interview Peace political news

ရှမ်းပြည်နယ်၊ ကျိုင်းတုံနယ်တွင် မြေဧက ၄ သိန်းကျော် သတ္တုစမ်းသပ်ရှာဖွေရန်ရှိ၍ ဒေသခံများ စိုးရိမ်၊ မြေရှားအပါအဝင် ရွှေ၊ ကြေးနီ၊ သံနှင့် သတ္တုများ ရှာဖွေမည်

ရှမ်းပြည်နယ်၊ ကျိုင်းတုံနယ်တွင် မြေဧက ၄ သိန်းကျော် သတ္တုစမ်းသပ်ရှာဖွေရန်ရှိ၍ ဒေသခံများ စိုးရိမ်၊ မြေရှားအပါအဝင် ရွှေ၊ ကြေးနီ၊ သံနှင့် သတ္တုများ ရှာဖွေမည်

MATA ရှမ်းပြည်နယ်တာဝန်ခံ ဒါ်မီမီသိန်းနှင့်ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ရှမ်းပြည်နယ်ကျိုင်းတုံမြို့နယ်တွင် ရွှေစပါးကုမ္ပဏီက မြေဧက ၁၆၅၁၅၆ ဧက Locrian ကုမ္ပဏီက မြေဧက ၁၁၀၀၀၀၊Access Resource ကုမ္ပဏီက မြေဧက ၁၄၀၀၀၀ ဧက၊ Future engineering ကုမ္ပဏီက မြေဧက ၂၀၀၀၀ စုစုပေါင်း မြေဧက ၄ သိန်းကျော် ( မြေဧက ၄၃၅၁၅၆) တွင် သတ္တု စမ်းသပ်ရှာဖွေခွင့်ပြုမည့် အခြေအနေရှိနေပြီး ဒေသခံများမှာ စိုးရိမ်လျက်ရှိသည်။ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့အစည်း MATA မှ ရှမ်းပြည်နယ်တာဝန်ခံ ဒေါ်မီမီသိန်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ရှမ်းပြည်နယ် ကျိုင်းတုံမှာ ကုမ္ပဏီတွေက သတ္တုစမ်းသပ်တူးဖော်ခွင့်ရပြီလို့ သိထားတော့ အဲဒါနဲ့ပတ်သက်ပြီး ဘာတွေ သိထားလဲ။

ဖြေ။ ။ အခုလောလောဆယ်ကတော့ သတ္တုတွင်းကနေပြီးတော့မှ မိုင်းတွင်း Website ကနေပြီးတော့ ကြေညာထားသလောက်ပဲ ကျွန်မတို့က သိတယ်ပေါ့။ လက်ရှိအခြေအနေမှာတော့ ကျွန်မတို့သိထားတာ ဒီ ၄၊ ၅ ခုလောက်တော့ရှိတယ်။ သတ္တုစမ်းသပ်လိုင်စင်ပေါ့နော်။ စမ်းသပ်လိုင်စင်အတွက်ကို သူတို့ လျှောက်ထားတယ်ပေါ့။ လျှောက်ထားတဲ့ဟာက သူက လောလောဆယ်အနေအထားမှာဆိုရင်တော့ ဧက အများကြီး သိန်းချီတာကတော့ ကျွန်မတို့ဒီ ၃ခုပေါ့နော်။ ကျွန်မတို့သိသလောက်ဆိုရင်တော့ ၃ခုရှိတယ်။ ပြီးတော့ ဧက ၂သောင်းကျော်တာ တစ်ခုထပ်ရှိတယ်ပေါ့။ အဲဒါဆိုရင်တော့ အဲဒီကုမ္ပဏီ ၄ခုပေါင်းလောက်ဆိုရင်တော့ မြေဧက ၄သိန်းကျော်သွားတာပေါ့။

မေး။ ။ ဧက သိန်းနဲ့ချီပြီးတော့ သတ္တုတူးဖော်ဖို့ စောင့်ဆိုင်းနေတဲ့ ကုမ္ပဏီတွေက ဘယ်ကုမ္ပဏီတွေလဲ။

ဖြေ။ ။ အဓိကကတော့ ကျွန်မတို့ အခုနည်းနည်းလေးများတာကတော့ ရွှေစပါးပေါ့။ ပြီးတော့ နောက်တစ်ခုကကျတော့ Locrian ကုမ္ပဏီကတော့ ဧက ၁သိန်း ၁သောင်းပေါ့။ သူကတော့ လောလောဆယ်အနေအထားမှာဆိုရင်တော့ သူရဲ့ process ပေါ့နော်။ သူ့ရဲ့ process တွေကတော့ပြီးပြီး။ ပြီးတော့မှ ဒီစီးပွားရေးကော်မရှင်ပေါ့နော်။ အဲဒီဘက်ကို သူတို့တင်ပြထားတယ်လို့ပြောတယ်။ ဒီဟာက ကျွန်မတို့ သတင်းရထားတာပေါ့။

နောက်တစ်ခုက Access Resource ပေါ့။ သူကတော့ ဧက ၁သိန်းနဲ့ ၄သောင်းပေါ့။ နောက်ပြီးတော့ ရွှေစပါးကုမ္ပဏီကတော့ ဧက ၁သိန်း၆သောင်း၅ထောင်ကျော်ပေါ့။ ရွှေစပါးကုမ္ပဏီက ပြည်နယ်အစိုးရကို သဘောထားမှတ်ချက် တောင်းထားတယ်ပေါ့။ သဘောထားမှတ်ချက်တောင်းထားတယ်။ ပြီးခဲ့တဲ့လပေါ့။

၅လပိုင်း ၂၅ရက်နေ့မှာ ဒီရှမ်းအစိုးရကို သဘာထားမှတ်ချက် တောင်းထားပြီးတဲ့အခါကျတော့ အခုဆိုရင် တစ်လပြည့်မယ်ပေါ့။ ကျွန်မထင်တာကတော့ တစ်လအတွင်းမှာ သူတို့ဒီ သဘောထားမှတ်ချက်ပေးရမယ်ဆိုတာမျိုး ကျွန်မတို့သိထားတယ်ပေါ့။ နောက်တစ်ခု ကျွန်မတို့ သတင်းပြန်ကြားတာကလည်း ကျိုင်းတုံမှာ သူတို့ ကုမ္ပဏီတွေကနေပြီးတော့မှ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့မှ တွေ့ဆုံဖို့ရှိတယ်ဆိုပြီးတော့မှ သိထားတယ်။ အဲဒီသုံးခုကတော့ ဧကသိန်းချီပေါ့နော်။ ဧကသိန်းချီကို သူတို့ စမ်းသပ်ဖို့အတွက် လျှောက်ထားတာဖြစ်တယ်ပေါ့။

မေး။ ။ ရွှေစပါး ကုမ္ပဏီက လုပ်ပိုင်ခွင့်တွေကို ပြည်နယ်အစိုးရကို တင်ထားတယ်ဆိုတော့ ကျန်တဲ့ ကုမ္ပဏီနှစ်ခုကကော ဘယ်လိုရှိလဲ။

ဖြေ။ ။ ကျန်တဲ့နှစ်ခုကျတော့လေ ကျွန်မတို့ သိသလောက်ကတော့လေ ရှမ်းအစိုးရကိုတောင် ဖြတ်ပြီးသွားပြီလားတောင်မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကလက်မှတ်ထိုးဖို့အတွက် သူက process တွေအားလုံးက ပြီးသွားပြီပေါ့နော်။ သူက စီးပွားရေးကော်မရှင်ကို တင်ပြထားပြီဆိုတော့လေ။ သူက MIC ပါတီမစ်ကို သူလိုနေတယ်ပေါ့။ ကျွန်မတို့ သိထားတာလေ။

ဓာတ်သတ္တုရှာဖွေဖို့အတွက်ကျ သူကတစ်နှစ်ပေါ့။ စမ်းသပ်တိုင်းတာတာကျတော့ သုံးနှစ်ပေါ့။ ဒီစမ်းသပ်တိုင်းတာတယ်။ ပြီးတော့မှ ဖြစ်မြောက်နိုင်စွမ်း လေ့လာတာက ၁နှစ်ဆိုပြီးတော့ အဲလောက်ကို လုပ်ထားတယ်လို့ ကျွန်မတို့ သိထားတယ်ပေါ့။

လောလောဆယ်မှာ MIC ရဲ့ လက်မှတ်တော့ မရသေးဘူးပေါ့။ အဲဒါလိုနေတယ်လို့ ကျွန်မတို့ သိထားတယ်ပေါ့။ နောက်တစ်ခုကကျတော့ Access Resource ကကျတော့ ၁သိန်း၄သောင်းဟာက အဲဒါလည်းပဲ သူကဒီ MIC ရဲ့ ပါမစ်ပဲလိုတယ်ပေါ့နော်။ သူက cabinet ကိုတင်ပြပြီးသားဖြစ်တယ်။ ဒီအချိန်ကတော့ ကျွန်မတို့ခန့်မှန်းသိရသလောက်ကတော့ နောက်ထပ် ၂လလောက်ဆိုရင် စကောင်းလည်း စမယ်ပေါ့။ အဲလိုမျိုးတော့ဖြစ်တယ်။ လောလောဆယ်အနေအထားမှာတော့ ဒီကုမ္ပဏီတွေက အခုသူတို့ ရှမ်းအစိုးရနဲ့လည်း ညှိနေတဲ့ အနေအထားပေါ့။

အဲလိုမျိုးလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ နောက်တစ်ခုက တော့ သတင်းကြားရသလောက်ဆိုရင် ဒီနေ့ မဟုတ်ရင် မနက်ဖြန်ပေါ့။ ဒီနေ့တော့ သူတို့မတွေ့ဖြစ်ဘူး။ မနက်ဖြန်လောက်ဆိုရင်တော့ အဲဒီ ကုမ္ပဏီက လူတွေ သတ္တုကလူတွေရယ်။ ဒေသကလူတွေကတော့ ပါမပါတော့ မသိဘူးပေါ့။ ဒါပေမယ့် ကျွန်မတို့က သတင်းရထားတာ ဖြစ်တဲ့အတွက် ကျွန်မတို့ရဲ့ လူတွေကို သွားပြီးတော့မှ တက်ခိုင်းထားတယ်ပေါ့။ မေးစရာရှိတဲ့ဟာတွေ မေးဖို့အတွက် ကျွန်မတို့ အဲလိုမျိုးတော့ လုပ်ထားတယ်ပေါ့။

မေး။ ။ သူတို့ ကုမ္ပဏီတွေ လုပ်ဆောင်မယ့် နေရာတွေက ဘယ်နေရာတွေလဲ အဲတာကောသိရလား။

ဖြေ။ ။ သူ Locrian ရယ် Access Resource ရယ်ကျတော့ သူတို့က သူတို့မြေပုံ GPS ပေါ့။ ဒီမြေပုံအညွှန်းကိုပဲ သူတို့ကပေးထားတယ်။ နေရာအတိအကျကို မပြောဘူး။ ကျိုင်းတုံမြို့နယ်လို့ပဲ သူတို့က ထည့်ထားတယ်ပေါ့။ ကျိုင်းတုံမြို့နယ် လို့ပဲထည့်ထားတယ်။ ပြီးတော့ GPS အမှတ်နဲ့ သူတို့ထွက်ထားတယ်ပေါ့။

အဲဒီ မြေပုံအညွှန်းကိန်း အဲလိုတွေပဲ ထွက်ထားတယ်။ ဒါပေမယ့် ရွှေစပါးကျတော့ သူကတော့ အတိအကျပြောထားတယ်။ ကျိုင်းတုံမှာ လွယ်မြွေ အုပ်စုပေါ့။ လွယ်မြွေမှာ လုပ်ဖို့ဆိုပြီးတော့မှ သူတို့အဲတာ တစ်ခါတည်း Website တွေမှာကြေညာထားတယ်။ မိုင်းတွင်း website ထဲမှာရှာကြည့်လိုက်တာ။ အဲလိုမျိုး နေရာအတိအကျ သူပြောထားတယ်ပေါ့။ နောက်တစ်ခုကကတာ့ Future engineering ကတော့ ဧက ၂သောင်းကျော်ပေါ့။ အဲတာကျတော့လည်း သူက ရှမ်းအစိုးရထံမှာ သူက ၂လပိုင်းထဲက တောင်းထားတယ်ပေါ့။ ၂လပိုင်းတည်းက သဘောထားမှတ်ချက် တောင်းထားတယ်ဆိုတော့ အဲဒါကလည်း ဘယ်အဆင့်ရှိပြီလည်း ဆိုတဲ့ဟာမျိုးပြန်လိုက်ရမှာဖြစ်တယ်။

ဘာလို့လဲဆိုတော့ ကျွန်မတို့က အခုမှ အဲဒီ ရွှေစပါးကို လိုက်ရင်းနဲ့မှ ကျန်တဲ့ဟာတွေပါ ကျွန်မတို့ ထပ်တွေ့လာတယ်ဆိုတော့လေ Future engineering ကျတော့ သူကတော့ ၂လပိုင်းတည်းကဆိုရင်တော့ အခုချိန်မှာတော့ သဘောထားမှတ်ချက်က ပေးလိုက်ပြီလား မပေးလိုက်ဘူးလားဆိုတဲ့ဟာပဲ ကျန်မှာပေါ့။

သူက ၂လပိုင်းတည်းက တောင်းထားတာဆိုတော့လေ ခွင့်ပြုပေးလိုက်လား။ သဘောထားမှတ်ချက် လက်မှတ်ထိုးပေးလိုက်လား ဆိုတာကိုတော့ ကျွန်မတို့ ပြန်လိုက်ရမှာပေါ့။

မေး။ ။ သူတို့က သတ္တုတူးဖော်တာဆိုတော့ ဘာသတ္တုတူးဖော်တာကို ပြောတာလဲ။

ဖြေ။ ။ သူတို့ပြောတဲ့ပုံအရဆိုရင်တော့ အဓိကကတော့ ရွှေနဲ့ တခြား သတ္တုပေါ့နော်။ တခြား သတ္တုဆိုပြီးတော့မှ သူတို့ ရေးထားတာလေးရှိတယ်။ သူတို့ပြောထားတဲ့ ပုံစံအရဆိုရင် တကယ်တမ်းတော့ ခဲတို့၊ သွပ်တို့ ကြေးနီတို့ပေါ့။ နောက်ပြီးတော့ သံပေါ့။ ပြီးတော့မှ မြေရှားပေါ့။ အဲဒီလိုဟာမျိုးတော့ သူတို့ကပြောတော့ပြောထားတယ်။

ဒါပေမယ့် ကျွန်မတို့ကြားသိရသလောက်ကတော့ ဒီဟာက ရွှေပေါ့နော်။ အဲသတ္တုတွေ တူးဖို့ဆိုပြီးတော့ ရှာမယ်ဆိုတဲ့ဟာမျိုးပေါ့။ ဒါပေမယ့် သူကတော့ ဘယ်သတ္တုရှိတယ်ဆိုတဲ့ဟာမျိုး အတိအကျတော့ သူတို့ မပြောထားဘူးပေါ့။

မေး။ ။ ဒီလိုတူးဖော်မယ့် ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒေသခံပြည်သူတွေရဲ့ ဘာတွေစိုးရိမ်မှုရှိလဲ။

ဖြေ။ ။ ဒီလိုကိုဗစ်ကာလမှာ ဒီလိုဟာမျိုးတွေပေါ့နော်။ ထိတ်လန့်စေတဲ့ လူတွေရဲ့ စိတ်ထဲမှာက အများကြီး သတင်းတွေပြန့်သွားတယ်ပေါ့။ လူထုအနေနဲ့ကတော့လည်းပဲ ဒီလိုသယံဇာတ ကိစ္စတွေနဲ့ သတ္တုလိုင်စင်ချထားမှုတွေ ကိစ္စတွေဆိုရင် ကျွန်မတို့ ကျိုင်းတုံက လူထုတော်တော်များများသည် ဒါတွေကို သူတို့ သိပ်မသိဘူးပေါ့လေ။ မသိဘူး။ သူတို့က သူတို့ရဲ့ စားဝတ်နေရေးနဲ့ သူတို့ရဲ့ ခြံအလုပ်တွေလုပ်မယ်။ စိုက်ပျိုးရေးတွေလုပ်မယ်။ သူတို့ရဲ့ မိသားစုစီးပွားရေးလေး အဆင်ပြေဖို့အတွက်ပဲ အာရုံရှိနေတဲ့သူတွေဖြစ်တယ်ပေါ့။

အဲတော့ ဒီလိုမျိုးအပိုင်းတွေလည်း သူတို့အနေနဲ့က သတိမမူဖြစ်ဘူး။ အဲလောက်ထိလည်း သူတို့ မသိထားဘူးပေါ့နော်။ အဲလိုမျိုးအခြေအနေဖြစ်တယ်။ သို့သော်များလည်းပဲ ဒီလိုမျိုးပေါ့။ လုံးဝအေးဆေးတဲ့ ဒီနေရာမျိုးနားမှာ သတ္တုလုပ်ကွက်တွေ စမ်းသပ်ဖို့အတွက်ဟာမျိုးတွေ ဖြစ်လာတယ်။ ပြီးတော့မှ ဧကကလည်း များတယ်ပေါ့။ အဲဒီအရာပေါ်မှာ လူထုက ဒီဟာကို သိသွားတော့ သူတို့အနေနဲ့ စိုးရိမ်ပူပန်မှုတွေရှိတယ်။

နံပါတ် ၁ကတော့ ကျွန်မအနေနဲ့ မှတ်ချက်ပြုလိုတာကတော့ ကိုဗစ် ကာလကြီးထဲမှာ ဘာကြောင့် ဒီလိုလုပ်ရသလဲပေါ့။ ဘာကြောင့်လဲလို့ မေးခွန်းထုတ်ချင်တယ်။

နောက်တစ်ခုကျတော့ ဒုတိယတစ်ခုကကျတော့ ကျွန်မတို့က ဒီလူထုအနေနဲ့ကတော့ ဒီ လွယ်မွေဆိုတဲ့ ဟာကြီးကို သိသွားတဲ့အခါမှာ သူတို့စိုးရိမ်ကျတယ်ပေါ့။ ဘာလို့လည်းဆိုတော့ လွယ်မွေဆိုတာက ကျွန်မတို့တောင်ပေါ် မြို့လေးဖြစ်တယ်။ အရမ်းလည်း သာယာတယ်။ တကယ့်ကို အေးချမ်းတဲ့မြို့လေးဖြစ်တယ်။ အရမ်းခရီးသွားလာကျတဲ့ နေရာဖြစ်တယ်ပေါ့။ ကျိုင်းတုံရဲ့ အထင်ကရ နေရာလည်းဖြစ်တယ်။ ပြီးတော့ နှစ် ၁ဝဝ အိမ်တို့ဘာတို့လည်း ရှိတဲ့နေရာဖြစ်တယ်ပေါ့။

အဲဆိုတော့ အဲဒီနေရာမှာ သူတို့လာလုပ်မယ်ဆိုတဲ့ သတင်းမျိုးကြားတဲ့အခါမှာ လူထုအနေနဲ့ အရမ်းစိုးရိမ်တယ် အရမ်းကြောက်ရွံ့တယ်ပေါ့။ သူတို့ သဘာဝတရားတွေ ပျက်စီးမှာ စိုးရိမ်တာက နံပါတ် ၁ပေါ့။ နောက်တစ်ခုကကျတော့ ဒီရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေရှိတဲ့အခါကျတော့ အဲတာကိုလည်း သူတို့စိုးရိမ်တယ်။ ပြီးတော့ သူကတောင်ပေါ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲတောင်ပေါ်မှာ လုပ်လိုက်ပြီဆိုရင် အောက်က ကျိုင်းတုံက ဒယ်အိုးပုံဖြစ်တဲ့အတွက်ကြောင့် အပေါ်ကလုပ်လိုက်ရင် အောက်ကလူအကုန်လုံးခံရမှာဖြစ်တယ်ပေါ့။ impact ကများတယ်ပေါ့။ ဒါလေးတွေရှိတဲ့အခါကျတော့ သူတို့စိုးရိမ်တဲ့အပိုင်းတွေပေါ့။

မေး။ ။ ဒီလိုတူးဖော်မယ့် အပေါ်ကိုကော ဘယ်လိုမှတ်ချက်ပေးချင်တာရှိလဲ။

ဖြေ။ ။ ဒီလိုမျိုး ဧကအများကြီးထဲမှာမှ စမ်းသပ်မယ်ဆိုရင် ကျွန်မတို့နိုင်ငံက တော်တော်များက မြေပြင်ကိုတော်တော်များ လိုက်မကြည့်နိုင်တာရှိတယ်။ သူတို့စမ်းသပ်ရင်းနဲ့ပဲ တူးသွားတဲ့ဟာတွေ အများကြီးရှိတယ်ပေါ့။ တကယ်တမ်းဆိုရင်လည်း စမ်းသပ်တယ်ဆိုရင်လည်း စမ်းသပ်လို့ရတယ်။ သူရဲ့ အတွင်းမှာ ၄ပေပတ်လည်လောက်ပဲ အကျယ်တူးပြီးတော့မှ စမ်းသပ်ရတာပေါ့။

ကျွန်မတို့ တော်တော်များများသည် စမ်းသပ်ပြီလို့ပြောရင် စက်ယန္တရားတွေနဲ့ ကော်ထုတ်လိုက်တဲ့ဟာမျိုးတွေရှိတယ်ပေါ့။ အဲတာမျိုးကိုလည်း ဒါကိုစိုးရိမ်တယ်ပေါ့။ စမ်းသပ်တယ်ဆိုပြီးတော့မှ တူးထုတ်သွားတာတွေ ဒီဟာတွေအတွက်လည်း ကျွန်မတို့က စိုးရိမ်မှုဖြစ်မိတယ်။ နောက်တစ်ခုကကျတော့ အဓိကကတော့ လူထုအနေနဲ့ သူတို့ရဲ့ မြေတွေပါသွားမှာလား။ ဥပပမာဆိုရင် ဘယ်နေရာလည်းဆိုတဲ့ဟာမျိုးကို သူတို့ဘယ်နားမှာ စမ်းသပ်မှာလည်း ဥပမာ ဧကတစ်သိန်းကျော်ဖြစ်တဲ့အတွက်ကြောင့် ဘယ်နေရာမှာ ကျမလဲဆိုတာ ကျွန်မတို့မသိဘူးပေါ့။

ဘယ်နေရာမှာစပြီးတော့ စမ်းသပ်မယ်ဆိုတာမသိဘူး။ အဲဒီနေရာက စပါးစိုက်တဲ့နေရာဖြစ်နေမလား။ သစ်တောရှိတဲ့နေရာမှာဖြစ်နေမလား။ လက်ဖက်ခြံရှိတဲ့နေရာမှာဖြစ်နေမလား။ စသဖြင့်ပေါ့။ အဲလိုမျိုးတွေးပူးတဲ့အရာတွေဖြစ်လာတယ်ပေါ့။ ဒီဟာလိုမျိုးလုပ်ပြီဟေ့ဆိုရင် နောက်ဆက်တွဲပြဿနာတွေက အများကြီးဖြစ်လာမယ်ပေါ့။ အဲပေါ်မှာ သူတို့စိုးရိမ်တယ်ပေါ့။ နောက်တစ်ခုကကျတော့လည်း သူက ရှမ်းအရှေ့မှာဆိုရင် တာလီဆိုလည်းပဲ အရမ်းကို ပျက်ဆီးခဲ့တဲ့ အနေအထားရှိတယ်ပေါ့။ တောင်တွေပြိုသွားတယ်။ အောက်ကနေတဲ့ လူထုတွေက အများကြီးထိခိုက်တယ်ပေါ့။ ဒါကိုလည်း သူတို့က သင်ခန်းစာယူတယ်ပေါ့နော်။ သင်ခန်းစာယူထားတာဖြစ်တဲ့အတွက် တာလီလို ဖြစ်မှာလည်း သူတို့စိုးရိမ်ကျတယ်ပေါ့။

ဒါကလူထုရဲ့ စိုးရိမ်မှုဖြစ်တယ်။ အဲတော့ အားလုံးကိုပေါင်းပြီးတော့မှကြည့်လိုက်မယ်ဆိုရင် ကျွန်မတို့သည် ဒီအပေါ်မှာတော့ လက်မခံနိုင်ဘူးပေါ့။ လက်မခံနိုင်ရတဲ့အကြောင်းအရင်းတွေက ရှေ့ကပြောခဲ့တဲ့ အကြောင်းအရင်းတွေရှိတယ်ပေါ့။ လူထုက ဒီလိုအကြောင်းပြချက်တွေရှိတယ်။ နည်းနည်းလေးစပေးလိုက်ပြီဆိုရင် နောက်ဆက်တွဲအများကြီး စဖြစ်လာမှာဖြစ်တယ်ပေါ့။ အဲဒီအနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့ အနေနဲ့ကတော့ တကယ်လို့ ရှမ်းအစိုးရကလည်း သဘောထားမှတ်ချက် မပေးသေးဘူးဆိုရင် ဒီဟာတွေကို ထည့်သွင်းစဉ်းစားပေးဖို့ ရေရှည်အတွက် ကျွန်မတို့ စဉ်းစားပေးဖို့အတွက်ဖြစ်တယ်။ ရေရှည်လတ်တလောဟာကိုပဲ မကြည့်ဘဲနဲ့ နောက်သားစဉ်မြေးဆက် နောင်အနာဂတ်က လူတွေအတွက် ကျွန်မတို့ ထည့်ပြီးတော့မှ စဉ်းစားပေးဖို့ ဖြစ်တယ်ပေါ့။ နောက်တစ်ခုကကျတော့ ကျွန်မတို့ ရှမ်းအစိုးရကို သဘောထားမှတ်ချက်တွေ စာတွေပေးဖို့ လုပ်ထားပြီးသားဖြစ်တယ်ပေါ့။ ဒီလူထုရဲ့အသံကို အလေးထားပေးဖို့ပြောချင်တယ်။ နောက်တစ်ခုစိုးရိမ်တာသည် ကျွန်မတို့က စစ်ကိုင်း ဝန်းသိုလိုဆိုရင် လူမှုကွန်ရက် မှာဆိုရင် သတင်းတွေပြန့်နှံ့နေတယ်ပေါ့။

ဆိုရှယ်မီဒီယာ အနေအထားရဆိုရင် အရမ်းသိသွားတယ်။ တစ်နိုင်ငံလုံးအနေနဲ့ သိသွားတယ်ပေါ့။ သူနဲ့ အပြိုင်မှာ ကျိုင်းတုံဟာရှိနေတယ်ပေါ့။ ဒီနေရာပေါ်မှာ ဒါလုပ်မယ်ဆိုတာ လူတိုင်းက မသိနိုင်ဘူးပေါ့။ အဲတာကြောင့် ဒီဟာကြီးကို ထိုးကျွေးခံလိုက်ရမှာ စိုးရိမ်တယ်။ အဲလိုအနေအထားမျိုး စိုးရိမ်တာရှိတယ်။

နံပါတ် ၁ကတော့ ကျွန်မတို့က လူထုရဲ့အသံကို နားထောင်ပေးပြီးတော့မှ ဆင်ခြေစွာနဲ့ ဒီဟာကို လုပ်ပေးဖို့ ကျွန်မတို့က သတ္တုတွင်း ဥပဒေအရဆိုရင်လည်းပဲ သူကတော့ လျှောက်ထားပိုင်ခွင့်စမ်းသပ်ခွင့်ကတော့သူက ၅သိန်းထိလျှောက်လို့ရတာကို ဥပဒေကလည်းရှိထားတယ်ဆိုတော့လေ။ တကယ်သာ စမ်းသပ်တယ် ခွင့်ပြုသွားခွင့်ရင်လည်း အနောက်က Check လိုက်ရမယ့် ဟာတွေတော့ရှိတာပေါ့။ ဒါလေးတော့ရှိတယ်။

ဒါပေမယ့် ကျွန်မတို့မှာတော့ authority မရှိဘူး။ authority ရှိတာက အခုလက်ရှိအနေအထားမှာ ရှမ်းအစိုးရဖြစ်တယ်ပေါ့။ သူတို့သဘောထားမှတ်ချက် ပေးလိုက်ပြီဆိုရင် ကျွန်မတို့ လူထုကတော့ အနည်းနဲ့ အများတော့ ထိတော့ထိမှာပေါ့။ အဲတော့ နောက်ဆက်လုပ်ရမယ့်ဟာတွေ ပါလာမှာပေါ့။ ကျွန်မတို့ အနေနဲ့ကတော့ ဖြစ်နိုင်ရင်တော့ မလုပ်ဖို့ ဒါကိုတားချင်တယ်။ နောက်တစ်ခုကတော့ ပြန်ရမယ့်ဟာနဲ့ ပေးလိုက်ရမယ့်ဟာနဲ့ မျှတရဲ့လား။ စဉ်းစားဖို့ဟာဖြစ်လာတယ်ပေါ့။ ဖွံ့ဖြိုးရေးအတွက်သော်လည်းကောင်း အခွန်ဘဏ္ဍာငွေ ရဖို့အတွက်သော်လည်းကောင်း လုပ်တဲ့အခါမှာ တကယ့်မြေပြင်မှာ အဲဒီဟာနဲ့ ထိုက်တန်းတဲ့ဟာကို ရရဲ့လား။ ပြန်စဉ်းစားဖို့ဖြစ်တယ်ပေါ့။ ရတာကနည်းနည်း ဆုံးရှုံးသွားရတဲ့ဟာက များများဆိုရင် ဒါက မဟုတ်သေးဘူးပေါ့။ ကျွန်မတို့အနေနဲ့ ဒါလေးကိုပြောချင်တယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts