက်သူများဖြစ်နိုင်ပြီး ပုဏ္ဏားကျွန်းမြို့မရဲစခန်းက လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် စစ်သည်အား ပြန်လည်ရရှိရေးဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီကို တပ်မတော်က မြို့တွင်း ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မေးမြန်းရာ “အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့သတင်းထုတ်ပြန်ဖို့ရှိပါတယ်။ မနက်ကဖြစ်စဉ် ကျနော်တို့ထုတ်ပြန်ထားပါတယ်” ဟုဖြေဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts