All News China Watch Local News

လူထုကို လိမ်လည်နေကြတဲ့ အာဏာရ ဖောက်ပြန်ရေးသမားတွေရဲ့ တီကျစ် မျက်နှာဖုံးခွာချခြင်း( အပိုင်း ၃)

သူ့အတွေးသူ့အမြင်

လူထုကို လိမ်လည်နေကြတဲ့ အာဏာရ ဖောက်ပြန်ရေးသမားတွေရဲ့ တီကျစ် မျက်နှာဖုံးခွာချခြင်း( အပိုင်း ၃)

” နိုင်ငံအတွက်လည်း အကျိုးမရှိ ရှမ်းပြည်နယ်အတွက်လည်း အကျိုးမဖြစ်ထွန်းဘဲ ကုမ္ပဏီနှစ်ခု (တရုတ်ကုမ္ပဏီ၊ ဧဒင်ကုမ္ပဏီ) နဲ့ လျှပ်စစ်ဖြန့်ဝေတဲ့ ဌာနတွေအတွက် ပြည်သူ့ဘဏ္ဍာ ကို အသုံးပြုပြီး အကျိုးဖြစ်ထွန်းနေပါတယ်”

By အောင်ကျော်မိုး(MATA)

ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံနဲ့ ကျောက်မီးသွေးထုတ်လုပ်နေတဲ့မိုင်းအကြောင်း ပြောကြရင် အကျိုးစီးပွား ဆိုင်ရာအကြောင်း ထည့်ပြောရမယ်ထင်ပါတယ်။

တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံဟာ လောင်စာအဖြစ် တီကျစ်ဒေသကထွက်ရှိတဲ့ အရည်အသွေးညံ့တဲ့ ကျောက်မီးသွေးတွေကို အသုံးပြုပါတယ်။ စက်ရုံရဲ့နည်းစနစ်ဟာ ရေနွေးငွေ့သုံး တာဘိုင်အမျိုးအစားဖြစ်ပြီး တရုတ်နိုင်ငံမှာ ၁၉၈၀ ခုနှစ်ခန့်က အသုံးပြုခဲ့တဲ့ နည်းပညာနိမ့်တဲ့ အမျိုးအစားဖြစ်တယ်လို့ လေ့လာသိရပါတယ်။ တာဘိုင်နှစ်လုံး လည်ပတ်ဖို့အတွက် တစ်ရက်ကို ကျောက်မီးသွေးတန်ချိန် ၂၅၀၀ ခန့် မီးရှို့အသုံးပြုတယ်လို့ သိရပါတယ်။ စက်ရုံကို ၂၀၁၅ ခုနှစ် မေလ ၂၄ ရက်နေ့ မှာ BOT စနစ်နဲ့ လုပ်ကိုင်ဖို့ခွင့်ပြုခဲ့ပြီး တရုတ်နိုင်ငံက Wuxi Huaguang Electric Power Engineering Co.Ltd နဲ့ ၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ ၂၂ နှစ် လုပ်ကိုင်ဆောင်ရွက်ဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

စက်ရုံ ငှားရမ်းခအဖြစ် နိုင်ငံတော်မှ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၈၀ သန်း ရရှိပြီး ထွက်ရှိလာတဲ့ ဓာတ်အားကို တစ်ယူနစ်ကို ဒေါ်လာ ဝ ဒသမ ၀၃၅ နဲ့ ( ကျောက်မီးသွေးဖိုးမပါ၊ ကျောက်မီးသွေးကို အစိုးရက ဝယ်ပေးရပါမယ်) ဝယ်ယူပေးဖို့ သဘောတူညီထားပါတယ်။ အသားတင်အမြတ်ငွေထဲမှ ၂ ရာခိုင်နှုန်းကို CSR ရန်ပုံငွေအဖြစ် အသုံးပြုမယ်လို့ ပြောထားပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့အနေနဲ့ စက်ရုံအနီးက ကျေးရွာ ၂၄ ရွာ ဖွံ့ဖြိုးရေး အတွက်ဆိုပြီး တရုတ်ကုမ္ပဏီ ကနေ ကျပ်ငွေ ၁ ဒသမ ၅ ဘီလျံကို တောင်းခံခဲ့တယ်လို့ ဖော်ပြထားတာ၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်မှာ တွေ့ရပါတယ်။ စက်ရုံငှားရမ်းခကို စက်ရုံပြင်ဆင်ပြီး စီးပွားဖြစ် လည်ပတ်တဲ့နေ့ကနေ စတင်မယ်လို့ ပြောထားတော့ အခု စမ်းသပ်လည်ပတ်နေတာဟာ စီးပွားဖြစ် စတင်လည်ပတ်နေပြီလို့ ဆိုနိုင်ပါတယ်။

အဲဒီစက်ရုံမှာ အလုပ်သမားဝန်ထမ်းအဖြစ် ၃၀၀ နီးပါးရှိတယ် ဆိုပေမယ့် တရုတ်နိုင်ငံသားက အများစု ဝင်ရောက်လုပ်ကိုင်နေကြသလို ဒေသခံအလုပ်သမားနဲ့ မြန်မာနိုင်ငံသား အလုပ်သမားများလည်း ရှိပါတယ်။ သူတို့တွေအတွက် ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လို ခံစားခွင့်ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

နောက်တစ်ချက်က ကျနော်တို့နိုင်ငံနဲ့ တရုတ်နိုင်ငံဟာ အလုပ်သမားဆိုင်ရာကိစ္စတွေအတွက် နားလည်မှုစာချွန်လွှာမရှိထားဘူးလို့ သိရပါတယ်။ တရုတ်နိုင်ငံက အလုပ်သမားတွေဟာ ဘယ်လိုမူဘောင်နဲ့ တီကျစ်စက်ရုံမှာ အလုပ်လုပ်နေတာလဲဆိုတာ မေးခွန်းထုတ်ရပါလိမ့်မယ်။ အခုစက်ရုံကို လျှပ်စစ်နဲ့စွမ်းအင် ဝန်ကြီးဌာနက စမ်းသပ်လည်ပတ်တယ်လို့ စကားလုံးသုံးထားတာဟာ ရိုးရှင်းမှုမရှိပါဘူး။

မူလချုပ်ဆိုခဲ့တဲ့ စာချုပ်တွေမှာ ဘယ်လိုအချက်တွေပါဝင်တယ်ဆိုတာ သိခွင့်မရပေမယ့် ကျနော်တို့နိုင်ငံရဲ့ တည်ဆဲဥပဒေတွေကိုတော့ အတိအကျလိုက်နာဖို့ လိုအပ်မယ်ထင်ပါတယ်။ တရုတ်နိုင်ငံက စီးပွားရေးလုပ်ငန်း တော်တော်များများဟာ သူ့နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ဘဝလုံခြုံရေးကို နည်းနည်းမှအထိမခံဘဲ ပြင်းထန်တဲ့ဥပဒေနဲ့ ထိန်းညှိထားတယ်ဆိုတာ နယ်စပ်ကမြို့တွေမှာ မြင်တွေ့နိုင်ပါတယ်။ ကျနော်တို့နိုင်ငံမှာ ပြည်ပက ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီတွေက ထင်သလိုလုပ်ခွင့်ရနေတာဟာ သက်ဆိုင်တဲ့ အင်စတီကျုးရှင်းတွေမှာ ပါဝင်နေတဲ့သူတွေရဲ့ ရိုးသားတဲ့စိတ်၊ နိုင်ငံအပေါ် ထားတဲ့ သစ္စာတရားမရှိဘူးလို့ ပြောချင်ပါတယ်။

ကျောက်မီးသွေးမိုင်းအကြောင်း လေ့လာကြည့်ရင် မြန်မာနိုင်ငံသား ပိုင်ရှင်ဖြစ်တဲ့ ဧဒင် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ က ကျောက်မီးသွေးတူးဖော်ဖို့ ၂၀၀၁ ခုနှစ်ခန့်က လုပ်ပိုင်ခွင့်ရရှိခဲ့တာပါ။ အဲဒီအချိန်က အကြီးစားမိုင်းအဖြစ် ဧက ၄၉၅ ဒသမ ၅ ရရှိပြီး နှစ်ပေါင်း ၂၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က စက်ရုံကို ကျောက်မီးသွေးတစ်တန် ဘယ်လောက် ဈေးနှုန်းနဲ့ သွင်းခဲ့ရတာမသိပေမယ့် မျက်နှာမဲကြီးရဲ့ကျိန်စာ သတင်းမှတ်တမ်းကားမှာ စစ်အစိုးရလက်ထက်က ကျောက်မီးသွေးမိုင်း ဆောင်ရွက်ဖို့ ကျပ်ငွေ ၅ ဘီလီယံ ထုတ်ချေးပေးခဲ့တယ်လို့ လွှတ်တော်ပြည်သူ့ငွေစာရင်းကော်မတီက ဖော်ပြထားပါတယ်။

အစိုးသစ်တက်ခါနီးမှာ ပြန်ဆပ်ငွေဟာ ၃ ဒသမ ၅ ဘီလီယံကျပ်ပဲ ပြန်ဆပ်ခဲ့ပြီး ၁ ဒသမ ၅ ဘီလီယံကျပ်က မဆပ်ရသေးပါဘူး။ ၂၀၁၆ ခုနှစ်ထိ ကျောက်မီးသွေးဝယ်ယူဖို့ စာချုပ်ထပ်ပြီး မချုပ်ဆိုသေးဘဲ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ မှာ ကျောက်မီးသွေးဖိုးကြိုတင်ငွေ ၁ ဒသမ ၈ ဘီလီယံကျပ် ထပ်မံတောင်းခဲ့လို့ ပေးထားကြောင်း လေ့လာတွေ့ရှိရပါတယ်။

ဧဒင် ကုမ္ပဏီဟာ ကျောက်မီးသွေးမိုင်းတွင်းအတွက် အစိုးရနဲ့ သဘောတူညီချက် အသစ်အရ တူးဖော်ထုတ်လုပ်ဖို့ ပြင်ဆင်နေပေမယ့် ECD (ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန) မှာ သတ္တုမိုင်းတွင်းတွေ ဥပဒေအရ တင်ပြရမည့် EMP (Enviromental Management Plan) ကို ၂၀၁၇ ခုနှစ် သတင်းအချက်အလက် မှတ်တမ်းအရ တင်ပြထားခြင်းမရှိသေးပါဘူး။

ဧဒင် ကျောက်မီးသွေးမိုင်းကနေ တစ်တန်ကို ၄၀၀၀၀ ( လေးသောင်းကျပ်) နဲ့ ဝယ်ယူဖို့ လျှပ်စစ်ဌာနအနေနဲ့ သဘောတူခဲ့ပေမယ့် ၂၀၁၉ ခုနှစ် ၈ လပိုင်းလောက်မှာ ကျောက်မီးသွေးတစ်တန် ၄၈၀၀၀ ( လေးသောင်းရှစ်ထောင်ကျပ်) ထိ ဈေးနှုန်းမြင့်ပြီး တောင်းခဲ့ပါတယ်။ တီကျစ် ကျောက်မီးသွေးမိုင်းဟာ ၂၀ ဒသမ ၂၀ မီလျံတန်ချိန် ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အစိုးရအနေနဲ့ တစ်ရက်ကို ကျောက်မီးသွေးတန်ချိန် ၂၅၀၀ လောက် ခန့်မှန်းတန်ဘိုး ကျပ်ငွေသိန်း ၁၀၀၀ (တစ်ထောင်) ကျော်ဖိုး ဝယ်ယူပြီး တီကျစ်စက်ရုံ လည်ပတ်ဖို့အတွက် အစိုးရဌာနက ဝယ်ယူပေးပို့နေရတာ ဖြစ်ပါတယ်။

ဒါတွေကို ကောက်ကြောင်းပြန်ကောက်ကြည့်ရင် ဘာကြောင့် ကုမ္ပဏီနှစ်ခုက တိုက်ရိုက်အလုပ်မလုပ်ဘဲ ကြားခံအဖြစ် အစိုးရဌာနက အရူံးခံပြီး ဝင်ပါနေရတာလဲဆိုတာ စဉ်းစားမရပါဘူး။ အဲဒီလို ဝန်ကြီးဌာနတွေက ဝင်ပါပြီး ပြည်သူ့ဘဏ္ဍာကို အသုံးပြုပေးနေတာကို ဘယ်သူတွေက စောင့်ကြည်နေသလဲ၊ အဂတိတရားမရှိဘူးလို့ ပြောနိုင်ပါ့မလား။

သေချာပြန်သုံးသပ်ကြည့်ရင်ကျောက်မီးသွေးလောင်စာအတွက် တစ်နှစ်ကို ကျပ်သိန်းပေါင်း သုံးသိန်းကျော် သုံးနေရတဲ့အပြင် ထွက်ရှိလာတဲ့ ဓာတ်အားကိုလည်း ပြည်သူ့ဘဏ္ဍာကနေ တစ်ယူနစ် ဒေါ်လာ ဝ ဒသမ ၀၃၅ နဲ့ ပြန်ဝယ်ယူနေရတာတွေဟာ ပြည်သူ့ဘဏ္ဍာငွေကို အသုံးပြုနေရတာ ဖြစ်ပါတယ်။ အဲဒီ ပြည်သူ့ဘဏ္ဍာငွေကြေးကို အသုံးပြုနေပေမယ့်လည်း ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ လျှပ်စစ်စွမ်းအင် အပြည့်အဝရနေတယ် မဆိုနိုင်ပါဘူး။ လျှပ်စစ်ဖြန့်ဖြူးနေတာကို ပြန်ကြည့်ရင်လည်း နှစ်စဉ်နှစ်တိုင်း အရှုံးပြနေတဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနတွေက ကိုင်တွယ်နေတာ ဖြစ်နေပါတယ်။

ပြည်သူ့ဘဏ္ဍာငွေကြေးတွေ အသုံးပြုပြီး ဘယ်သူတွေ အကျိုးအမြတ်ရှိနေလဲဆိုတာ တိုင်းပြည်အပေါ် စေတနာထားမယ်ဆိုခဲ့ရင် NLD အစိုးရနဲ့ နိုင်ငံရေးသမားဆိုသူတွေက ပညာရှင်များနဲ့ တိုင်ပင်ပြီး တီကျစ် လျှပ်စစ်စက်ရုံရဲ့ အခြေအနေကို စနစ်တကျ ပြန်လည်သုံးသပ်ကြည့်သင့်ပါတယ်။ လျှပ်စစ်ဖြန့်ဖြူးရေးကနေ အရှုံးပြတော့ ပြည်သူတွေဆီကနေပဲ မီတာခ တိုးမြင့်ကောက်ခံခဲ့တာ လက်တွေ့ အခြေအနေပါ။ ဘာကြောင့် ဘယ်နေရာက အရှုံးပြနေတယ်ဆိုတာ လက်ရှိ NLD အစိုးရက ဘာလို့ စစ်ဆေးတာတွေ မလုပ်ရဲတာလဲ၊ အစိုးရဌာနရဲ့ ဗျုရိုကရက်တွေ တာဝန်ရှိသူတို့က အလိုတူအလိုပါ အကျိုးစီးပွားရှိနေလို့လားဆိုတာ မေးပါရစေ။

ဆက်ပြီးပြောရရင် ဧဒင်ကုမ္ပဏီမှာ ဓာတ်အားခကြွေးကျန်တွေ ရှိခဲ့ကြောင်းသိရသလို ဓာတ်အားခနှုန်းထားတွေ ပြောင်းမယ်ဆိုတော့ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ က ချုပ်ဆိုခဲ့တဲ့ ပဋိဉာဉ်စာချုပ်အရ ဓာတ်အားပေး စက်ရုံ၏ ထုတ်လုပ်မှုကုန်ကျစရိတ်အတိုင်း ပေးဆောင်ရန် လျှပ်စစ်ဝန်ကြီးဌာနနဲ့ သဘောတူညီထားတယ်လို့ သိရပါတယ်။ တည့်တည့်ပြောရရင် လျှပ်စစ်ဖြန့်ဝေရေးဌာနကို အမြတ်မပေးနိုင်ဘူး၊ ငါတို့ကုမ္ပဏီက ထုတ်လုပ်တဲ့ အရင်းအတိုင်းပဲပေးမယ်လို့ပဲ နားလည်မိပါတယ်။ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဧဒင်ကုမ္ပဏီရဲ့ ဓာတ်အားခကြွေးကျန် ငွေဟာ ကျပ်ငွေ သန်းပေါင်း ၁၆၄ ဒသမ ၉၆၅ ရှိကြောင်း လေ့လာသိရှိရပါတယ်။

တီကျစ်စက်ရုံနဲ့ ကျောက်မီးသွေး တူးဖော်နေတဲ့ မိုင်းတွင်းဟာ တိုင်းရင်းသားပြည်သူတွေ ဒေသခံတွေရဲ့လူမှုဘဝနဲ့ အသက်တွေ၊ ပြန်ပြီးအစားထိုးလို့မရနိုင်တဲ့ သဘာဝပတ်ဝန်းကျင် အရင်းအမြစ်တွေကို ရင်းနှီးခဲ့ရပေမယ့် နိုင်ငံအတွက်လည်း အကျိုးမရှိ ရှမ်းပြည်နယ်အတွက်လည်း အကျိုးမဖြစ်ထွန်းဘဲ ကုမ္ပဏီနှစ်ခု (တရုတ်ကုမ္ပဏီ၊ ဧဒင်ကုမ္ပဏီ) နဲ့ လျှပ်စစ်ဖြန့်ဝေတဲ့ ဌာနတွေအတွက် ပြည်သူ့ဘဏ္ဍာ ကို အသုံးပြုပြီး အကျိုးဖြစ်ထွန်းနေပါတယ်။ လက်ရှိ NLD အစိုးရကို ကျနော်တို့ စွပ်စွဲသလို ပြည်နယ်က တိုင်းရင်းသားတွေ ရဲ့ လူမှုဘဝတွေကို ချနင်းပြီး ကုမ္ပဏီတွေရဲ့အကျိုးစီးပွားအတွက် ကာကွယ်ပေးနေတယ်လို့ပြောတာ လွန်တယ်လို့ဆိုနိုင်မလား။

ဒုတိယအကြိမ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ ပြင်ဆင်နေချိန်မှာ ကြုံတွေ့ရတာလေးကို ပြောပြချင်ပါတယ်။ ကျနော်တို့အတွက် အန္တရာယ်တွေက အနီးကပ်မှာရှိနေသလို အကျိုးစီးပွားနဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေကလည်း သူတို့ကိုယ်ကျိုးစီးပွားကာကွယ်ဖို့အတွက် ဥပဒေမူဘောင်နဲ့မဟုတ်ဘဲ မာဖီးယားဂိုဏ်းဆန်ဆန် ပြုမူလာကြပါတယ်။ ကျနော်တို့အတွက် စိန်ခေါ်ချက်တွေရှိသလို ဒေသခံလူထုအတွက်လည်း ဖိအားပေးမှုနဲ့ အသက်အန္တရယ်ထိခိုက်နိုင်တဲ့ စိုးရိမ်မှုပေါင်းများစွာ ကြုံတွေ့ကြရပါတယ်။

၂၀၁၉ ခုနှစ် မေလ ၂၉ ရက်နေ့ နေ့လယ် နှစ်နာရီခွဲ အချိန်ခန့်မှာ ကျနော်တို့ကို လာရောက်ကူညီတဲ့ ရိုက်ကူးရေးအဖွဲ့တွေ (ရှမ်းသံတော်ဆင့် မီဒီယာအဖွဲ့၊ ဇာတ်လမ်းမှတ်တမ်းရိုက်ကူးတဲ့ မရှင်ဒေဝီနဲ့အဖွဲ့) ဟာ တီကျစ်ကျောက်မီးသွေးမိုင်း မှတ်တမ်းနဲ့ ကျနော်တို့ကို အကြိုတွေ့ဆုံမေးမြန်းဖို့အတွက် ရိုက်ကူးရန် အများပြည်သူ ဝင်ထွက်ခွင့်ရတဲ့ မိုင်းတွင်းထိပ်က ဘုရားကုန်းပေါ် တက်ခဲ့ကြပါတယ်။ ဘုရားကုန်းမြေဟာ ကန့်သတ်ချက်ရှိတဲ့ ဧရိယာမဟုတ်သလို နိုင်ငံတော်လုံခြုံရေးအရ တားမြစ်ထားတဲ့နယ်မြေ မဟုတ်ပါဘူး။ အဲဒီကနေ ဧဒင်ကုမ္ပဏီရဲ့ ကျောက်မီးသွေးတူးဖော်ထုတ်လုပ်တဲ့ မိုင်းတွင်းကို အပေါ်စီးကနေကြည့်ပြီး မှတ်တမ်းရိုက်ကူးကြပါတယ်။

အဲဒီအချိန်မှာ မိုင်းတာဝန်ခံဆိုတဲ့သူနဲ့ မိုင်းလုံခြုံရေး တာဝန်ခံဆိုသူ ( နှစ်ဦးစလုံးက စစ်မှုထမ်းဟောင်း အရာရှိအဆင့်) တွေလာပြီး သူတို့ခွင့်ပြုချက်မရဘဲ ရိုက်ကူးခွင့်မရှိဘူးဆိုပြီး မိုင်းအလုပ်သမား ၈၀ ခန့်နဲ့ ဝိုင်းထားပြီးရန်ပြုခံရပါတယ်။ ကျနော်တို့အုပ်စု ၇ ယောက်မှာ အမျိုးသမီးနှစ်ဦး ပါဝင်ပါတယ်။ မရှင်ဒေဝီ ကို လာရောက်ဝိုင်းထားတဲ့ ကုမ္ပဏီဝန်ထမ်းတွေက အမျိုးသမီးတစ်ဦးကို စော်ကားတဲ့ စကားလုံးတွေ ပြောနေပေမယ့် ကုမ္ပဏီတာဝန်ခံနဲ့ အကြီးတန်းအရာရှိတွေက တားမြစ်ဟန့်တားခြင်း လုံးဝမပြုပါဘူး။ (Video သက်သေရှိပါတယ်) အဲဒီနေရာမှာ ဓာတ်ပုံရိုက်ကူးခွင့်မရှိကြောင်း၊ ကန့်သတ်ဧရိယာဖြစ်ကြောင်း သတ်မှတ်ချက်၊ ကြေညာချက် (ဗီနိုင်း ဆိုင်းဘုတ်) တစ်ခုမှမရှိပါဘူး။

ကျနော်တို့ လွန်သွားသလား ဒါမှမဟုတ် ကျနော်တို့ စည်းကမ်းမဲ့သွားသလား ဆိုတာ စဉ်းစားလိုက်တဲ့အခါ ကုမ္ပဏီ အဆောက်အဦးထဲ ဝင်ခဲ့တာမဟုတ်သလို ပုန်းလျှိုးကွယ်လျှိုး ထားလို့မရတဲ့ ကျောက်မီးသွေးမိုင်းတွင်း ဧက ၅၀၀ အကျယ်၊ အနက် ပေ ၄၀၀ လောက်ရှိတဲ့ မိုင်းတွင်းကို ဓာတ်ပုံရိုက်တာပဲ၊ နောက်တစ်ချက်က နိုင်ငံတော်က လျှို့ဝှက် ကန့်သတ်ဧရိယာလို့ သတ်မှတ်ထားတဲ့နေရာ မဟုတ်ရင် ကုမ္ပဏီက ဘာတွေဖုံးကွယ်ထားလို့ ကျနော်တို့ကို တားမြစ်ပြီး ရန်ပြုရတာလဲ၊ ကုမ္ပဏီရဲ့အဝန်းအဝိုင်း အဆောက်အဦး၊ စာရွက်စာတမ်းမှတ်တမ်းတွေ ဝင်ရောက်ကြည့်ရှုမယ်ဆိုရင်တော့ တာဝန်ရှိသူတွေကို လေးလေးစားစား ခွင့်တောင်းရမှာပါ။ ကျနော်တို့ဘက်က သတ်မှတ်ထားတဲ့ ချိုးဖောက်မှုတွေရှိရင် တရားစွဲလို့ ရပါတယ်လို့ ပြောခဲ့ပေမယ့် ကုမ္ပဏီမှ တာဝန်ရှိသူက ဝန်ထမ်းတွေ ထပ်မံခေါ်ယူပြီး ဝိုင်းထားပါတယ်။

ကုမ္ပဏီပိုင်ရှင်ဟာ ဒီနေ့မြန်မာနိုင်ငံရဲ့ တိုင်ကွန်းလို့ သူကောင်းပြုထားတဲ့ စီးပွားရေးလုပ်ငန်းပေါင်းများစွာကို ဂုဏ်သရေရှိစွာ လုပ်ကိုင်နေပါတယ်ဆိုတဲ့ ဦးချစ်ခိုင် ဆိုတာ သိရပါတယ်။ ကျနော်တို့အဖွဲ့ ၇ ယောက်လောက်ကို လူ ၈၀ လောက် ဝိုင်းထားပြီး ရန်ပြုဖို့ကြိုးစားတယ်ဆိုရင် ဒေသတွင်း တရားဥပဒေစိုးမိုးရေးဟာ ငွေရှင်ကြေးရှင် အရင်းရှင်တွေ လက်ထဲမှာ စက္ကူစုတ်တစ်ရွက်အဖြစ် ကျဆုံးသွားပြီးလားဆိုတာ စဉ်းစားစရာပါ။

ကြီးကြီးကျယ်ကျယ် ထပ်ပြီးတွေးကြည့်လိုက်ရင် နိုင်ငံတော်ရဲ့ မဏ္ဍိုင်သုံးရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်၊ ဥပဒေပြုရေး ကဏ္ဍတွေမှာ ငွေရှင်အရင်းရှင်တွေက ငွေကြေးနဲ့တန်ဖိုးဖြတ် ဝယ်ယူထားလိုက်ပြီးလားလို့တောင် စဉ်းစားမိပါသေးတယ်။ ဒေသမှာနေထိုင်နေတဲ့ ကိုယ့်မိသားစု ဝမ်းရေးအတွက်သာ အားထုတ်နေရလို့ ဘာမှမသိနားမလည်ရှာတဲ့ တိုင်းရင်းသားတွေကို အာဏာပိုင်လို့ပြောထားတဲ့ ဗျုရိုကရက်တွေနဲ့ပေါင်းပြီး ဘယ်လောက်ထိ အနိုင်ကျင့်ကြမယ်ဆိုတာ မတွေးဝံ့စရာပါ။

စနစ်တစ်ခုဟာ ခေတ်တစ်ခေတ်ရဲ့ ပြယုဂ်ဆိုရင် စနစ်ကို မောင်းနှင်တဲ့ လက်ရှိ အာဏာရ NLD အစိုးရရဲ့ ပုံသဏ္ဍန်က ဘာလုပ်နေလဲဆိုတာ ပြေးကြည့်စရာမလိုပါဘူး။ သမ္မတကြီး ဦးဝင်းမြင့် ပြောခဲ့တဲ့ တရားဥပဒေစိုးမိုးရေးဆိုတာ ဘယ်လိုအရာများ ဖြစ်ပါမလဲ။ အလုံး၊ အပြား၊ အဝိုင်း၊ လေးထောင့်လား ဆိုတာ မြန်မာနိုင်ငံရဲ့ထိပ်သီး ဧဒင်ကုမ္ပဏီက အဖြေထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ကျနော်တို့အနေနဲ့ ကုမ္ပဏီကလူတွေနဲ့ ဖြေရှင်းလို့မရတဲ့အခြေအနေမှာ မတတ်သာတဲ့အဆုံး ပင်လောင်းမြို့နယ် ရဲစခန်းကို ဖုန်းဆက်ပြီး အကူအညီတောင်းရပါတယ်။ ပင်လောင်းကနေ တီကျစ်ကို ကားနဲ့လာရင် တစ်နာရီခွဲလောက်ကြာပါတယ်။ တီကျစ် ရဲကင်းက စခန်းမှူးကလည်း ခရီးစဉ်တစ်ခုသွားနေလို့ ရဲကင်းက ရဲတပ်သားနှစ်ဦးကို အရင်လွှတ်လိုက်ပါတယ်။ နောက်မှ တီကျစ် ရဲကင်းမှူးရောက်လာပြီး ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဖို့ မြို့နယ်ရဲတပ်ဖွဲ့မှူးကို ဖုန်းဆက်ပါတယ်။ ကုမ္ပဏီက ကျနော်တို့ရိုက်ကူးထားတဲ့ အရုပ်တွေ ဖျက်ပေးမှ ဒီကုန်းပေါ်က ဆင်းခွင့်ပြုမယ်လို့ ပြောပါတယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ပြောတော့ ကျနော်တို့ ရိုက်ကူးထားတဲ့ အရုပ်ကဒ်တွေ မဖျက်ပေးနိုင်ဘူး၊ ဒါပေမဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးကို ပြမယ်၊ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကျဆင်းတဲ့ ပုံရိပ်တွေ နိုင်ငံတော်က ကန့်သတ်ထားတဲ့ လျှို့ဝှက်ချက်တွေ ပါတယ်လို့ပြောရင် ဖျက်ပေးမယ် အဲဒါကိုတော့ ခင်ဗျားတို့ တာဝန်ယူရမယ်ဆိုတော့ ကုမ္ပဏီက တာဝန်ရှိသူကို ဘာပြောလိုက်တယ်မသိဘူး၊ ဒေါသတကြီးနဲ့ သူ့လူတွေကို ပြန်ခေါ်သွားပါတယ်။

ကျနော်တို့ကိုတော့ တီကျစ်ရဲကင်းက ရဲတပ်ဖွဲ့က လုံခြုံရေးပေးပြီး တီကျစ်ရွာထဲ ပြန်ခေါ်လာပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးကို ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကျနော် ပင်လောင်းမှာ အမှုလာဖွင့်မယ်ဆိုတော့ မနက်ဖြန် ဆန္ဒပြပွဲအတွက် အဆင်ပြေအောင်ကူညီပါမယ်၊ အမှုဖွင့်ဖို့ကိုလည်း ပြန်စဉ်းစားပေးပါ၊ မနက်ဖြန်အေးအေးဆေးဆေးဖြစ်ဖို့ စဉ်းစားပြီးလုပ်ပါလို့ အကြံပေးပါတယ်။

နိုင်ငံတော်အဆင့် စီးပွားရေးလုပ်ငန်းပေါင်းများစွာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးက လူထုအပေါ် အကျိုးစီးပွားနဲ့ပတ်သက်လာရင် နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို မျက်ကွယ်ပြုပြီး ဥပဒေမဲ့ ရမ်းကားခွင့်ရနေတာဟာ လိုင်စင်ရ ဂုဏ်ထူးဆောင် မာဖီးယား လူဆိုးဂိုဏ်းတွေ ဖြစ်နေသလို NLD အရပ်သားအစိုးရက အကောင်အထည်ဖော်နေတဲ့ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်လိုက်တာပါပဲ။ အဲဒီလိုလုပ်ရပ်တွေ ရဲတင်းစွာ လုပ်နိုင်ဖို့ အာဏာရထားတဲ့ NLD အစိုးရနဲ့က ဘယ်လိုဆက်ဆံရေးတွေ ရှိနေတယ်ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ဒီလိုဖြစ်ရပ်မျိုးတွေ မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိနေမလဲဆိုတာ စဉ်းစားကြည့်စေချင်ပါတယ်။ မန္တလေးတိုင်း အောင်သပြေကျေးရွာက ရွာသူရွာသားတွေနဲ့ ဘိလပ်မြေစက်ရုံ ပဋိပက္ခဟာ NLD အစိုးရလက်ထက်မှာ ဖြစ်ခဲ့တာပါ။ ဒါဟာ ဝါဒရေးရာပြဿနာ မဟုတ်ပါဘူး။ အာဏာရအစိုးရတစ်ရပ် ကိုယ်တိုင်က ငွေရှင် အရင်းရှင်နဲ့ ပေါင်းပြီး အခြေခံလူတန်းစားကို ဖိနှိပ်ဖို့ ကြိုးစားနေတဲ့ ကိုယ်ကျိုးစီးပွားပြဿနာပဲလို့ ဆင်ခြင်မိပါတယ်။

ရှမ်းပြည်နယ်မှာ စစ်တပ်အပါအဝင် လက်နက်ကိုင်ဆောင်ထားတဲ့သူတွေကို ကြောက်ရွံ့နေရတာတင် မဟုတ်ဘဲ နိုင်ငံတော်လို့ပြောနေတဲ့ အစိုးရနဲ့ အကျိုးစီးပွား ဆက်စပ်ပတ်သက်နေတဲ့ အခွင့်ထူးခံ ကုမ္ပဏီကြီးတွေကိုလည်း ကြောက်ရွံ့နေရတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ဘဝကို ကိုယ်ချင်းစာတရား အရင်ထားပြီး ကာကွယ်ပေးနိုင်မှပဲ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေလို့ ရဲရဲတင်းတင်း ကြွေးကြော်ကြပါ။

(စာရေးသူ အောင်ကျော်မိုးသည် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်များအဖွဲ့ MATA ရှမ်းပြည်နယ် အဖွဲ့ဝင်တစ်ဦးဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts