All News Local News Peace

အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထားသော တောင်ကုတ်မှ ANP ဒုတိယဥက္ကဋ္ဌ ၊ စည်ပင်ဥက္ကဋ္ဌ အပါအဝင် ၄ ဦးကို ရုံးထုတ်

အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ထားသော တောင်ကုတ်မှ ANP ဒုတိယဥက္ကဋ္ဌ ၊ စည်ပင်ဥက္ကဋ္ဌ အပါအဝင် ၄ ဦးကို ရုံးထုတ်

ရန်ကုန်၊ ဇွန် ၁၆

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ ရခိုင်အမျိုးသားပါတီANP ဒုတိယဥက္ကဋ္ဌ ၊ မြို့နယ်စည်ပင်ဥက္ကဋ္ဌ အပါအဝင် ၄ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ဝ(က)၊ ၅၂(က) ဖြင့် အမှုဖွင့်ထားရာမှ ယနေ့ ဇွန်လ ၁၆ရက်နေ့ သံတွဲမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း သံတွဲခရိုင် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးညီလေးကပြောဆိုသည်။

အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသူ ၄ဦးမှာ တောင်ကုတ်မြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးဇေယျကျော်၊ တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ (ANP) ပါတီ ဒုဥက္ကဋ္ဌ (၁) ဦးဝေသောင်း၊ တောင်ကုတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် ဦးဇေယျကျော်၏ ညီဖြစ်သူ ကိုမိုက်ကယ်( ခေါ်)ကိုစည်သူကျော်ဇင်တို့ ဖြစ်သည်။

“ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅ဝ(က)၊ ၅၂(က) နဲ့စွဲတယ်လို့ပြောတာပဲ။ ဒီနေ့တော့ စစ်မေးတာမရှိတော့ သူတို့ကို ချုပ်ရက် ရမန်ပြန်ယူသွားတယ်။ ချုပ်ရမန်ပြန်ယူပြီးတော့ သူတို့ကို သံတွဲထောင်မှာ ပြန်ချုပ်မှာပေါ့။ ၃ဝရက်နေ့ ရုံးပြန်ချိန်းထားတယ်” ဟု ၎င်းကပြောဆိုသည်။

“ သူတို့ထင်သလို မဟုတ်ပါဘူး။ ကျွန်တော်တို့ လွတ်ကင်းပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကာလတစ်ခုကိုတော့ ရင်ဆိုင်ရမှာပေါ့။ တရားရေး မဏ္ဍိုင် မှန်ကန်ရင် ကျွန်တော်တို့ ဘာမှပြဿနာမရှိဘူးလို့ယူဆတယ်။ အဲလို မမှန်မကန်ဖြစ်မှာကိုပဲ စိုးရိမ်တယ်။ ဥပဒေက ဥပဒေအတိုင်း ဆုံးဖြတ်ဖို့ပဲ မျှော်လင့်ပါတယ်” ဟု တရားစွဲဆိုခံထားရသူတစ်ဦးက တရားခွင်မှ ပြန်အထွက်တွင် ပြောဆိုခဲ့သည်ကို Arakan Info Desk က ဗီဒီယိုဖြင့် သတင်းဖော်ပြထားသည်။

အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅ဝ(က) သည် ထောင်ဒဏ် ၁ဝနှစ်မှ ထောင်ဒဏ် တစ်သက်တစ်ကျွန်းထိချမှတ်နိုင်သောပုဒ်မဖြစ်ပြီး ပုဒ်မ ၅၂(က) သည် ထောင်ဒဏ် ၃နှစ်မှ ၇နှစ်ထိ ချမှတ်နိုင်သော ပုဒ်မများဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts