China Watch political news

လူထုကို လိမ်လည်နေကြတဲ့ အာဏာရ ဖောက်ပြန်ရေးသမားတွေရဲ့ တီကျစ် မျက်နှာဖုံးခွာချခြင်း( အပိုင်း ၁)

လူထုကို လိမ်လည်နေကြတဲ့ အာဏာရ ဖောက်ပြန်ရေးသမားတွေရဲ့ တီကျစ် မျက်နှာဖုံးခွာချခြင်း( အပိုင်း ၁)

“လူထုကို လိမ်လည်ခဲ့တဲ့သူတွေဟာ လူထုရှေ့မှာ လိပ်ပြာမလုံကြဘူး”

By အောင်ကျော်မိုး(MATA)

တီကျစ် ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံဟာ ယနေ့အချိန်ထိ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုဘ၀ ထိခိုက်မှု လေ့လာမှုစစ်တမ်း(EIA-SIA) လုပ်ငန်းစဉ် မပြီးဆုံးသေးပါဘူး။ အဲဒီလိုပါပဲ တီကျစ်စက်ရုံကို လောင်စာအဖြစ် ပေးပို့နေတဲ့ ကျောက်မီးသွေးမိုင်းတွင်းဟာလည်း ယနေ့အချိန်ထိ ပတ်ဝန်းကျင် ထိန်းသိမ်းမှု စီမံခန့်ခွဲရေး အစီအစဉ် (EMP) လုပ်ဆောင်ထားခြင်းမရှိသလို ဝန်ကြီးဌာနကလည်း သေချာ စိစစ်ကြပ်မတ်ထားတာ မရှိတာ တွေ့ရပါတယ်။

တီကျစ်ကျောက်မီးသွေးစက်ရုံဟာ EIA လုပ်ငန်းစဉ်ကို ၂၀၁၆ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ အစိုးရသစ် (NLD) လက်ထက်မှာ စတင်ခဲ့ပါတယ်။ အဲဒီအချိန်ကလည်း လူထုက စက်ရုံပိတ်သိမ်းပေးဖို့ တရားဝင်ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

NLD အစိုးရသစ်လက်ထက်မှာဖြစ်လို့ အရင်အစိုးရက သဘောတူညီခဲ့တဲ့ စီမံကိန်းတွေဟာ နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားနဲ့ ဒေသခံလူထုရဲ့ ဘဝလုံခြုံရေးကို အလေးထားဆောင်ရွက်ဖို့ နည်းလမ်းပေါင်းစုံ ချဉ်းကပ်ခဲ့ရပေမယ့် ကျနော်တို့ ရရှိလိုက်တာက စွပ်စွဲပြစ်တင်မှုတွေပါပဲ။

ဒါ့အပြင် စက်ရုံစီမံကိန်းကို ပြန်လည်သုံးသပ်ဖို့ ပြောခဲ့တဲ့သူတွေကို NLD အစိုးရ သစ်ကို အကျပ်ရိုက်အောင် အားပြိုင်နေတဲ့ နိုင်ငံရေးအုပ်စုတွေရဲ့ ပယောဂမကင်းဘူးလို့ စွပ်စွဲခဲ့ကြပါတယ်။ ကျနော်တို့လိုချင်တဲ့စနစ်ဟာ ပြည်သူ့အကျိုးစီးပွားနဲ့ ဒေသတွင်း လူမှုဘဝလုံခြုံရေးကို ဦးစားပေးတဲ့ စီမံကိန်းတွေပါ။ ပုဂ္ဂိုလ်ရေး ခင်မင်ခဲ့တဲ့ ရှမ်းပြည်နယ်အစိုးရ ဝန်ကြီးတွေကို တွေ့ဆုံပြောဆိုခဲ့ပေမယ့် တုန့်ပြန်မှုကတော့ ခင်ဗျားတို့ အရပ်ဘက်အဖွဲ့အစည်းတွေက တိုင်းပြည်အတွက် ခလုတ်ကန်သင်းတွေလို့ မှတ်ချက်ပြုခဲ့သလို ခင်ဗျား ဘာရည်ရွယ်ချက်နဲ့ လုပ်နေတာလဲ၊ ရှမ်းပြည်နယ်မှာ ဘာအလုပ်လုပ်ချင်သလဲ၊ ခင်ဗျားဆိုရင် ရှမ်းပြည်နယ်အစိုးရက သဘောတူမှာပါဆိုတဲ့ စစ်အစိုးရ အတွေးနဲ့ စည်းရုံးလို့ ဝန်ကြီးအိမ်မှာ လက်သီးလက်မောင်းတန်းပြီး စိန်ခေါ်ပွဲဖြစ်ခဲ့ပါသေးတယ်။

၂၀၁၆ ခုနှစ် အစိုးရဖြစ်ပြီး လေးလအတွင်း ကျနော်တို့ကြားရတဲ့ စကားလုံးတွေကို အခုချိန်ထိ မှတ်မိနေပါသေးတယ်။ နောက်ဆုံး ခင်ဗျားတို့က သူပုန်တွေဆိုတော့ အခုထိ သူပုန်အတွေး မပျောက်သေးဘူး ဆိုတဲ့စကား ပြောခံခဲ့ရပါတယ်။ ပြောချင်တာက ဖောက်ပြန်တဲ့စိတ်ထားဆိုတာ မနေ့တစ်နေ့ကမှ ပေါ်လာတာမဟုတ်ပါဘူး။ အစိုးရဝန်ကြီးဖြစ်တာနဲ့ စခဲ့တဲ့ဇာတ်လမ်းပါ။ တီကျစ်ကိစ္စဟာလည်း ရှမ်းပြည်နယ်အစိုးရနဲ့ လက်ဝါးချင်းရိုက်နေတယ်ဆိုလို့ အစိုးရအဖွဲ့ ဝန်ကြီးရုံးခန်းကိုသွားပြီး EIA ကို သေချာလုပ်ပေးပါ၊ ပြီးရင် နိုင်ငံရေးအရ ဆုံးဖြတ်ပေးပါလို့ ပြောခဲ့ပါတယ်။

တီကျစ်စက်ရုံ စမ်းသပ်လည်ပတ်ဖို့ ခွင့်ပြုတော့လည်း EIA မပြီးသေးဘဲ လည်ပတ်ခွင့်ပြုတာက အန္တရာယ်အရမ်းများပါတယ်။ လူထုအတွက် စဉ်းစားပါဆိုတော့ EIA ဆိုတာ စက်ရုံလည်ပြီး စမ်းရတာလို့ ပြောလို့ EIA လုပ်ထုံးလုပ်နည်းနဲ့ ဆက်စပ်ဥပဒေတွေကို Soft Copy ပေးခဲ့ရပါသေးတယ်။

နောက်ဆုံး နောင်ချိုမြေယာကိစ္စနဲ့ပတ်သက်လို့ သွားရောက်တွေ့ဆုံချိန်မှာ ခင်ဗျားတို့ကို ဥပဒေအရလုပ်ရင် အကုန်ထောင်ထဲဝင်ရတော့မယ်ဆိုတဲ့ စိန်ခေါ်တဲ့စကားပါ အပြောခံရတာ ဒီနေ့ထိ မေ့မရတာ အမှန်ပါ။ တီကျစ်ဟာ နိုင်ငံရေးအရနဲ့ စီးပွားရေးကုမ္ပဏီတွေရဲ့ အကျိုးအမြတ် ရှာဖွေတဲ့အလုပ်ပါ။ နိုင်ငံရေးအီလစ်တွေ အချင်းချင်း ဖေးမတဲ့ပွဲမှာ အာဏာရဲ့အရသာကို ဖောက်ပြန်ရေးသမားတွေက ကိုယ်ကျိုးအတွက် လူထုကိုချနင်းဖို့ ဝန်လေးကြမှာမဟုတ်ပါဘူး။ စက်ရုံကို စောမိုးမြင့် အပါအဝင် NLD က အမတ်တွေ လာရောက်စစ်ဆေးကြပါတယ်။

ပညာရှင် တစ်ယောက်မှ မပါဝင်ပါဘူး။ ဥပဒေ လုပ်ထုံးလုပ်နည်း ဂဃနဏ မသိသေးတဲ့ သူတွေက မီဒီယာမှာ စက်ရုံကြီးက ခေတ်မှီနေပြီ၊ Clean Coal နည်းပညာ ပထမဆုံး သုံးနိုင်ပြီဆိုပြီး လက်ခမောင်းခတ်ပြီး နိုင်ငံတော်နဲ့ ပြည်သူလူထုကို လိမ်လည်လှည့်ဖျားခဲ့တာဟာ အသားထဲက လောက်ထွက်တဲ့ ပြည်သူကို သစ္စာမဲ့တဲ့ နိုင်ငံရေး ကျင့်ဝတ်မဲ့ နိုင်ငံရေးသမား အယောင်ဆောင်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပါပဲ။ နှစ်ပေါင်းများစွာက သေဆုံးခဲ့ကြတဲ့ ဘဝတွေပေးဆပ်ခဲ့ကြတဲ့ သူတွေအပေါ် ဒီလူတွေ လိပ်ပြာလုံရဲ့လားလို့ မေးလိုက်ချင်ပါတယ်။

တီကျစ်စက်ရုံနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ်အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဆွေသိန်းဟာ ရှမ်းပြည်အရှေ့ပိုင်းသွားရင်း ရွှေတြိဂံမီဒီယာနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျုး ဗီဒီယိုဖိုင်ကို ကြည့်လိုက်ရပါတယ်။ ပြောထားတဲ့အထဲမှာ လူထုအတွက် ထိခိုက်နစ်နာမှုတွေကို သက်သေပြနိုင်ရင် စက်ရုံလည်ပတ်နေတာ ရပ်ဆိုင်းပေးမယ်လို့ ကတိကဝတ်ပေးထားတာ ကြားလိုက်ရပါတယ်။ အဲဒီအချိန်မှာ စက်ရုံက ဒေသခံ လူထုကို စက်ရုံအစည်းအဝေးခန်းမထဲမှာ ခေါ်ပြီး ငွေကြေးနဲ့ မျှားခေါ်ခဲ့ပါတယ်။ သူတို့ပြထားတဲ့ ခေါင်းစဉ်ကတော့ CSR ရန်ပုံငွေလို့ အမည်တပ်ထားပါတယ်။

အဲဒီအချိန်မှာပဲ စက်ရုံကစွန့်ပစ်တဲ့ ပြာတွေကို ကျေးရွာလမ်းခင်းဖို့ဆိုပြီး ရွာတွေရဲ့လမ်းမပေါ်မှာ ကျောက်မီးသွေးမီးရှို့ရာကနေထွက်တဲ့ ပြာမှုံတွေ သုံးထားတာ အနှံ့အပြားပါပဲ။ မီဒီယာကနေ ရေးလိုက်တော့ ကျေးရွာလူကြီးတွေက တောင်းလို့ ပို့ပေးရတာပါဆိုတဲ့ ဖြေရှင်းချက်ထွက်လာပါတယ်။ စကတည်းက ယဉ်သလိုပါ။ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျစွန့်ပစ်ဖို့ ရှမ်းပြည်နယ်အစိုးရက ကြီးကြပ်ထိန်းကျောင်းနိုင်ခြင်း
မရှိဘူးဆိုတာ တွေ့လိုက်ရတာဟာ အပြောနဲ့အလုပ်က တခြားစီပဲဆိုတာ မြင်တွေ့ခွင့်ရလိုက်တာပါပဲ။

ကျနော်တို့အနေနဲ့ အစိုးရကို ကောင်းမွန်တဲ့ တုန့်ပြန်မှုပြုလုပ်ဖို့ တိုင်ပင်ခဲ့ကြပါတယ်။ အဲဒါကတော့ အဲဒီဒေသရဲ့ ရေ၊ လေ၊ မြေနဲ့ ထိခိုက်မှုရှိနိင်တဲ့အချက်တွေကို ရှာဖွေသုတေသနပြုလုပ်ဖို့ပါပဲ။ ၂၀၁၇ ခုနှစ်ကတည်းက ဆွေးနွေးတိုင်ပင်ခဲ့ကြရင်း ကံကောင်းစွာနဲ့ပဲ ဓာတ်ခွဲခန်းစစ်ဆေးချက်တွေရဖို့ MATA က ကူညီပေးရန် သဘောတူညီခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ် မတ်လမှာ အရပ်ဘက်အဖွဲ့ရယ် ဒေသခံရွာသားတွေနဲ့ လေထု၊ ရေထုကို တိုင်းတာပေးမယ့် ပညာရှင်တွေရယ် စုပေါင်းပြီး လုပ်ငန်းစတင်ခဲ့ကြပါတယ်။ ရေနမူနာ ၁၃ နေရာကို စမ်းသပ်နမူနာယူခဲ့ပါတယ်။ ရေနမူနာယူရတာဟာ အပြောလွယ်သလို လက်တွေ့က မလွယ်ကူပါဘူး။ အကြမ်းပြောရရင် ရေထည့်မယ့် ရေဘူးတွေထိ သတ်မှတ်ချက်တွေအတိုင်း လုပ်ကြရပါတယ်။ ရလာတဲ့ ရေနမူနာကို ၄၈ နာရီအတွင်း ရန်ကုန်က ဓာတ်ခွဲခန်းပို့ဖို့ အချိန်ကိုက် စီစဉ်ကြရပါတယ်။ ရေထည့်မယ့် ရေဘူး၊ လက်အိတ်၊ GPS မြေပုံညွှန်းတွေကို စနစ်တကျ မှတ်တမ်းတင်ရသလို ရေဘူးထဲရေထည့်ချိန်မှာ လေမခိုအောင် ဂရုပြုကြရပါတယ်။

ကျနော်တို့ ရလာတဲ့ အဖြေတွေကို ရင်ခုန်ခဲ့ကြသလို တစ်ဖက်ကလည်း စိုးရိမ်ပူပန်မူ့တွေ ရှိခဲ့ကြပါတယ်။ ရလာတဲ့ အဖြေတွေကို ဓာတ်ခွဲခန်း လက်မှတ်တွေနဲ့အတူ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေဖြစ်တဲ့ Green Peace အဖွဲ့နဲ့ သြစတေးလျက Water Keeper Alliance ဆီပို့ပြီး ဖတ်ခိုင်းရပါတယ်။

ဓာတ်ခွဲခန်းအဖြေတွေ ဖတ်ပြီး နိုင်ငံတကာက ပညာရှင်တွေဟာ အဲဒီဒေသအနေနဲ့ တွေ့ရှိချက်တွေအရဆိုရင် နေထိုင်တဲ့လူတွေအတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်နေပြီဆိုပြီးတော့ သူတို့စရိတ်နဲ့ တီကျစ်ဒေသကို လာကြပါတယ်။ ရောက်ရောက်ချင်း တီကျစ်ဒေသခံလူထုကို တွေ့ရှိချက်တွေကိုပြောပြပြီး GPS ညွှန်းမှတ်တွေအတိုင်း မြေပြင်ကို ကွင်းဆင်းခဲ့ကြပါတယ်။ နောက်ရက်မှာ ရှမ်းပြည်နယ်အစိုးရ ဝန်ကြီးတွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက အဖွဲ့တွေနဲ့ ဌာနဆိုင်ရာတွေ၊ စက်ရုံက တာဝန်ရှိသူ၊ မိုင်းတွင်းက တာဝန်ရှိသူတွေကို အခြေအနေရလဒ်တွေ ပြောပြခဲ့ပါတယ်။ အစိုးရအဖွဲ့ ဝန်ကြီးတွေကတော့ လာရောက်ခြင်းမရှိသလို ဖိတ်ထားတဲ့ အမတ်တွေထဲကဆိုရင် NLD က အမတ်တွေ လာရောက်နားထောင်ခြင်း မရှိခဲ့ပါဘူး။

ကျနော်တို့အနေနဲ့ အဲဒီက ပြာတွေကို ဓာတ်ခွဲဖို့နဲ့ ကလေးတွေရဲ့ ဆံပင်ချည်တွေကို ဓာတ်ခွဲပေးဖို့ သြစတေးလျက Water Keeper Alliance အဖွဲ့ကို အကူညီတောင်းခံခဲ့ပါတယ်။ ကလေးတွေရဲ့ဆံပင်ကို ဓာတ်ခွဲထားတဲ့အဖြေဟာ ကြောက်စရာကောင်းသလို မျိုးရိုးဗီဇဆိုင်ရာ ပြဿနာတွေအပြင် လူ့သက်တမ်းပြည့်အောင်နေရဖို့ အခွင့်အရေးမရှိတော့ပါဘူး။ ဒါကို ကျန်းမာရေးက လာစစ်ဆေးတဲ့ နေရာထိ MATA (Shan) က တာဝန်ရှိသူတွေ သွားပြောတဲ့အခါ ကလေးတွေရဲ့ဆံပင်ကို နိုင်ငံရပ်ခြားပို့ပြီး ဓာတ်ခွဲခိုင်းလို့ တရားစွဲမယ်လို့တောင် ပြောခံရပါသေးတယ်။

ရရှိတဲ့ ဓာတ်ခွဲအဖြေတွေကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနဲ့ ECD ၊ ရှမ်းပြည်နယ်အစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ပို့ပေးခဲ့ပေမယ့် လူထုအတွက် ကောင်းမွန်တဲ့အဖြေ မရရှိခဲ့ပါဘူး။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အခြားဝန်ကြီးဌာနတွေကို ရုံးတွင်းစာအနေနဲ့ စာမျက်နှာ ၁၈ မျက်နှာပါ တီကျစ်နဲ့ပတ်သက်လို့ အလေးထားဆောင်ရွက်ရန် အကြံပြုချက်များကို ရေးသားပေးပို့ထားကြောင်းအကြောင်းပြန်လာပါတယ်။

အဲဒီအစီရင်ခံစာ အကြောင်းကို E-guard က ပြုလုပ်တဲ့ EIA လူထုတွေ့ဆုံပွဲမှာ ပြောပြခဲ့ပေမယ့် ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး စိုင်းလျှံတစ်လုံ (NLD) နဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးဥက္ကဋ္ဌက ကျနော်တို့ တွေ့ရှိချက်ကို အသိအမှတ်မပြုနိုင်ဘူး၊ E-guard က ပြုလုပ်ထားချက်တွေအားလုံးကိုပဲ လက်ခံမယ်၊ ကျန်တာလာမပြောနဲ့ဆိုလို့ အငြင်းပွားကြရပါတယ်။ နိုင်ငံရေးအီလစ်တွေဟာ အခြားနေရာမှာ ညီညွတ်ခြင်းမရှိပေမယ့် အကျိုးစီးပွားခေါင်းစဉ်အောက်မှာတော့ ညီညွတ်ကြတာ တွေ့လိုက်ရပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုတော့ မရှိကြပါဘူး။

ရှမ်းပြည်နယ်လွှတ်တော်မှာ မေးခဲ့တဲ့ ရှမ်းပြည်နယ်လူထုနဲ့ သက်ဆိုင်တဲ့ကိစ္စများ ကိုတော့ ပြည်ထောင်စုအစိုးရရဲ့ သဘောအတိုင်း ဆောင်ရွက်ရတာပါလို့ ဖြေကြားခဲ့တာတွေ အများကြီးပါ။ ဒါပေမဲ့ ၂၀၂၀ ခုနှစ် မေလ ၁၉ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ တီကျစ်နဲ့ပတ်သက်တဲ့ မေးခွန်းကို ရှမ်းပြည်နယ်အစိုးရ၏ သဘောထားမှတ်ချက်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၏ သဘောထားမှတ်ချက်များနှင့် ပေါင်းစပ်ဖြေကြားပါသည် ဆိုတာ တရားဝင်ပြောသွားတာဟာ ပြည်သူအတွက် မည်သူတစ်ဦးတစ်ယောက်မှ တာဝန်မရှိပါလို့ အရပ်စကား ပြောရမယ်ထင်ပါတယ်။

ပြည်သူလူထုကို အရှင်သခင်စိတ်ထားမယ်ဆိုရင် အစိုးရတစ်ရပ်မှာ တာဝန်ယူထားတဲ့သူတွေဟာ ပြည်သူကိုအစေခံလိုတဲ့ ကျွန်စိတ်မွေးဖို့ လိုအပ်ပါတယ်။ အခုတော့ မျက်နှာဖုံးတွေ ကွာကျဖို့ လူထုအားနဲ့ လုပ်ဆောင်ကြရဦးမှာ ဖြစ်ပါတယ်။

တီကျစ်ဒေသမှာ ရေနမူနာ ၁၃ နေရာ ဓာတ်ခွဲစမ်းသပ်ပြီး ရရှိတဲ့အဖြေမှာ ၁၂ နေရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ စံနှုန်းထက် ခဲဓာတ်ပါဝင်မှုနှုန်းဟာ ၅ ဆ ကနေ ၂၇ ဆထိ မြင့်တက်နေပါတယ်။ Water Keeper Alliance မှ ပညာရှင်က ဒါဘာကြောင့်ဖြစ်ရတာလဲ ဆိုတဲ့အဖြေ သူစဉ်းစားလို့ကိုမရဘူးလို့ ပြောပါတယ်။ အဓိကအဖြေကတော့ ကျောက်မီးသွေးစက်ရုံက စွန့်ပစ်ပစ္စည်းတွေဟာ နိုင်ငံတကာသတ်မှတ်ချက်တွေနဲ့ ညီညွတ်ခြင်းမရှိတဲ့အတွက်လို့ ကောက်ချက်ပြုပါတယ်။ ပြောပြချက်အရဆို နိုင်ငံတကာက ကျောက်မီးသွေးသုံးစက်ရုံတွေရဲ့ စည်းကမ်းလိုက်နာမှုမျိုး တီကျစ်မှာ မရှိဘူးဆိုတဲ့အဖြေပါပဲ။

သန့်ရှင်းတဲ့ သောက်သုံးရေရှိတဲ့ ရေထွက်က ရေကို ဒေသခံလူထုတွေအပြင် တီကျစ်ကျောက်မီးသွေးမိုင်းက ပိုက်နဲ့သွယ်ယူအသုံးပြုပါတယ်။ သူတို့ဖြေရှင်းခဲ့သလို မိုင်းတွင်းက စွန့်ပစ်ရေကို သူတို့ သုံးရေအဖြစ် အသုံးပြုခြင်းမရှိကြပါဘူး။ ဒေသက ပြည်သူလူထုပဲ ကျောက်မီးသွေးမိုင်းထဲက စွန့်ပစ်တဲ့ရေကို သုံးရေအဖြစ် အသုံးပြုရသလို နွေရာသီမှာ ရေပြတ်လပ်ရင် သောက်ရေအဖြစ်ပါ အသုံးပြုကြရပါတယ်။

အဲလိုပဲ တီကျစ် ကျောက်မီးသွေးသုံးစက်ရုံထဲမှာ ဘီလူးချောင်းက ရေကို ဂါလံ သိန်း ၂၀ ဆန့် ရေလှောင်ကန်နဲ့ လှောင်ထားပါတယ်။ တစ်ရက် ရေဂါလံဘယ်လောက်သုံးလဲဆိုတာ စက်ရုံမှူးနဲ့တွေ့ဆုံချိန် ဖြေကြားခြင်းမရှိပေမယ့် သူတို့ ရဲ့ EIA ပြုလုပ်မယ့် တွေ့ဆုံပွဲမှာ တစ်ရက်ကို ရေဂါလံလေးသောင်း အသုံးပြုမယ်လို့ ရေးထားပါတယ်။

အင်းလေးရေဝေရေလဲဧရိယာက ဒေသခံတွေကတော့ သောက်သုံးရေအတွက် အခက်အခဲနဲ့ ရင်ဆိုင်ရသလို မိုင်းတွင်းက စွန့်ပစ်ရေ ပြာရည်တွေကိုလည်း စိုက်ပျိုးရေးအတွက် မရှိသုံး သုံးနေကြရပါတယ်။ အင်းလေးကန်ကြီးထိန်းသိမ်းဖို့ဆိုတဲ့ အစိုးရအဆက်ဆက်ရဲ့ စီမံကိန်းကြီးမှာ တီကျစ်စက်ရုံက အသုံးပြုပြီး ပြန်စွန့်ပစ်နေတဲ့ ဘီလူးချောင်းအကြောင်း ပါဝင်သလားဆိုတာ မေးလိုက်ချင်ပါတယ်။ တီကျစ်စက်ရုံရဲ့ EIA စစ်တမ်းမှာ ဘီလူးချောင်းအကြောင်း သုတေသနမလုပ်ထားဘူးလို့ ECD က ထောက်ပြထားပါတယ်။

EIA အတွက် ၂၀၁၆ ခုနှစ် ဧပြီလ လူထုတွေ့ဆုံပွဲမှာ တီကျစ်စက်ရုံဟာ အမေရိကန်နည်းပညာ သုံးမယ်လို့ တရုတ်ကုမ္ပဏီက ရှမ်းပြည်နယ်အစိုးရနဲ့ အမတ်တွေကို တရားဝင်ပြောခဲ့ပါသေးတယ်။ သံရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ ခင်ဗျားတို့ တရုတ်အစိုးရနဲ့ ကျောက်မီးသွေးစက်ရုံ နည်းပညာကူးလူးဆက်ဆံရေး ရှိသလားလို့မေးတော့ သူတို့က အံ့သြပြီး ဒီကိစ္စ တရားဝင်မေးပြီး အကြောင်းပြန်ပါမယ်လို့ ကမ္ဘောဇစာကြည့်တိုက်မှာ ပြောခဲ့တာပါပဲ။ သေချာတာကတော့ နည်းပညာဆိုင်ရာ ဆက်ဆံရေးမရှိဘူးလို့ ဖြေသွားပါတယ်။

အဲဒါကို E GUARD ရဲ့ EIA အစီရင်ခံစာလူထုတွေ့ဆုံပွဲမှာ မေးတော့ ဝူရှီးဟွာကွမ်းက တာဝန်ရှိသူတွေက သူတို့မပြောခဲ့သလို နားမလည်သလို လုပ်နေကြပေမယ့် စက်ရုံမှူးက အစည်းဝေးမှတ်တမ်းယူလာပြီး ဖတ်ပြတဲ့အခါ အတိအကျရေးထားတာကို တွေ့ရပါတယ်။ တိုင်းပြည်နဲ့ လူထုကို လိမ်ညာပြီး ပြောဆိုခဲ့တဲ့အတွက် တရားဝင်ပြန်တောင်းပန်ပါလို့ လူထု ဆွေးနွေးပွဲမှာ ပြောခဲ့ပေမယ့် ပြန်ဖြေရှင်းတာကို တရုတ်ကုမ္ပဏီနဲ့ တာဝန်ရှိသူတွေက မလုပ်ခဲ့ပါဘူး။ ရှမ်းအစိုးရဝန်ကြီး ဦးစိုင်းလျှံတစ်လုံနဲ့ ဦးစီးဥက္ကဋ္ဌ ဘာဖြေရှင်းရမယ်ဆိုတဲ့ မျက်နှာတွေ ပြန်မြင်နေတုန်းပါ။ လူထုကို လိမ်လည်ခဲ့တဲ့သူတွေဟာ လူထုရှေ့မှာ လိပ်ပြာမလုံကြဘူးဆိုတာ တွေ့ရပါတယ်။

နောက်ဆုံး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဥက္ကဋ္ဌက ကျနော့်ကို ညီအစ်ကိုတွေပဲ ဒါတွေက ဖြေရှင်းလို့ရပါတယ်ဆိုတဲ့ စကားရပ်ကြောင့် ဒေသခံနဲ့ ကျနော်တို့အဖွဲ့ဝင်တွေကြားမှာ ကျနော်တို့ အစိုးရအဖွဲ့နဲ့ တစ်သားထဲဖြစ်သွားပြီထင်လို့ ပွဲပြီးတဲ့အချိန် ဒေသခံလူထုကို သေချာရှင်းပြရပါသေးတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဦးစီးဥက္ကဋ္ဌ ခွန်စံလွင်က အရင်က ABSDF 601 ကပါ။ ဒီလို ဆက်နွယ်မှုတွေကြောင့် သူ့ကို ခင်ဗျားအမျိုးတွေ ဒုက္ခရောက်နေတာ လူစဉ်မမှီတာ ခင်ဗျားမြင်ချင်နေလား၊ ကျနော်တို့ အကျိုးစီးပွားအတွက် ဒါတွေလာပြောနေတာ မဟုတ်ဘူး၊ မဖြစ်သင့်လို့လာပြောနေတာ ဆိုတော့ ကျနော့်ကို စက်ရုံထဲသွားကြည့်ပါ၊ တွေ့တာမြင်တာ ပြောပါလို့ ပြောတော့ စက်ရုံထဲသွားကြပါတယ်။ စက်ရုံမှူးရဲ့အဖြေက တစ်ခုခုမေးလိုက်တိုင်း ဒါက ကုမ္ပဏီမှာ တာဝန်မရှိဘူး၊ အစိုးရတာဝန်လို့ပဲ ဖြေပါတယ်။ အဲဒီ စက်ရုံမှူးကို တစ်ရက် ရေဂါလံဘယ်လောက်သုံးလဲလို့ မေးတာ မဖြေခဲ့ပါဘူး။ ကျနော်တို့ကို လစ်တမတ် စက္ကူတွေကို တရုတ်ကုမ္ပဏီကလူက ယူလာပေးပြီး စွန့်ပစ်ရေကို စမ်းခိုင်းပါတယ်။ ကျနော်တို့သိချင်တာက အက်စစ်အနည်းအများ သိချင်တာမှမဟုတ်ဘဲ၊ စွန်ပစ်တဲ့ရေမှာ ပါဝင်တဲ့ သတ္တုဓာတ်ကို သိချင်တာပါ။

ကျနော်တို့အနေနဲ့ ကျောက်မီးသွေးသုံးစက်ရုံအကြောင်း နားလည်ဖို့မလိုပါဘူး၊ လူထုကို ထိခိုက်နေတာကို ကာကွယ်လိုတဲ့စိတ်ပဲ ရှိဖို့လိုအပ်တာပါ။ အံ့သြမိတာက အရင်က အစိုးရအဆက်ဆက် ကျောက်မီးသွေးသုံးစက်ရုံကို ဆန့်ကျင့်ခဲ့တဲ့ လှိုင်ဦးတို့ စောမိုးမြင့်တို့က ဘာကြောင့်များ အခုအချိန်မှာ ကောင်းပါတယ်လို့ အရင်ကနဲ့ပြောင်းပြန် ဘာကြောင့် ပြောခဲ့ကြတာလဲ ဆိုတာကိုပါ။ ဖောက်ပြန်ရေးဟာ လူတန်းစားအလွှာအလိုက်မှာ ခံယူချက်နဲ့ လုပ်ဆောင်တာမဟုတ်မှန်း သိလိုက်ရပါတယ်။

တီကျစ် ကျောက်မီးသွေးစက်ရုံရဲ့ အခြေအနေကို ဦးစောမိုးမြင့်က ကရင်အစိုးရ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ခေါ်ပြခဲ့ပါတယ်။ ကရင်မှာ စက်ရုံဆောက်ဖို့ ကြိုးစားကြပါသေးတယ်။ တရုတ်အစိုးရ တရုတ်ကုမ္ပဏီတွေရဲ့ကြားမှာ ဘယ်သူတွေ ပွဲစား လုပ်ကြတယ်ဆိုတာ မသိပါဘူး။ ကလောမြို့နယ်က အမတ်တစ်ယောက်ကတော့ ဦး စောမိုးမြင့်လို ပညာရှင်က သဘောတူထားတာကို ဘာကြောင့် အရပ်ဘက်အဖွဲ့တွေက ငြင်းပယ်နေတာလဲဆိုတဲ့စကား ကြားသိရတဲ့သူက ပြန်ပြောပြပါတယ်။

မနေ့တစ်နေ့ကမှ အမတ်ဖြစ်လာပြီး ကြားကောင်းအောင်အော်နေတဲ့ သူတွေကိုလည်း တွေ့ဖူးလိုက်ပါတယ်။ ဦးစောမိုးမြင့်ကို ပညာရှင်လို့ မမှတ်ယူပါဘူး၊ သူဟာ မေမြို့ သံမဏိစက်ရုံမှာ တာဝန်ယူခဲ့တဲ့သူတစ်ယောက်ပါ။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့တွေကလည်း လာကြည့်ပြီး ကလေးဝ သစ်ချောက်မှာ ကျောက်မီးသွေးသုံးစက်ရုံတည်ဆောက်ဖို့အတွက် လာကြည့်ကြပါတယ်။ အခုဆိုရင် EIA လုပ်ငန်းစနေပြီလို့ ထင်ပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာတော့ တရုတ်ကုမ္ပဏီနဲ့ MOU ထိုးလိုက်တာကို သတင်းတွေမှာ တွေ့ရပါတယ်။ NLD အစိုးရရဲ့ စွမ်းအင်နဲ့ လျှပ်စစ် ရရှိရေးမူဝါဒဟာ ရှင်းလင်းမှုမရှိပါဘူး။ ရေအားလျှပ်စစ်စီမံကိန်းများကလည်း အရင်အစိုးရက မပြီးစီးနိုင်ခဲ့တဲ့ စီမံကိန်းတွေအများကြီးရှိပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ နယ်လှည့်ခရီးစဉ်တွေမှာ ပြောသွားတာကို သတိထားမိလိုက်ပါတယ်။ စီမံကိန်းတစ်ခုအတွက် ဆုံးဖြတ်ချက်ချဖို့ နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပြည်သူလူထုအတွက် ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးရေးကို အခြေခံရမယ်ဆိုတဲ့အချက်ပါပဲ။ သူပြောတဲ့အတိုင်း အောက်ကလူတွေ ဘာလုပ်နေလဲဆိုတာ သိသင့်ပါတယ်။ မသိဘူးလို့ ပြောမယ်ဆိုရင်တော့ အောက်ခြေက လူလိမ်လူညာတွေရဲ့ မျက်နှာဖုံးခွာချဖို့ လိုပါလိမ့်မယ်။ ပြည်ထောင်စုဝန်ကြီးတွေထဲမှာ NLD ပါတီရဲ့ မူလလက်ဟောင်းပညာရှင်တွေ ပါရဲ့လားဆိုတာက စီမံကိန်းတွေအတွက် လူထုကို မျက်နှာမူမယ့် စဉ်းစားဆင်ခြင်တုံ တရားရှိတဲ့ နိုင်ငံရေးသမားတွေ လိုချင်လို့ပါပဲ။

တီကျစ်ကိစ္စဟာ နိုင်ငံအတွက် အရေးကြီးတဲ့ ဖြစ်ရပ်ပါ။ စီမံကိန်းဟာ ရှမ်းပြည်နယ်မှာ တည်ဆောက်ထားတဲ့ စီမံကိန်းဖြစ်သလို တိုင်းရင်းသားအများစု နေထိုင်တဲ့အရပ်ဒေသ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ တန်းတူညီမျှရေးကို ဘယ်သူတွေ ဘယ်လောက်အော်အော် တီကျစ်နဲ့ပတ်သက်လာရင် အရင်က ဦးသိန်းစိန် အစိုးရလက်ထက်က ပြောဆိုဝေဖန်ခဲ့တဲ့သူတွေလည်း NLD အစိုးရလက်ထက်မှာ နှုတ်ဆိတ်သွားကြပါတယ်။ ပြည်မ နိုင်ငံရေးသမားအများစုဟာ NLD အစိုးရ လက်ထက်မှာ ပြည်နယ်အရေးတွေမှာ နှုတ်ဆိတ်သွားကြတာ သိသိသာသာပါပဲ။

အနာဂတ်မှာ ပြည်နယ် ပြည်မ ခွဲခြားပြောကြရမယ့် စကားရပ်တွေအတွက် အကဲဆတ်သလို ဗမာလူမျိုးကြီးဝါဒ လွှမ်းမိုးချင်တဲ့စိတ်ရှိတဲ့ အစိုးရတစ်ရပ်လို့ စွပ်စွဲရင် အပြစ်တင်ကြဦးမလား။ စီမံ/ စီးပွား ဝန်ကြီး စိုးညွန့်လွင် ပြောတဲ့စကားပြန်ပြောရရင် စီမံကိန်းတစ်ခုမှာ လူ တစ်ထောင်အကျိုးအတွက် လူတစ်ရာကို စတေးသင့်ရင် စတေးရမှာပဲဆိုလို့ သူ့ရဲ့အစိုးရအိမ်တော်မှာ ငြင်းခုံရင်း လူတစ်ယောက်လည်း စတေးမခံနိုင်ဘူးလို့ ပြန်ပြောခဲ့တာကို သတိရမိပါတယ်။ သူပုန်စိတ်ရှိသူတွေလို့ ပြောတဲ့စကား အချိန်ကာလတစ်ခုအထိ ဂုဏ်ယူနေဦးမှာပါ။

နိုင်ငံရေးဆိုတာ နိုင်ငံသားအားလုံး အတွက်ပါ။ ပြည်သူလူထုဟာ အရှင်သခင်ဖြစ်ပေမယ့် အရှင်သခင်နေရာမှာ နေခွင့်ရအောင် တန်ဖိုးထားမပေးနိုင်ဘူးဆိုရင်တော့ နိင်ငံရေးသမားကောင်းမဟုတ်သလို ကောင်းမွန်တဲ့ အစိုးရတစ်ရပ်လို့လည်း မမှတ်ယူနိုင်ပါဘူး။ အာဏာအတွက် အကျိုးစီးပွားအတွက် ဟန်ဆောင်ထားတဲ့ မျက်နှာဖုံးတွေ ခွာချဖို့ ကျနော်တို့ ကြိုးစားရပါမယ်။

(စာရေးသူ အောင်ကျော်မိုးသည် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်များအဖွဲ့ MATA ရှမ်းပြည်နယ်အဖွဲ့ဝင်တစ်ဦးဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts