Features political news

သယံဇာတ ကျိန်စာသင့်နေရတဲ့ မောတို့ဌာနေ ရှမ်းတို့မြေမှ ပစ်သတ်ခံရသော တောင်သူတစ်ဦးနှင့် အဆိပ်သင့်ဘဝများ (နိဂုံး)

သယံဇာတ ကျိန်စာသင့်နေရတဲ့ မောတို့ဌာနေ ရှမ်းတို့မြေမှ ပစ်သတ်ခံရသော တောင်သူတစ်ဦးနှင့် အဆိပ်သင့်ဘဝများ (နိဂုံး)

By အောင်ကျော်မိုး (MATA)

ရွှေထုတ်လုပ်တဲ့ ကုမ္ပဏီတွေကနေ စွန့်ပစ်လိုက်တဲ့ မြေစာပုံတွေကြောင့် နမ့်ခမ်းချောင်းဟာ ၂၀၁၁ ခုနှစ်ခန့်ကစပြီး တိမ်ကောလာပါတယ်။ ၂၀၁၃ ခုနှစ်ခန့်မှာ ရွာအနီးက ချောင်းကမ်းပါးနဲ့ ချောင်းရိုးတလျှောက်လုံး စွန့်ပစ်မြေစာတွေနဲ့ ပြည့်လျှံသွားခဲ့သလို လယ်မြေဧကပေါင်း ၁၆၈ ဧကဟာလည်း သဲနှုံးများနဲ့ ဖုံးလွှမ်းပျက်စီးသွားပါတယ်။

သွားရောက်လေ့လာခဲ့တဲ့အချိန်မှာ လယ်မြေတွေထဲမှာ သဲနှုံးထုထည်က ၅ ပေခန့်ထိ ရှိနေတာကို တွေ့ရပါတယ်။ ချောင်းရိုး ရေစီးကြောင်းဟာ ပျောက်ကွယ်သွားခဲ့သလို မိုးများခဲ့ရင် ရွာထဲက နေအိမ်တွေထိ သဲနှုံးတွေ ဖုံးလွှမ်းသွားခဲ့ကြောင်း ပြောပြပါတယ်။ ချောင်းထဲကရေကို ကျွဲနွားတိရစ္ဆာန်တွေ သောက်သုံးခဲ့တဲ့အတွက် သေဆုံးခဲ့ရတာတွေရှိတယ်လို့ ပြောပြပါတယ်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ တာလေမြို့နယ်ခွဲ အုပ်ချုပ်ရေးမှူးရုံးမှာ လယ်မြေဧက ၉၃ ဒသမ ၅ ဧက ပျက်စီးတယ်လို့ စာရင်းတင်ပြခဲ့ပေမယ့် အမှန်တကယ်ပျက်စီးခဲ့တာက ၁၆၈ ဧက ဖြစ်ခဲ့ပါတယ်။ အဲဒီပျက်စီးမှုအတွက် ကုမ္ပဏီများကနေ တစ်ဧကကို စပါး ၅၀ အိတ် သို့မဟုတ် ထိုင်းဘတ်ငွေ တစ်သောင်းခွဲ လျှော်ပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ ရှမ်းတောင်သူလယ်သမားများကွန်ရက်က ကူညီပေးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို တောင်ကြီးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး နှစ်ရက်ခန့်အကြာမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး စိုင်းအိုက်ပေါင်းနဲ့ ဒေသ မှ တိုင်းရင်းသား ကိုယ်စားလှယ် များ တွေ့ဆုံခဲ့ပြီး လယ်ယာမြေပျက်စီးမှုကြောင့် အခက်အခဲဖြစ်နေတဲ့ တောင်သူတွေကို လျှော်ကြေးပေးဖို့ ပြောခဲ့သလို၊ လယ်ယာမြေတွေ ပြုပြင်ပေးဖို့နဲ့ နမ့်ခမ်းချောင်းကို ပြန်လည်ပြုပြင်ပေးဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။ အဲဒီအစည်းအဝေးမှာ ရွှေတူးဖော်တဲ့ ကုမ္ပဏီတွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ် သြဂုတ်လ ၅ ရက်နေ့မှာ ကျေးရွာက တောင်သူတွေနဲ့ ရှမ်းပြည်နယ်အစိုးရဝန်ကြီး အပါအဝင် ကုမ္ပဏီများနဲ့အတူ အစည်းအဝေးပြုလုပ်ခဲ့ပြီး လယ်မြေတစ်ဧကကို ကျပ်ငွေ ၆၆၀၀၀၀ သီးနှံလျော်ကြေးအဖြစ် ပေးဖို့ဆုံးဖြတ်ခဲ့ပြီး စုံစမ်းရေးအဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ် သြဂုတ်လ ၇ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ စစ်ဆေးခဲ့ကြပေမယ့် ဘာရလဒ်ထွက်ပေါ်ခဲ့သလဲဆိုတာ ဒေသတောင်သူတွေ မသိလိုက်ရပါဘူး။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့မှာ လျှော်ကြေးငွေ ပေးတဲ့အလုပ်ကို စတင်ခဲ့တယ်လို့ သိရပါတယ်။ ချောင်းနဲ့ လယ်ယာမြေတွေကို ပြန်လည်တူးဖော်ပေးဖို့ ကတိပေးခဲ့ပေမယ့် ကျနော်တို့ သွားရောက်ခဲ့ချိန်မှာ သဲပြင်ကြီးပေါ်မှာ အလံနီလေးများ စိုက်ထားသလို သဲဖုံးနေတဲ့ လယ်ယာမြေတွေထဲမှာ ဝါးကပ်တွေ ကာရံပြီး မြေပြန်ဖော်ပေးနေပါတယ်ဆိုတဲ့ ဟန်ပြလုပ်ဆောင်ထားတာတွေကို မြင်တွေ့လိုက်ရပါတယ်။

အဆိပ်သင့်ဘဝများ

နားဟိုင်းလုံရွာမှာ ဆိုင်ယာနိုက်ပါဝင်တဲ့ အဆိပ်သင့်မှုကို ၂၀၁၄ ခုနှစ်က စတင်ခံစားရကြောင်း သတိထားမိလာတယ်လို့ ပြောပြပါတယ်။ ကျန်းမာရေးဆရာမတစ်ဦးရဲ့ ပြောပြချက်အရ အမျိုးသမီးတွေမှာ တစ်ဦးက ကိုယ်ဝန်ပျက်ကျပြီး တစ်ဦးက ပေါင်ချိန်မပြည့်တဲ့ကလေး မွေးဖွားလာကြောင်း ပြောပြပါတယ်။ ၂၀၁၄ ခုနှစ်က မွေးဖွားတဲ့ ကလေးငယ်တစ်ဦးဟာ ၁ kg ပဲရှိပြီး ၂၀၁၅ ခုနှစ်မှာ ၁ kg နဲ့ ၂ မက် ရှိကြောင်း ပြောပြပါတယ်။ အဲဒီကလေးနှစ်ဦးဟာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ သွားရောက်ကုသခဲ့တဲ့အတွက် အသက်ရှင်ကြောင်းသိရပါတယ်။ (ကျန်းမာရေး ဆိုင်ရာ အခေါ်အဝေါ် များ လိုအပ်ချက်ရှိနိင်ပါတယ်)

၂၀၂၀ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှာ သူ့ကိုဆက်သွယ်မေးမြန်းကြည့်တော့ ၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်အတွင်းမှာ ပေါင်ချိန်မပြည့်တဲ့ ၁kg ပဲ ရှိတဲ့ ကလေးနှစ်ဦး ထပ်မံမွေးဖွားခဲ့ကြောင်း ပြောပြပါတယ်။

နားဟိုင်းလုံကို ရောက်သွားတဲ့အချိန်မှာ အိမ်တိုင်းနီးပါးက ရေသန့်ဘူးတွေ ဝယ်ယူ သောက်သုံးနေရသလို ယနေ့အချိန်ထိ ရေသန့်ဘူး အသုံးပြုနေရဆဲလို့ ပြောပြပါတယ်။ သီးနှံလျှော်ကြေးငွေကို ဒီနေ့ထိ ပေးနေသေးလားလို့ မေးမြန်းကြည့်တော့ တစ်နှစ် ထိုင်းဘတ် ၁၀၀၀၀ (တစ်သောင်း) ပေးတယ်လို့ ပြောပြပါတယ်။

လယ်မြေတွေနဲ့ ချောင်းကို သူတို့ကတိပေးထားသလို ပြုပြင်ပေးသလားဆိုတော့ ဘာမှ လာရောက်လုပ်ကိုင်ပေးခြင်း မရှိဘူးလို့ သိရပါတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မေးမြန်းခဲ့တဲ့နေ့အထိ လာရောက်ခဲ့ခြင်းမရှိဘူးလို့ ပြောပြပါတယ်။

ဒီနေရာမှာ စဉ်းစားမိတာ တစ်ချက်ရှိပါတယ်။ ရှမ်းပြည်နယ်အစိုးရအဖွဲ့က မြေပြင်ကွင်းဆင်းစစ်ဆေးတဲ့ သတင်းတွေ ကို မီဒီယာတွေမှာ တွေ့ရပါတယ်။ အခု တာလေမှာ အစိုးသစ်လက်ထက်မှာ လုပ်ကွက်ငယ်တွေကို သက်တမ်းတိုးပေးခဲ့တာက ဘယ်လိုဥပဒေအရ ခွင့်ပြုပေးတာလဲ၊ ဘယ်လိုစစ်ဆေးခဲ့ပြီး ဆုံးဖြတ်ခဲ့တာလဲဆိုတာ မေးချင်မိပါတယ်။

အခု ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ စမ်းသပ်ရှာဖွေဖို့ ဧကပေါင်းသိန်းချီပြီး ခွင့်ပြုဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ သဘောထားမှတ်ချက် တောင်းခံထားတယ်ဆိုတဲ့ သတင်းတွေ တက်လာပါတယ်။ နားဟိုင်းလုံရွာလို ထိခိုက်ခံနေရတဲ့ မြေပြင်သတင်းအချက်အလက်တွေကို သေချာမစိစစ်ဘဲ လိုင်စင်ချပေးနေတာတွေ၊ သဘောထားမှတ်ချက်ပေးနေတာတွေဟာ စိုးရိမ်စရာပါပဲ။

သယံဇာတထုတ်ယူမှုတွေကြောင့် လူမှုဘဝတွေ ထိခိုက်မှုမရှိအောင် ကာကွယ်ပေးဖို့ ပြည်နယ်အစိုးရက ဘာကြောင့်များ တွန့်ဆုတ်နေကြရတာလဲ။ ဘောပင်ကိုင်ထားတဲ့ လက်ချောင်းတွေရဲ့ လက်မှတ်တစ်ချက်အောက်မှာ နာကြည်းသံတွေ မျက်ရည်တွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ စာနာမှုနဲ့ ဆင်ခြင်တုံတရားက မရှိကြတော့ဘူးလား။ နားဟိုင်းလုံရွာလို ကျနော်တို့မသိသေးတဲ့ မကြားရ မမြင်ရတဲ့ ရွာတွေရော ရှမ်းပြည်နယ်အတွင်းမှာ ဘယ်လောက်များ ရှိနေမလဲဆိုတာကို စဉ်းစားကြည့်စေချင်ပါတယ်။

မြေသိမ်းခံဘဝနှင့် စစ်တပ်၏ အခန်းကဏ္ဍ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့နယ်ခွဲမှာ EAO’s အဖွဲ့တွေ အခြေစိုက်လှုပ်ရှားနေတာမျိုး မရှိပေမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အရ ဆက်ဆံရေးရုံးအချို့ ဖွင့်လှစ်ထားကြတာတော့ ရှိနေပါတယ်။ ဒေသထဲက နေရာတော်တော်များများမှာ လူမျိုးစု ပြည်သူ့စစ်အဖွဲ့တွေလည်း ဖွဲ့စည်းလှုပ်ရှားနေကြပါတယ်။ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေကတော့ မြို့နယ်တော်တော်များများမှာ အခြေစိုက်ထားသလို ရွှေတြိဂံတိုင်းစစ်ဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာရှိတယ်လို့ သိရှိရပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ဟာ နာမည်ကျော် ရွှေတြိဂံဒေသအတွင်း ပါဝင်သလို နယ်စပ်မြို့ဖြစ်တဲ့အတွက် လက်နက်နဲ့ ပဋိပက္ခဖြေရှင်းမှုပုံသဏ္ဍန်တွေလည်း မကြာခဏတွေ့ရပါတယ်။ ဒေသနေ လူထုနဲ့ အရပ်ဖက်အဖွဲ့တွေအတွက်က တော့ စိန်ခေါ်မှု အတော်လေးကြီးမားပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းဟာ နယ်စပ်စီးပွားရေးမြို့တော် ဖြစ်နေတဲ့အပြင် ထိုင်းနိုင်ငံကို ဝင်ထွက်တဲ့ တံခါးပေါက်တစ်ခုလည်း ဖြစ်နေပါတယ်။ ကျေးရွာနေ တိုင်းရင်းသားတွေအတွက် ကတော့ နီးရာဓါးကို ကြောက်နေကြရသလို ဥပဒေဆိုင်ရာအကြောင်းတွေကို သိရှိနားလည်ဖို့လည်း မလွယ်ကူလှပါဘူး။ ကိုယ်တိုင်လည်း သတိကြီးစွာထားပြီး အလုပ်လုပ်ကြရပါတယ်။

တာလေမြို့ရှိ ကျေးရွာအုပ်စုတစ်ခုက ဘုန်းကြီးကျောင်းမှာ ပျက်စီးသွားတဲ့ လယ်ယာမြေတွေနဲ့ အခြားမြေယာတွေအတွက် ဥပဒေနဲ့အညီ အကာအကွယ်ပေးနိုင်ဖို့ ဥပဒေပညာရှင်များနဲ့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲ ပြုလုပ်နေချိန် ကားနှစ်စီး ရောက်လာပြီး ကားပေါ်ကနေ အစိမ်းရောင်ဝတ်ထားပြီး ခါးမှာ သေနတ်ချိတ်ထားတဲ့ လူတစ်ယောက်က အခြံအရံနဲ့ ဝင်လာတော့ အားလုံးက စိုးရိမ်ထိတ်လန့်သွားကြပါတယ်။ ဆွေးနွေးပွဲတာဝန်ခံနဲ့ တွေ့ချင်တယ်ဆိုလို့ သွားတွေ့တဲ့အခါ သူက အားရင် ခဏစကားပြောချင်တယ်ဆိုလို့ အပြင်ခဏ လိုက်သွားရပါတယ်။ အပြင်ရောက်မှ သူက ပြည်သူ့စစ်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ကြောင်းနဲ့ စစ်တပ်က မြေသိမ်းထားတဲ့အထဲ သူ့မြေပါသွားလို့ ဘယ်လိုလုပ်ရမလဲ လာတိုင်ပင်တာဆိုမှပဲ ငိုရမလိုရယ်ရမလို ဖြစ်ခဲ့ရပါတယ်။

ရေသန့်ရရှိရေး တောင်းဆိုရင်း စစ်တပ်၏ ပစ်သတ်ခံရသော တောင်သူတစ်ဦး

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ဟာ နားဟိုင်းလုံရွာလေးရဲ့ ကြမ္မာဆိုးဝင်မွှေတဲ့နေ့လို့ ပြောရပါမယ်။ နားဟိုင်းလုံရွာမှာ သောက်သုံးရေ အခက်အခဲရှိလာတဲ့အတွက်ကြောင့် ရွာကနေ အလွန်ဝေးတဲ့ ရေထွက်တစ်နေရာကနေ ပိုက်နဲ့သွယ်တန်းပြီး အသုံးပြုကြပါတယ်။ အဲဒီရေထွက်နေရာမှာ ရွှေကုမ္ပဏီတွေရဲ့ ယာဉ်ယန္တရားတွေ ဝင်ရောက်နေတယ်ဆိုတဲ့ သတင်းစကားအရ နံနက် ၇ နာရီမှာ ကျေးရွာသားတွေက အစည်းအဝေးထိုင်ခဲ့ကြပါတယ်။ နံနက် ၉ နာရီလောက်မှာ ရွာသား ၁၅ ဦးဟာ ရေထွက်နေရာကို သွားရောက်ခဲ့ပြီး ရွှေကုမ္ပဏီတွေအနေနဲ့ ရွာက အသုံးပြုတဲ့ရေထွက်ကို ရှောင်ကွင်းအလုပ်လုပ်ပေးဖို့ သွားရောက်ပြောဆိုခဲ့ကြပါတယ်။

ကုမ္ပဏီနှစ်ခုကို ဝင်ရောက်စကားပြောဆိုပြီးချိန်မှာ ရွာသား ၃ ဦးက ရွာကိုပြန်သွားကြပါတယ်။ ကျန်တဲ့ ၁၂ ဦးက တောင်ပေါ်တက်လာပြီး ကုမ္ပဏီတစ်ခုထဲကို ဝင်ရောက်မယ့်အချိန်မှာ ကုမ္ပဏီက ဝင်ရောက်ခွင့်မပြုလို့ လှည့်ပြန်ခဲ့တဲ့အခါမှာ ကုမ္ပဏီအနီးမှာရှိနေတဲ့ စစ်တပ်က အနောက်ကနေ သေနတ်နဲ့ လှမ်းပစ်လိုက်ပါတယ်။ သေနတ်နဲ့ပစ်လိုက်ချိန်မှာ အားလုံးက ကြောက်လှန့်ပြီး ထွက်ပြေးကြတယ်လို့ ပြောပြပါတယ်။ လူပြန်စုမိတဲ့အချိန်မှာ ဦးစိုင်းဆမ် အသက် ၅၄ နှစ်ကို ဒူးခေါင်း သေနတ်ကျည်ဆံထိမှန်ခံရပြီး ကျန်နေခဲ့ကြောင်း ပြောပြကြပါတယ်။ ကုမ္ပဏီကိုမေးကြည့်ချိန်မှာ စစ်တပ်က မိုင်းဖြတ်မြို့ကို ခေါ်ဆောင်သွားကြောင်း သိလိုက်ရပြီး သေဆုံးသွားခဲ့ကြောင်း ပြောပြပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို နားဟိုင်းလုံရွာသို့ ပြန်လည်သယ်ဆောင်ဖို့ ကြိုးစားခဲ့ပေမယ့် သယ်ခွင့်မပြုခဲ့ပါဘူး။ ၁၅ ရက်နေ့မှ မိုင်းဖြတ်ဆေးရုံ ရင်ခွဲရုံကနေ နေ့လည် ၁၂ နာရီကျော်မှ သယ်ယူခွင့်ပြုခဲ့ပြီး နားဟိုင်းလုံမှာ ၁၆ ရက်နေ့တွင် မီးသဂြိုလ်ခဲ့ကြပါတယ်။ ကျန်ရစ်သူ ၎င်းရဲ့အမျိုးသမီးက တာလေမြို့ရဲစခန်းမှာ အမှုဖွင့်ခဲ့ပေမယ့် နောက်ဆက်တွဲ ဘယ်လိုဖြစ်သွားခဲ့တယ်ဆိုတာကို မသိရတော့ပါဘူး။

ဒါတွေကို ရေးပြနေတာဟာ သယံဇာတ ထုတ်ယူခံနေရတဲ့ဒေသမှာ နေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ လူမှုဘဝကံကြမ္မာက ဘယ်သူ့လက်ထဲမှာ ရှိနေတယ်ဆိုတာကို စဉ်းစားပေးနိုင်ဖို့ပါ။ အေးချမ်းစွာ ဖြတ်သန်းနေထိုင်နေတဲ့ လူအဖွဲ့စည်း အသိုက်အမြုံတစ်ခုဟာ သယံဇာတလာရောက်တူးဖော်ပြီဆိုတာနဲ့ တပြိုင်နက် မတည်ငြိမ်မှုတွေ စတင်တော့တာပါပဲ။ နောက်ဆုံးရတဲ့ အချက်အလက်တွေအရဆိုရင် နားဟိုင်းလုံမှာ နေထိုင်သူ အိမ်ခြေငါးခုလောက်ဟာ အခြားနေရာကို ပြောင်းရွှေ့သွားကြပြီလို့ ပြောပြပါတယ်။

ဒီလိုဖြစ်ရပ်မျိုးတွေဟာ ရှမ်းပြည်အနှံ့အပြားက သယံဇာတတူးဖော်ထုတ်ယူနေတဲ့ နေရာတိုင်းမှာ နည်းလမ်းပေါင်းစုံနဲ့ ကြုံတွေ့ခံစားနေရဆဲပါ။ သယံဇာတကျိန်စာတွေ ဘယ်လောက်ပဲ ရှိနေ ရှိနေ လူမှုဘဝ အဖြစ်အပျက်ပေါင်းစုံနဲ့ ဇာတ်လမ်းဇာတ်ကွက် မရိုးရလေအောင် ကပြ အသုံးတော်ခံနေရဦးမှာပါ။

ဒီ ကကြိုးကကွက်တွေကို ပွဲတော်ကျင်းပနေတဲ့အလား လက်ခုပ်လက်ဝါးတီးပြီး တာဝန်မဲ့စွာ ဇိမ်ခံကြည့်နေမယ့် လူတွေရှိနေသ၍ ရှမ်းပြည်နယ်မှာ နောက်ထပ် နှစ်ပါးသွား ကကြိုးအသစ်တွေနဲ့ မင်းစိုးရာဇာများအတွက် ဖျော်ဖြေ တင်ဆက်နေကြရဦးမှာ ဖြစ်ပါတယ်။

(စာရေးသူ အောင်ကျော်မိုးသည် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်များအဖွဲ့ MATA ရှမ်းပြည်နယ် အဖွဲ့ဝင်တစ်ဦးဖြစ်သည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts