All News interview

ရဲရာထူးခန့်ချုပ်ရဲမှူးချုပ်ဇော်မိုးသန်း၏ ရဲမေတချို့အပေါ် လိင်အမြတ်ထုတ်မှု ပြည်သူများက ရဲအပေါ် မယုံကြည်တော့၊ ပြည်ထဲရေးဝန်ကြီး ဝန်ချတောင်းပန်သင့်ဟုဆို

ရဲရာထူးခန့်ချုပ်ရဲမှူးချုပ်ဇော်မိုးသန်း၏ ရဲမေတချို့အပေါ် လိင်အမြတ်ထုတ်မှု ပြည်သူများက ရဲအပေါ် မယုံကြည်တော့၊ ပြည်ထဲရေးဝန်ကြီး ဝန်ချတောင်းပန်သင့်ဟုဆို

By ရန်ကုန်ခေတ်သစ်

ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းကို ရဲမေတချို့အပေါ် လိင်အမြတ်ထုတ်မှုဖြင့် စစ်ဆေးလျက်ရှိပြီး နိုင်ငံတော်သမ္မတအထိပင် တင်ပြထားကြောင်း သမ္မတရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာနဘက်က တရားဝင် ထုတ်ပြန်ပြောဆိုထားသည်။ ရဲရာထူးခန့်ချုပ် ၏ အပြုအမူကြောင့် ပြည်သူများအံ့အားသင့်ကြပြီး ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ဒုရဲမှူးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် ဇော်မိုးသန်းကို ရဲမေတွေက လိင်ပိုင်းဆိုင်အမြတ်ထုတ်လို့ တိုင်ထားတာကို စစ်ဆေးနေတယ်လို့ သမ္မတရုံးဘက်ကရော ပြည်ထဲရေးဘက်ကပါ ထုတ်ပြန် ပြောဆိုနေတယ်ပေါ့။ ဒီလို အဖြစ်အပျက်က ဘယ်လောက်ထိ သက်ရောက်မှုရှိလဲ။

ဖြေ။ ။ သက်ရောက်မှုက ကျနော့်အမြင်က ကြီးမားတယ်လို့ ယူဆတယ်။ ထိပ်တန်းအရာရှိကြီးတစ်ယောက်ရဲ့ ကျူးလွန်တဲ့ကိစ္စဆိုတော့ အောက်ခြေရဲတပ်ဖွဲ့ဝင်တွေ အပြင် ပြည်သူလူထုကလည်း စိတ်ဝင်စားတယ်။ ပြည်သူလူထုက ဘာကြောင့်လဲဆိုတော့ ရဲဆိုတော့ ပိုစိတ်ဝင်စားတာပေါ့ဗျာ။ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရတာကိုး။ တရားဥပဒေစိုးမိုးရေးအတွက် တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရတဲ့အဖွဲ့ဆိုတော့..။

ကျနော်က ဒီနေရာမှ ဘာသွားမြင်လဲဆိုတော့ ထိပ်ပိုင်းဆိုင်ရာ အကြီးအကဲက ဒီလို ကျူးလွန်လိုက်တဲ့အခါကျတော့ တကယ်တမ်း က လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက် အများကြီး ဂုဏ်သိက္ခာကျဆင်းပြီး ထိခိုက်နစ်နာမှုရှိတယ်။

သူတို့အနေနဲ့ ကိုယ်မဟုတ်ပေမယ့် ကိုယ့်ရဲတပ်ဖွဲ့ ဝင်က ဒီလိုဖြစ်သွားတာလာပါလားဆိုတဲ့ သိမ်ငယ်စိတ်ဝင်ပြီးတော့ လုပ်ငန်း ဆောင်ရွက်တဲ့အခါ အများကြီး နှောင့်နှေးကြန့်ကြာတာတို့ လုပ်ငန်းတွေ မအောင်မြင် တော့တာတို့ ပြည်သူရဲ့ အငြိုအငြင် သံသယဖြစ်ခံရတာတို့ အများကြီးကြုံတွေ့နိုင်ပြီးတော့ တရားဥပဒေစိုးမိုးရေးဆီကို ကြီးကြီးမားမား ထိခိုက်ပျက်စီးသွားနိုင်တယ်လို့ မြင်တယ်။

အတိုင်ခံရပြီဆိုကတည်းက ဒါက ထူးခြားတဲ့ဖြစ်စဉ်ဖြစ်နေပြီ။ ထိပ်ပိုင်း ရဲ အချုပ်တွေ အကုန်လုံးက တပ်ကချည်းပဲ။ ရဲစစ်စစ်ဆိုရင် ဒုချုပ် လုပ်တဲ့ ရဲချုပ် အောင်နိုင်သူ တစ်ယောက်ပဲရှိတယ်။ ကျန်တာက တပ်ကချည်းပဲ။

ရဲရာထူးခန့်ချုပ်ဆိုတာက ကျနော် ဒုရဲမှူးဖြစ်တဲ့အထိ အဲဒီရာထူးမရှိဘူး။ ဒီရာထူးက ၂၀၁၈ ခုနှစ်မှ ပေါ်လာတာ။ သိသလောက်ဆိုရင် ဧပြီလလောက်မှာ ပေါ်လာတာ။ ပြောချင်တာက ကျနော်တို့ရဲမှာက ဦးရေးထောက် ဆိုတဲ့ ကဏ္ဍကြီး ၃ ရပ်ရှိတယ်။ ရဲဦးစီးချုပ်၊ ရဲရေးချုပ်၊ ရဲထောက်ချုပ်ဆိုတာ ၃ ဦးရှိတယ်။ ရဲရေးချုပ်ရဲ့ တာဝန်က ရဲရာထူးခန့်ထားရေး တာဝန်လည်း ပါတယ်။ ရဲတွေရဲ့ အပြောင်းအရွှေ့ ခန့်ထားရေး ကိုလည်း ရဲရေးချုပ်က ကိုင်ရတာ။ ရဲရေးချုပ် တာဝန်တွေက များလို့များလား ရဲရာထူးခန့်ချုပ်ဆိုတဲ့ရာထူးကို ထွင်လာတာသလားတော့ မသိဘူး။ အဲဒီလိုနဲ့ ပေါ်လာတဲ့ ရာထူးဖြစ်တယ်။ ပေါ်ပြီးတော့ မကြာဘူး ဒီပြဿနာတက်လာတာပဲ။

မေး။ ။ ရဲတပ်ဖွဲ့မှာ ရာထူးတိုးဖို့ဆိုရင် လာဘ်ထိုးရတာတို့၊ ရဲမေတွေဆိုရင် လိင်အမြတ်ထုတ်ခံရတဲ့သဘောဖြစ်နေတော့ ရဲထဲမှာ ရာထူးတိုးဖို့က တစ်ခုခု ပေးဆပ်မှရာထူး တိုးတာလား။

ဖြေ။ ။ ကျနော်ကိုယ်တိုင်ဆိုလို့ရှိရင် ဒါ ဒုရဲမှူးအဆင့်အထိ ရေးဖြေ ကျော်ဖြတ်ပြီးမှ ရောက်ခဲ့တာပါ။ ဒါပေမယ့် ကျနော်တို့တုန်းကတော့ ဘာခေါ်လဲ ကျနော်ကိုယ်တိုင်တော့ ဘာမှ ပေးခဲ့ရတာမရှိဘူး။ ကျနော် ဒုရဲမှူးဖြစ်တဲ့အထိ ။ ဒါပေမယ့် ထူးခြားတာတစ်ခုက ကိုယ်တိုးသင့်တဲ့အချိန်မှာ ကိုယ်ကလည်း မတိုးခဲ့တဲ့ အခြေအနေမျိုးကြုံရတာပေါ့။

အဲဒီအခါမှာ ကိုယ်လည်း သူလို ဖြေနိုင်ရဲသားနဲ့ သူကတော့ ဘာကြောင့်မို့လို့ ဖြစ်သွားတာလဲ ဆိုတဲ့ သဘောမျိုးလေးတွေ ဆန်းစစ်လေ့လာကြည့်တဲ့အခါကျတော့ အဲဒီလိုလူတွေမှာလည်း အဂတိမကင်းတဲ့သဘောတရားနဲ့ ချီတက်သွားကြတာလည်း သတိ ထားမိပါတယ်။

ကျနော်တို့ခေတ်က ရဲမေတွေ ရှားတော့ ဒီလိုကိစ္စတွေ မဖြစ်ဘူး။ မရှိဘူးပေါ့ဗျာ။ မတွေ့သေးဘူးပေါ့။

မေး။ ။ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ် လိင်အမြတ်ထုတ်မှုနဲ့ အစစ်ဆေးခံနေရတယ်။ ရှေ့မှာလည်း ရထားရဲမှူးချုပ်တို့ ထောင်ကျတာ၊ ရဲမှူးချုပ်တစ်ယောက် ထုတ်ခံရတာ တွေလည်းရှိနေတော့ ဒါက ပြည်ထဲရေးဝန်ကြီးအသစ်လက်ထက်မှာ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး စတင်ပြီလို့ ဆိုနိုင်တာလား။

ဖြေ။ ။ ကျနော်ကတော့ ပြောလို့မရသေးပါဘူး။ ဒါ စောပါသေးတယ်။ ကျနော်ကတော့ အဲဒီလိုပဲမြင်တယ်။ ဒါက ပြောရမယ်ဆိုရင် တိုင်တဲ့သူရှိလာမှ ပေါ်ပေါက်လာတဲ့ပြဿနာလေ။ အဲဒါကြောင့်မို့လို့ စရှင်းတာမဟုတ်ပါဘူး။ သူ့ဟာသူ ပေါ်လာတဲ့ အစလေး တစ်စပဲရှိပါသေးတယ်။ တကယ်တမ်း အပေါ်စီးကနေ ဒီထက် မြင်သာ သိသာတဲ့ ထိပ်ပိုင်းမှာ ဒါမျိုးတွေ မကင်းတာ အများကြီးပါ။

မေး။ ။ ထိပ်ပိုင်းမှာ ဆိုတာက ဘယ်အဆင့်လဲ။

ဖြေ။ ။ ပွင့်ပွင်းလင်းလင်းပြောရရင် ကျနော်တို့ အောက်ခြေမှာတောင်မှ အောက်ခြေ တပ်ဖွဲ့ဝင်တွေမှာကိုက သက်ဆိုင်ရာ ဆင့်ကဲဆင့် ကဲ အနည်းနဲ့အများ ပေးကမ်းနေရတဲ့ ဇတ်လမ်းတွေက ဆက်တိုက်ကို ရှိတာ။ အဲဒါကြောင့်မို့လို့ ဟိုထိပ်ပိုင်း ပိုရှိနေမယ်လို့ ကျနော်က တွက်ထားတာ။ အဲဒါကြောင့်မို့ အဲဒါ သေချာပါတယ်။

မေး။ ။ ဒီလို အနေအထားမျိုးမှာ ရဲမှူးချုပ်တစ်ဦး က လိင်အမြတ်ထုတ်တယ်ပေါ့။ နောက်တစ်ခု ဗစ်တိုးရီးယား အမှုမှာ တရားခံ မတွေ့တဲ့ကိစ္စ။ အမှားတွေက ဆက်တိုက်ပဲဆိုတော့ ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာကို ဘယ်လိုဆယ်ကြမလဲ။

ဖြေ။ ။ ကျသွားတဲ့ သိက္ခာကိုတော့ ပြစ်မှု ကျူးလွန်ရင် ကျူးလွန်တဲ့သူကို ပြင်းပြင်းထန်ထန် အရေးယူတာက ပြည်သူလူထုကို နှစ်သိမ့်ပေးရာရောက်တယ်။ ဖြစ်စဉ်တွေ က အများကြီးကြုံနေရတော့ ပြည်သူကတော့ ယုံဦးမှာမဟုတ်ဘူး။ ပြည်သူတွေယုံကြည်ဖို့ဆိုတာက ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်ဆက်တိုက် စဉ်ဆက်မပြတ် လုပ်ဆောင်မှသာ ရမှာဖြစ်တယ်။ ဒါကို ပြုပြင်ပြောင်းလဲမှုလို့ အခုက ယူဆရလို့ မရသေးဘူး။

မေး။ ။ ခေါင်းဆောင်ပိုင်းမှာ ရာထူးကြီးတဲ့ ရဲအရာရှိကြီးတစ်ဦးက ကိုယ့်လက်အောက်ငယ်သားကို လိင်အမြတ်ထုတ်တယ်ဆိုတော့ ရဲတွေအတွင်းမှာရော ဒီအပေါ်မှာ ဘယ်လောက်အထိ ခံစားရလဲ။ ကိုယ်တိုင်ကလည်း ရဲဖြစ်ခဲ့တော့ ….။

ဖြေ။ ။ အတော်စိတ်မကောင်းဘူးဗျ။ ရဲမေတွေအတွက်လည်း အတော်စိတ်မကောင်းဘူး။ ရဲမေတွေမှ မဟုတ်ဘူး။ ရဲတပ်ဖွဲ့ဝင်တွေဆိုရင်လည်း တစ်ပွင့်ကနေ နှစ်ပွင့်ဖြစ်ဖို့။ နှစ်ပွင့်ကနေ သုံးပွင့် ဖြစ်ဖို့ သိန်းပေါင်းမြောက်မြားစွာ ပေးရတာပါလားဆိုတဲ့ အချက်ကို သိလိုက်ရတော့အဲဒီအချက်က သိပ်မဆန်းပါဘူး။ ကျနော်တို့တုန်းကလည်း ဒီလို တိတိကျကျ ကြီးသာ ပေါ်ထွက်မလာပေမယ့် တိုးတိုးတိတ်တိတ်ကျနော်တို့ မှာ ကြားနေရတာပေါ့။ ဒါကတော့ ယောင်္ကျားလေးတွေနဲ့ပတ်သက်တာက သိပ်မဆန်းဘူး။ မိန်းကလေးတွေ ကိစ္စကျတော့ အတော်ဆန်းတယ်လို့ မြင်တယ်။

မေး။ ။ ရဲမေတွေအတွက် ဘယ်လို သတင်းစကားပါးချင်လဲ။ ဒီလိုအဖြစ်မျိုးက ကျန်တဲ့ရဲမေတွေအပေါ်မှာရော ဘယ်လောက်သက်ရောက်မှု ရှိလဲ။

ဖြေ။ ။ ကျနော်ကတော့ ကျန်တဲ့ ရဲမေတွေကို ဘယ်လို နှစ်သိမ့်ပေးချင်လဲဆိုတော့ ကိုယ်နစ်နာတာတွေကို ခေါင်းငြိမ့်ပြီးတော့ သည်းခံမနေပါနဲ့။ အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ အမှန်တရားအတွက် ဖော်ထုတ်ကြပါ။ အဲဒီလိုမျိုး အမှန်တရား ဖော်ထုတ်လို့ရှိရင် ပြည်သူတွေကလည်း အားလုံး ဝန်းရံပေးကြမှာပါလို့ ဒီက နှစ်သိမ့်ပေးပါရစေ။

မေး။ ။ အစိုးရအဖွဲ့အနေနဲ့ ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုရင် ဘယ်လိုလုပ်သင့်လဲ။

ဖြေ။ ။ သူကတော့ အစိုးရအနေနဲ့ကလည်း ပြည်ထဲရေးဝန်ကြီးဌာနက သူတို့ တိုက်ရိုက်ကွပ်ကဲရတာမဟုတ်တော့ နည်းနည်း အခက်အခဲရှိဟန်တူပါတယ်။ ကျနော့်အမြင်ပေါ့။ သို့သော် ကျနော်သိထားတာက တရားသူကြီးဆိုရင် နိုင်ငံတော်သမ္မတကိုယ်စား တရားစီရင်ရေး ဆောင်ရွက်ရတာဖြစ်တယ်။ တရားသူကြီးတစ်ဦးရဲ့ ဆုံးဖြတ်ချက်သည် သမ္မတတစ်ဦးရဲ့ ဆုံးဖြတ်ချက်လို့ သတ်မှတ်ရမှာဖြစ်တဲ့အတွက် ဒါက ပြောရမယ်ဆိုရင် ဒီဆုံးဖြတ်ချက် အမှားအယွင်းရှိခဲ့ရင် ဒါသမ္မတက သူ့မှာ တာဝန်ရှိတယ်။ သမ္မတရဲ့ အာဏာထဲမှာ ဘာရှိလဲဆိုရင် တစ်နေရာမှာ လူသတ်မှု တစ်ခု ဖြစ်တယ်ဆိုရင် ရဲက သူ့ဟာနဲ့ သူစစ်နေတယ်။

ဒါကို နိုင်ငံတော်သမ္မတက သဘောမကျဘူးဆိုရင် သူ့အနေနဲ့ကိုယ်က သီးသန့် သူစိတ်ကြိုက် ရဲတပ်ဖွဲ့ဝင်တွေ စုစည်းပြီးတော့ ဖွဲ့စည်းပြီးတော့ကို ခိုင်းနိုင်တယ်။ အာဏာရှိတယ်။ အဲဒီအတွက်လည်း ဥပဒေမှာ ပြဋ္ဌာန်းပြီးသား။ ဒါကြောင့်မို့လို့ ညွှန်ကြားချက်မရဘူး ကိုယ်တွယ်လို့မရဘူးဆိုတာ လက်မခံဘူး။ ဒါက ကျနော့်အယူအဆပါ။ အယူအဆကို မဟုတ်ဘူး ဥပဒေမှာကို ပြဋ္ဌာန်းထားတယ်။ ဒါကြောင့်မို့လို့ ဒီဌာနက ကိုယ့်လက်အောက်မရှိဘူးလို့တော့ ပြောလို့မရဘူး။ အကောင်းဆုံး ထိန်းကျောင်းနိုင်ရမယ်။

မေး။ ။ ရဲတပ်ဖွဲ့ထဲမှာတောင် လိင်အမြတ်ထုတ်မှုရှိတာကို ပြည်သူက အံ့အားသင့်တယ်။ အထူးသဖြင့်တော့ ရဲဆိုတာ တရားဥပဒေစိုးမိုးရေးကို လုပ်ရတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ တပ်ဖွဲ့ကြီးတစ်ခုလုံးအနေနဲ့ ပြည်သူကို အရှက်ရပြီးတော့ တောင်းပန်တာမျိုးတွေ လုပ်သင့်တယ်မထင်ဘူးလား။

ဖြေ။ ။ တကယ်အကြီးဆုံး ရဲချုပ်လိုဟာမျိုးက ရဲချုပ်ထက်တော့ ပြည်ထဲရေးဝန်ကြီးက ပြည်သူကို ဝန်ချတောင်းပန်နိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ ဒါကလည်း ပြည်သူတွေကို နှစ်သိမ့်ပေးရာရောက်ပါတယ်။

မေး။ ။ ရဲထဲမှာတောင် လိင်အမြတ်ထုတ်မှုမျိုးကို တရားရုံးတင် စစ်နေရတဲ့အချိန် ပြင်ပမှာ ဖြစ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ အမြတ်ထုတ်မှုတွေနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ ကိုင်တွယ်မှုကို ပြည်သူလူထုက ဘယ်လောက်အထိ အားကိုးယုံကြည်မလဲ။

ဖြေ။ ။ ကျနော်ကတော့ ပြောချင်တာက ပြည်သူတွေကို ပြောချင်တာက ရဲတပ်ဖွဲ့ထဲမှာလည်း တစ်ဦးတစ်ယောက်မကောင်းတာနဲ့ ကျန်တာတွေလည်း မကောင်းပါဘူးဆိုပြီး သိမ်းကျုံးပြီး မယူဆစေချင်ဘူး။ အစွန်းလွတ်တဲ့ တရားတွေလည်း မရှိစေချင်ပါဘူး။ မြင်လည်း မမြင်စေချင်ပါဘူး။ ဒါကြောင့်မို့လို့ အားငယ်နေတဲ့ ကျန်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အားပေးဖို့လိုတယ်။ အားကိုးစရာရှိတဲ့ ရဲကိုတော့ အားကိုးရမှာပဲ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts