All News China Watch Features

လူထုကို လိမ်လည်နေကြတဲ့ အာဏာရ ဖောက်ပြန်ရေးသမားတွေရဲ့ တီကျစ် မျက်နှာဖုံးခွာချခြင်း( နိဂုံး)

သူ့အတွေးသူ့အမြင်

လူထုကို လိမ်လည်နေကြတဲ့ အာဏာရ ဖောက်ပြန်ရေးသမားတွေရဲ့ တီကျစ် မျက်နှာဖုံးခွာချခြင်း( နိဂုံး)

By အောင်ကျော်မိုး( MATA)

ကျောက်မီးသွေးသုံးစက်ရုံ လည်ပတ်နေတာဟာ စီးပွားဖြစ် လည်ပတ်နေပြီလို့ ပြောရပါမယ်။ စမ်းသပ်လည်ပတ်ခွင့်လို့ အကြောင်းပြပြီး ၂၀၁၇ ခုနှစ် ဧပြီလကနေ တစ်နှစ် စတင်လည်ပတ်ခဲ့ပါတယ်။ တစ်နှစ်ပြည့်သွားပြီးချိန် ၂၀၁၈ ခုနှစ်မှာ တစ်နှစ်ထပ်မံ သက်တမ်းတိုးပေးခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ၂၀၂၂ ခုနှစ်အထိ သုံးနှစ် စမ်းသပ်လည်ပတ်ခွင့်ဆိုပြီး ခွင့်ပြုခဲ့ပါတယ်။ ဒါဟာ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များကို NLD အစိုးရဝန်ကြီးဌာနနဲ့ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီတွေက လက်တစ်လုံးခြား ကျော်လွှားလိုက်တာဖြစ်ပါတယ်။

ကျနော်တို့နိုင်ငံမှာ စီမံကိန်းတစ်ခုကို အကောင်အထည်ဖော်တော့မယ် စတင်တော့မယ်ဆိုတာနဲ့ ၂၀၁၂ ခုနှစ်မှာ ပြဋ္ဌာန်းလိုက်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ ၂၀၁၄ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေနဲ့အညီ အရင်ဆုံး စတင်အကောင်အထည်ဖော်ရပါတယ်။ ၂၀၁၅ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ထုံးလုပ်နည်း (EIA) ကို ဦးစွာ ဆောင်ရွက်ကြရပါတယ်။ အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး လမ်းညွှန်ချက်များကိုလည်း လိုက်နာကျင့်သုံးရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅ မှာ ” နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရမည်” လို့ ဖော်ပြထားသလို ပုဒ်မ ၃၉၀ မှာ နိုင်ငံသားတိုင်းသည် အောက်ဖော်ပြပါ ကိစ္စရပ်များတွင် နိုင်ငံတော်အားကူညီရန် တာဝန်ရှိသည်လို့ ရေးသားထားပြီး အပိုဒ်ခွဲ(ခ) မှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလို့ ဖော်ပြထားပါတယ်။ ဒါတွေကို အစိုးရတစ်ရပ်က အကောင်အထည်ဖော်ရမှာ ဖြစ်သလို နိုင်ငံသားအားလုံးကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ကူညီရန် တာဝန်ရှိပါတယ်။

တီကျစ်ကျောက်မီးသွေးစက်ရုံနဲ့ မိုင်းတွင်းဟာ တည်ဆဲဥပဒေတွေကို လိုက်နာခဲ့ခြင်းမရှိတာ ထင်ရှားနေပေမယ့် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီးက ၂၀၂၀ ခုနှစ် မေလ ၁၉ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ လာရောက်ဖြေကြားတဲ့အခါ ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာပြီး လုပ်ဆောင်နေတဲ့သဘော ဖြေဆိုသွားပါတယ်။

ဒီနေရာမှာ အငြင်းပွားစရာ ရှိပါတယ်။ တီကျစ်စက်ရုံဟာ ၂၀၀၂ ခုနှစ်က တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရပ်နားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ တင်ဒါအောင်မြင်ခဲ့တဲ့ ကုမ္ပဏီအသစ်ကို လွှဲပြောင်းလိုက်တဲ့အတွက် စက်ရုံအဟောင်းဖြစ်နေလို့ EIA လုပ်ငန်းစဉ်ကို လုပ်စရာမလိုဘူးလို့ ၂၀၁၆ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ တီကျစ် မြို့ဦးဘုန်းတော်ကြီးကျောင်းမှာ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ပြည်နယ်အရာရှိ ဒေါ်စိန်မမ က ပြောသွားပါတယ်။ အဲဒီအခြေအနေမှာ ပြန်တုန့်ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် ကျနော်တို့ကို ပြောခွင့် ဆွေးနွေးခွင့် မပြုခဲ့ပါဘူး။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ ၅၅ ဖော်ပြချက်ဟာ နည်းဥပဒေမထုတ်ပြန်မီက တည်ထောင်ထားတဲ့ EIA / IEE ပြုလုပ်ရန် လိုအပ်ချက်ရှိတဲ့ စီမံကိန်းတွေ အတွက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။ပတ်ဝန်းကျင်ထိန်းသိမ်းရေး နည်းဥပဒေ ၅၂ အရ တီကျစ်စက်ရုံကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက EIA ပြုလုပ်ရမယ်လို့ သတ်မှတ်ထားလို့ပါပဲ။

ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း (EIA) လုပ်ငန်းစဉ်က အလွန်ကောင်းတဲ့လုပ်ငန်းစဉ်ပါ။ EIA လုပ်ထုံးလုပ်နည်း အပိုဒ် ၈၊ အပိုဒ် ၉၊ အပိုဒ် ၁၀ တို့မှာ ဖော်ပြထားချက်တွေဟာ တီကျစ်စက်ရုံအတွက် EIA လုပ်ကိုလုပ်ရမယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။ အမှန်တကယ် စနစ်တကျနဲ့ အကောင်အထည် ဖော်ပေးရင် ပဋိပက္ခဖြစ်စဉ်များကို လျှော့ချနိုင်ပြီး ကုမ္ပဏီများက တာဝန်ယူ တာဝန်ခံရမည့် ကတိကဝတ်များအတွက် ရှင်းရှင်းလင်းလင်း ဖြစ်စေနိုင်ပါတယ်။

ကျနော်တို့နိုင်ငံမှာရှိတဲ့ စီမံကိန်းများဟာ လူထုနဲ့ ဒေသခံများနဲ့ အငြင်းမပွားရတဲ့ စီမံကိန်းမျိုးက မရှိသလောက်ပါပဲ။ အကြောင်းတစ်စုံတစ်ခု ဖြစ်လာခဲ့ရင်လည်း ကုမ္ပဏီက အစိုးရကိုလွှဲချကြပြီး ဝန်ကြီးဌာနများကလည်း တာဝန်မယူနဲ့ စီမံကိန်းကြောင့် လည်စင်းပြီး စတေးခံလိုက်ရတဲ့ ဒေသခံပြည်သူလူထုက ဘယ်သူ့အဖေခေါ် ရမယ် မသိတဲ့အဖြစ်တွေ အများကြီးပါ။

လက်ရှိ တီကျစ်စက်ရုံ အနေအထားကတော့ EIA Report အတွက် E-guard ကုမ္ပဏီကိုယ်တိုင်က တတိယအုပ်စု (ဘက်မလိုက်) ဖြစ်ရပေမယ့် ငွေရှင်ဖြစ်တဲ့ စက်ရုံဘက်က ရေးသားပြီး ဆောင်ရွက်ထားတာကို တွေ့ရသလို ကျင့်ဝတ်မဲ့ ရေးသားချက်တွေကြောင့် ဆုံးဖြတ်ချက်ချရမယ့်သူတွေအတွက် အခက်ဖြစ်စေနိုင်ပါတယ်။

ယနေ့အထိ EIA အစီရင်ခံဟာ အတည်မပြုရသေးသလို ဒီဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ EIA လုပ်ထုံးလုပ်နည်း အပိုဒ် ၈၆ အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ထုတ်ပေးထားခြင်း မရှိသေးပါဘူး။ လုပ်ထုံးလုပ်နည်း အပိုဒ် ၁၁၀ အရ ကျနော်တို့အနေနဲ့ အချက်အလက် များ အများပြည်သူ သိနိင်ရန် တောင်းခံပိုင်ခွင့်ရှိပါတယ်။

တီကျစ်ကျောက်မီးသွေးစက်ရုံနဲ့ မိုင်းတွင်းဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေ ၆၉ (က) (ခ) အရ တားမြစ်ချက်များကို ချိုးဖောက်ထားတာ ဖြစ်ပါတယ်။ စက်ရုံကို စမ်းသပ်လည်ပတ်တယ်လို့ ပြောပေမယ့် ပြည်ထောင်စုစာရင်းစစ်ချုပ် အစီရင်ခံစာအရ ပြန်ကြည့်ရင် စီးပွားဖြစ် ထုတ်လုပ်နိုင်တာနဲ့ စက်ရုံငှားရမ်းခပေးရတာ ဖြစ်ပါတယ်။

တီကျစ် လူထုတွေ့ဆုံပွဲ တောင်ဘို့ကြီး ဘုန်းကြီးကျောင်းမှာ စက်ရုံက ငှားရမ်းခပေးနေကြောင်း ပြောပြသွားပါတယ်။ ယခုလို မလိမ့်တစ်ပတ်လုပ်ပြီး စမ်းသပ် အကြောင်းပြကာ စီးပွားဖြစ် လည်ပတ် ထုတ်လုပ်နေတာဟာ အစိုးရဝန်ကြီးဌာန (MOEE) အနေနဲ့ အင်မတန်မှ ရှက်ဖို့ကောင်းသလို ပြည်သူလူထုနဲ့ တိုင်းပြည်ကို လိမ်လည်လိုက်တာပါပဲ။ ဒါဟာ ဗျုရိုကရက်အုပ်စုနဲ့ ကုမ္ပဏီတွေ အပြန်အလှန် အကျိုးပြုဖို့ ကြံစည်ခဲ့ကြတယ်ဆိုတာ သက်သေတစ်ခုပါပဲ။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန (MOEE) ဟာ လက်ရှိ NLD အရပ်သားအစိုးရအဖွဲ့ထဲမှာ ပါဝင်တဲ့ ဝန်ကြီးဌာနတစ်ခုဖြစ်ပါတယ်။ ဝန်ကြီးဌာန အနေနဲ့ ဒီဥပဒေတွေကို လိုက်နာဆောင်ရွက်ဖို့ မလိုအပ်ဘူးဆိုရင်လည်း ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ဟာ အဓိပ္ပါယ်မရှိတော့သလို အပြန်အလှန်ထိန်းကျောင်းမှု ဆိုတာက အိပ်ရာဝင် ပုံပြင်ဖြစ်သွားပါလိမ့်မယ်။

ဧဒင်ကုမ္ပဏီက ကျောက်မီးသွေးမိုင်းတွင်းကို ယခင်က ဧကပေါင်း ၅၄၄ အကျယ်အဝန်းပေါ်မှာ ၂၀၀၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်နေ့အထိ နှစ်ပေါင်း၂၀ ထိထုတ်လုပ်ခွင့် ရထားပေမယ့် ၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ လွှဲပြောင်းယူပြီး သက်တမ်းကို ၂၀၂၈ ခုနှစ် မတ်လ ၁၀ ရက်နေ့ အထိ ၂၅ နှစ်သက်တမ်းထုတ်လုပ်ဖို့ သက်တမ်းတိုးခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ ထပ်ပြီး သက်တမ်းတိုးခဲ့တဲ့ ကျောက်မီးသွေးမိုင်းတွင်းကို သတ္ထုတွင်းဦးစီးဌာနအနေနဲ့ မိခင်ဝန်ကြီးဌာနရဲ့ ဥပဒေဖြစ်တဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေနဲ့အညီ EMP/ EIA မပြုလုပ်ရသေးဘဲ ဘာကြောင့်များ လိုင်စင်သက်တမ်းတိုး ထုတ်ပေးလိုက်ရတာလဲ။

နောက်တစ်ချက်က မိုင်းတွင်းဧရိယာထဲ မှာ ပါဝင်နေတဲ့ စိုက်ပျိုးမြေတွေအတွက် သတ္ထုတွင်းဦးစီးဌာနက ဘယ်လို မူဘောင်နဲ့ ဖြေရှင်းပေးမလဲဆိုတာ ရှင်းရှင်းလင်းလင်းမရှိပါဘူး။ ဒါဟာ ဒေသတွင်းလူထုကို အလေးမထားဘဲ ကုမ္ပဏီတွေရဲ့အကျိုးစီးပွားအတွက် ဝန်ကြီးဌာနက ဥပဒေကို မျက်ကွယ်ပြုခဲ့တယ်လို့ စွပ်စွဲချင်ပါတယ်။

နောက်တစ်ချက်က EIA လုပ်ထုံးလုပ်နည်းက ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း ပြုလုပ်ရမည့် လုပ်ငန်းအမျိုးအစား အမှတ်စဉ် ၁၃၄ မှာ စက်မှုတွင်းထွက်ကုန်ကြမ်း ထုတ်လုပ်မယ်ဆိုပါက ဧက ၂၀၀ အထက်ကို EIA ပြုလုပ်ရမယ်လို့ ပြောထားပါတယ်။ ဒါဆိုရင် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေနဲ့ ဒီအချက်ကို ယနေ့ထိ ဘာကြောင့် မျက်ကွယ်ပြုထားရတာလဲဆိုတာ မေးပါရစေ။

ရွာငံမြို့နယ်အတွင်းမှာ၂၀၁၆ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ စတင်ထုတ်လုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေရဲ့ (GPS ကုမ္ပဏီနဲ့ ဟာဘော်စတားကုမ္ပဏီ) တရားမဝင် ခဲသတ္ထုမိုင်းနဲ့ ခဲသန့်စင်စက်ရုံကို ကျေးရွာလူထုနဲ့ ရွာငံပြည်သူ့အမတ်က ၂၀၁၉ ခုနှစ်မှာ အထုပ်အထည်နဲ့ တွေ့ရှိတာကိုတောင် ထိထိရောက်ရောက် အရေးမယူရဲတဲ့ ဝန်ကြီးဌာနက အပြောင်းအလဲ လုပ်ဆောင်နေပါတယ်ဆိုတာကို ယုံကြည်ဖို့ လုံလောက်ပါရဲ့လား။

တည်ဆဲဥပဒေပေါင်းများစွာနဲ့ ငြိစွန်းနေတဲ့ တရုတ်ကုမ္ပဏီအကြောင်းကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုဝန်ကြီးကိုယ်တိုင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြန်လည်ဖြေရှင်းသွားတာကို နားထောင်ကြည့်လိုက်ရင် ဘယ်သူတွေ ဘာလုပ်နေတယ်ဆိုတာ ထင်ရှားစွာ မြင်တွေ့ရပါလိမ့်မယ်။

မန္တလေးတိုင်း အောင်သပြေ ကျေးရွာ ဖြစ်ရပ်နဲ့ စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ဖြစ်ရပ်တွေကို ကြည့်လိုက်ရင် ပြည်သူလူထုကို တည်ဆဲဥပဒေအရ ဆိုပြီး ပုဒ်မပေါင်းများစွာနဲ့ ဖမ်းဆီးအရေးယူထားခဲ့ရင် အစိုးရဝန်ကြီးဌာနတွေရဲ့ ဗျုရိုကရက်တွေ ကုမ္ပဏီတွေက ဥပဒေနဲ့အညီ မလုပ်ရင်လည်း အရေးယူဖမ်းဆီးရမှာ ဖြစ်ပါတယ်။

အဲလိုမှ မျှတတဲ့အလုပ်ကို မလုပ်ခဲ့ဘူးဆိုရင်တော့ လက်ရှိအာဏာရနေတဲ့ NLD အစိုးရဟာ ပြည်သူလူထုအပေါ် နိုင်ငံရေးဖောက်ပြန်ပြီး ဒီမိုကရေစီအာဏာရှင်စနစ်ကို ရဲတင်းစွာ တည်ထောင်နေသူလို့ ပြောရပါလိမ့်မယ်။

ဥပဒေရဲ့ အကျိုးခံစားခွင့်ဟာ မျှတမှုမရှိခဲ့ရင် နိုင်ငံတော်ဟာ အာဏာကိုင်စွဲပြီး အခွင့်ထူးခံ လူ့အလွှာတွေကို ဖော်ဆောင်ပေးခဲ့တဲ့ အရင်စစ်အုပ်စုက လူတွေနဲ့ တစ်တန်းစားထဲလို့ ယူဆရပါလိမ့်မယ်။

တီကျစ်ဒေသနဲ့ပတ်သက်လို့ နိဂုံးအပိုင်းရေးမယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာနိဂုံးဟာ နိဒါန်း သို့မဟုတ် အသစ်စတင်ခြင်းရဲ့ အစပျိုးမှုလို့ ဆိုခဲ့ရင် ပြည်သူကိုမျက်နှာမူပြီး ပြည်သူ့ဆန္ဒကို အလေးထားတဲ့ တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိပြီး ကောင်းမွန်တဲ့ အစိုးရတစ်ရပ်ကို တိုင်းရင်းသားပြည်သူတွေက အမှန်တကယ် လိုလားတောင့်တနေတယ်ဆိုတာ သေချာပါတယ်။

တီကျစ်ဒေသအတွက် ပြည်ထောင်စုအစိုးရနဲ့ ရှမ်းပြည်နယ်အစိုးရက တာဝန်ရှိဝန်ကြီးများရဲ့ ဥပဒေနဲ့အညီ အလေးထားဆောင်ရွက်ပေးမှု ပျက်ကွက်နေခဲ့ခြင်းကိုလည်း ကျနော်တို့ ခါးသီးနာကျည်းစွာ ကြုံတွေ့ခဲ့ရပြီးပါပြီ။ ဗျုရိုကရက်တွေနဲ့ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေ ပူးပေါင်းပြီး လူထုအပေါ် ဖောက်ပြန်တဲ့လုပ်ရပ်တွေနဲ့ စော်ကားနေကြတာကို ကြုံတွေ့နေရတာဟာ ကျနော်တို့လိုချင်တဲ့ အပြောင်းအလဲအတွက် ဖောက်ပြန်သူတွေရဲ့ မျက်နှာဖုံးကို လူထုအားနဲ့ ခွာချဖို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရဦးမယ် ဆိုတဲ့ အချက်ပေးခေါင်းလောင်းသံ ဖြစ်ပါတယ်။

တီကျစ်ဒေသ စီမံကိန်းဟာ ရှမ်းပြည်နယ် အတွင်း အကောင်အထည်ဖော်ဆောင်မယ့် စီမံကိန်းအားလုံးအတွက် သင်ခန်းစာယူစရာ စံနမူနာကောင်းတစ်ခု ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ လာအို၊ ထိုင်းတို့နဲ့ နယ်မြေချင်း ထိစပ်နေသလို နယ်စပ်ဒေသမှာ နိုင်ငံတော် ဖွံ့ဖြိုးရေးကို အကြောင်းပြပြီး အကောင်အထည်ဖော်မယ့် စီမံကိန်း အများအပြား ရှိနေလို့ပါပဲ။ ရှမ်းပြည်နယ်မှာ အဖိုးတန် တွင်းထွက်သယံဇာတတွေ ပေါကြွယ်ဝသလို ဥပဒေမဲ့ ထင်သလိုထုတ်လုပ်နေလို့ ကြုံတွေ့နေရတဲ့ ဒေသတွင်း လူမှုပဋိပက္ခတွေကလည်း အဆုံးမသတ်နိုင်သေးပါဘူး။ လျှပ်စစ်စွမ်းအင်ထုတ်ယူဖို့အတွက် ပြင်ဆင်နေကြတဲ့ သံလွင်မြစ်ပေါ်က ရေအားလျှပ်စစ်စီမံကိန်းတွေ၊ နမ္မတူမြစ်ပေါ်က စီမံကိန်းတွေ၊ ဒုဋ္ဌဝတီမြစ်ပေါ်က စီမံကိန်းတွေအပြင် တရုတ်နိုင်ငံရဲ့ စီးပွားရေးစင်္ကြန်လမ်း၊ OBOR ၊ BRI စီမံကိန်းတွေ၊ တရုတ်-မြန်မာ မီးရထားလမ်းစီမံကိန်းတွေ၊ နယ်စပ်က အထူးစီးပွားရေးဇုန်စီမံကိန်းတွေ အများအပြားရှိနေပါတယ်။

စီမံကိန်းတွေ အများအပြားရှိနေပေမယ့် အစိုးရတစ်ရပ်ပြုမှုကျင့်ကြံရမယ့် ဥပဒေနဲ့အညီ အကောင်ထည်ဖော်ဆောင်ရွက်ရေးနဲ့ လူထုပူးပေါင်းပါဝင်ရေး ကိစ္စတွေမှာ အားနည်းနေသလို အစိုးရ (ပြည်ထောင်စု၊ပြည်နယ်) က တာဝန်ယူမှု တာဝန်ခံမှု ရှိမနေတာကလည်း စိတ်ပျက်စရာဖြစ်နေပါတယ်။ မီဒီယာများနဲ့ သက်ဆိုင်ရာ ဒေသခံလူထုကို သတင်းအမှောင်ချထားမှု၊ လူထုနဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ ပါဝင်မှုကို ကန့်သတ်ချုပ်ချယ်ဟန့်တားမှု ကြုံတွေ့နေရတာလည်း ရှိပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ဗျုရိုကရက်တွေကလည်း အခွင့်အာဏာ အလွဲသုံးမှုတွေနဲ့အတူ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ပြည်သူကိုဗဟိုပြုတယ် ဆိုတဲ့စကားရပ်တွေက ရေပေါ်အရုပ်ရေးနေသလို ဖြစ်နေပါတယ်။

တီကျစ်စီမံကိန်းလိုမျိုး လူထုကို အန္တရာယ်ပြု ထိခိုက်နေစေတဲ့ အချက်အလက်များကို သက်သေအထောက်အထားတွေအပြင် ဥပဒေနဲ့ညီညွတ်ခြင်းမရှိတဲ့ ဖြစ်ရပ်တွေအထိ ပြည်ထောင်စုအစိုးရ အဆင့်ဆင့်ကို တင်ပြခဲ့ပေမယ့် NLD အရပ်သားအစိုးရက ဥပေက္ခာပြုထားနိုင်တာဟာ မဖြစ်သင့်တဲ့ကိစ္စပါ။ NLD အစိုးရအနေနဲ့ မှန်ကန်တဲ့ နိုင်ငံရေးစနစ်ကို အပြောင်းအလဲပြုလုပ်ဖို့ ဘာကြောင့် တွန့်ဆုတ်နေရတာလဲ။ စီမံကိန်းတွေမှာ ပဋိပက္ခဖြစ်နေရတာတွေ ဟာ အရပ်သားအစိုးရ ကိုင်တွယ်ခွင့်ရှိနေတဲ့ ဝန်ကြီးဌာနတွေရဲ့ သရုပ်သကန် စနစ်မမှန်မှုတွေကို ပြုပြင်ပြောင်းလဲခြင်းမရှိတာကြောင့်လို့ ပြောလိုပါတယ်။ မူမမှန်တဲ့ စနစ်အကြောင်းနဲ့ ပတ်သက်ပြီး တစ်ခုခုပြောလိုက်ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဆိုတဲ့ဆင်ခြေဟာ နိုင်ငံရေးအရ အကောင်းဆုံး အဖြေမဟုတ်ဘူးလို့ မြင်မိပါတယ်။

NLD အစိုးရအနေနဲ့ လူထုအပေါ်သာ မှန်ကန်တဲ့ နိုင်ငံရေးစိတ်စေတနာ ထားမယ်ဆိုရင် ဗျုရိုကရေစီယန္တရားကို ပြုပြင်ပြောင်းလဲဖို့ ဘာကြောင့် မလုပ်ခဲ့ရတာလဲ။ လူထုက သောင်ပြိုကမ်းပြို အနိုင်ပေးခဲ့တာဟာ ရင်ကြားစေ့ဖို့ မဟုတ်ခဲ့ပါဘူး။ သူတို့အပေါ် ဖိနှိပ်ခံနေရတဲ့ အခြေအနေနဲ့ သူတို့ရဲ့ အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့ အာဏာစင်မြင့်မှာ စီးချင်းထိုးဖို့ လွှတ်လိုက်တာပါ။

ရှမ်းပြည်နယ်အစိုးရအနေနဲ့လည်း သူတို့ရဲ့ နားလည်နိင်စွမ်းရှိတဲ့ ထင်မြင်ယူဆချက်များကို ကိုင်စွဲရင်း တည်ဆဲဥပဒေတွေကို ကျော်လွန်ပြီး ပြည်ထောင်စုအစိုးရ အလိုကျ အလိုက်သင့်ခွင့်ပြုပေးခဲ့မှုဟာ အနာဂတ်စီမံကိန်းတွေနဲ့ ဒေသခံ တိုင်းရင်းသားတွေရဲ့ ဆန္ဒက ပွတ်တိုက်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ရှမ်းပြည်နယ်အစိုးရအပေါ် တီကျစ်ဖြစ်စဉ်ကို အခြေခံပြီး သုံးသပ်ရရင် ရှမ်းပြည်နယ်လူထုအပေါ် ကတိကဝတ် ပျက်ယွင်းပြီး တာဝန်ခံမှု အားနည်းလာကာ လူထုကို ဘဝအာမခံချက် တိတိကျကျမပေးနိုင်သေးတာ မြင်မိပါတယ်။

နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမယ့်ကုမ္ပဏီတွေနဲ့ ပြည်တွင်းက ကုမ္ပဏီတွေကို ဒီနေရာမှာ တစ်ခုလောက် တောင်းဆိုပါရစေ။ နိုင်ငံတော် အချုပ်အခြာအာဏာရဲ့ မူရင်းပိုင်ရှင်တွေဟာ ပြည်သူလူထုနဲ့ ဒေသနေ တိုင်းရင်းသားများ ဖြစ်တယ်ဆိုတာ မမေ့မလျော့နဲ့ အလေးဂရုပြုဖို့ လိုပါလိမ့်မယ်။ အာဏာနဲ့ငွေကြေး ပေါင်းစပ်ပြီး လူထုအပေါ် လူအခွင့်အရေးချိုးဖောက်၍ ကျင့်ဝတ်မဲ့ စီးပွားရေးလုပ်ငန်းတွေကို ဥပဒေမဲ့ပြုမူ တည်ထောင်လာမယ်ဆိုရင်တော့ မပြီးဆုံးနိုင်တဲ့ အားကောင်းတဲ့ တုန့်ပြန်မှုတွေ ကြုံတွေ့လာရနိုင်တယ်လို့ အသိပေးလိုက်ပါတယ်။

တီကျစ်ဒေသက ကျောက်မီးသွေးသုံးလျပ်စစ်စက်ရုံဟာ နှစ်ပေါင်း ၂၂ နှစ်ထိ လည်ပတ်ဖို့အခွင့်အရေးရှိသလို ကျောက်မီးသွေးမိုင်းကလည်း ၂၀၂၈ ခုနှစ်အထိ တူးဖော်ဖို့ အခွင့်ရနေပါတယ်။ အဲဒီလို နှစ်ပေါင်းများစွာ လုပ်ကိုင်ခွင့် ရှိနေမယ်ဆိုခဲ့ရင် ဒေသနေ တိုင်းရင်းသားလူထုအတွက် လူမှုဒုက္ခပေါင်းများစွာ အတောမသတ်နိုင်လောက်အောင် ကြုံတွေ့ကြရဦးမှာ ဖြစ်ပါတယ်။ ဒေသနေ တိုင်းရင်းသားပြည်သူတွေ အနေနဲ့ အားတင်းပြီး ကိုယ့်မျိုးဆက် ရှင်သန်ဖို့နဲ့ မိသားစုရဲ့ လူမှုဘဝလုံခြုံမှုရှိဖို့အတွက် ဒေသတစ်ခုလုံးကို အဆိပ်သင့်စေတဲ့ ကျောက်မီးသုံးလျှပ်စစ်စက်ရုံနဲ့ ကျောက်မီးသွေးမိုင်းတွင်း ပိတ်သိမ်းနိုင်ရေးကို ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ပန်းတိုင်ရောက်အောင် လက်ဆင့်ကမ်းရင်း ကြိုးစားတွန်းလှန်ပစ်ကြရမှာ ဖြစ်ပါတယ်။

ကျနော်တို့အပေါ် ဥပေက္ခာပြုထားတဲ့သူတွေကို အကောင်းဆုံး ပြန်လှန် တုန့်ပြန်နိုင်ဖို့အတွက် စိတ်ဓာတ်တွေ ရှင်သန်နေဖို့လိုအပ်သလို ကျနော်တို့တွေ ညီညွတ်ဖို့၊ စုစည်းဖို့၊ ဟန်ချက်ညီဖို့ လိုအပ်ပါတယ်။

တိုင်းရင်းသား ပြည်သူလူထုဟာ နိုင်ငံတော်ရဲ့ အရှင်သခင် မူလပိုင်ရှင်တွေ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ရဲ့ အရှင်သခင် မူရင်းပိုင်ရှင်တွေဖြစ်ကြတဲ့ တိုင်းရင်းသားပြည်သူလူထုအနေနဲ့ အရှင်သခင်စိတ်မွေးကြဖို့ တိုက်တွန်းလိုပါတယ်။ ပြည်သူလူထု အပေါ် ဖောက်ပြန်သူတွေ သစ္စာမဲ့သူတွေရဲ့ ဟန်ဆောင်မျက်နှာဖုံးကို မလွှဲမသွေ ခွာချရဦးမှာပါ။

ငါတို့သည်
ငါတို့ ကံကြမ္မာ
ငါတို့ အနာဂတ္ကို
ငါတို့ ကိုယ်တိုင်
ဖန်တီးခွင့်ရှိတဲ့
အရှင်သခင်တွေ ဖြစ်သည်။

(တီကျစ် မျက်နှာဖုံးခွာချခြင်း အပိုင်း (၁) မှ အပိုင်း(၁၀) အထိ ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ နဲ့အညီ ရေးသားထားခြင်း ဖြစ်ပါတယ်။)

(စာရေးသူ အောင်ကျော်မိုးသည် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်များအဖွဲ့ MATA ရှမ်းပြည်နယ် အဖွဲ့ဝင်တစ်ဦးဖြစ်သည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts