All News Local News Peace

အမ်းမြို့နယ်၊ ဒါးလက်နတ်မော်ကျေးရွာသို့ လက်နက်ကြီးကျည်ကျ၍ ၂ ဦးသေဆုံးပြီး ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး ပြင်းထန်ဒဏ်ရာရ

အမ်းမြို့နယ်၊ ဒါးလက်နတ်မော်ကျေးရွာသို့ လက်နက်ကြီးကျည်ကျ၍ ၂ ဦးသေဆုံးပြီး ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂၆

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်နတ်မော်ကျေးရွာသို့ ယနေ့ ည ၇ နာရီဝန်းကျင်ခန့်က လက်နက်ကြီးကျည်များကျရောက်ပြီး ကျေးရွာသား ၂ ဦးသေဆုံးကာ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ၆၆ တပ်မတော်က ပစ်တာ။ ၇ နာရီ ဝန်းကျင်လောက်ကတည်းက ပစ်တာ။ ၈ နာရီကျော်လောက်မှာ ရပ်သွားတယ်။ တစ်ဦးက ပွဲချင်းပြီး ဆုံးပါတယ်။ ၄ ဦးကတော့ ဒဏ်ရာရတယ်။ ၂ နှစ်သား ကလေးလေး ပါတယ်။ ဒဏ်ရာရတဲ့အထဲမှာ ” ဟု ဒေသခံ ကျေးရွာသားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်၍ သေဆုံးသွားသူမှာ ဦးဘမောင် အသက် ၆၇ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာအသက် ၄၂ နှစ်အရွယ် ဦးညွှန့်အေးသည် လက်/ ခြေကျိုးပြတ်ဒဏ်ရာ ၊ အသက် ၅၉ နှစ်အရွယ် ဦးချစ်တင်းသည် ဗိုက်ရှပ်ထိ၊ အသက် ၃၆ နှစ်အရွယ် ဒေါ်လှလှနွယ်သည် ခြေထောက်ကျိုး၊ အသက် ၂ နှစ်အရွယ် မညမွှေးသည် နံရိုးကျိုး ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ည ၁၁ နာရီဝန်းကျင်တွင် ဒဏ်ရာရရှိထားသော ဦးညွှန့်အေးသည် ရရှိထားသော ဒဏ်ရာများ ပြင်းထန်၍ ထပ်မံကွယ်လွန်ခဲ့ရာ သေဆုံးစုစုပေါင်း ၂ ဦး အထိရှိလာခြင်းဖြစ်သည်။
“အခု ဒဏ်ရာရတဲ့သူတွေက အနောက်ရွာကို ရောက်သွားပြီ။ ကာဖျူးကလည်းရှိတော့ ဆေးရုံလည်း ပို့မရဘူး။ ရွာမှာရှိတဲ့ဆေးနဲ့ပဲ သက်သာအောင် ကုထားရတယ်။ မနက်မှပဲ ဆေးရုံပို့လို့ရမယ်။ ရွာသားတွေကတော့ အကုန်ထွက်ပြေးကုန်ကြပြီ” ဟု ဒါးလက်နတ်မော်ကျေးရွာ ဒေသခံတစ်ဦးက ရှင်းပြသည်။

လက်နက်ကြီးကျည်ကျရောက်မှုသည် တပ်မတော်၏ ပစ်ခတ်မှုကြောင့်ဟု ရွာသားများ ပြောဆိုသော်လည်း ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် မြေပြင် သတင်းအချက်အလက်များ မရယူနိုင်ခြင်းနှင့် တပ်မတော်ထံမှ အတည်ပြုချက် မရယူ နိုင်သဖြင့် ယင်းပြောဆိုချက်ကို အတည်ပြုနိုင်ခြင်းမရှိပါ။

ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ်များထံ ရန်ကုန်ခေတ်သစ်သတင်းဌာနက ယမန်နေ့ညက လက်နက်ကြီးကျည်ကျ၍ ရွာသားများ သေဆုံးမှုနှင့်ပတ်သက်ပြီး တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts