All News Local News Peace

ရသေ့တောင်၊ အုန်းချောင်းအနီးတွင် AA နှင့်တပ်မတော် တိုက်ပွဲပြင်းထန်၊ ကျေးရွာသား ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်

ရသေ့တောင်၊ အုန်းချောင်းအနီးတွင် AA နှင့်တပ်မတော် တိုက်ပွဲပြင်းထန်၊ ကျေးရွာသား ထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်

ရန်ကုန်၊ ဇွန် ၁၅

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် ၁၃ မိုင်ခန့်ကွာဝေးသောအုန်းချောင်းကျေးရွာတောင်ဖက်၊ သမီးလှကျေးရွာအနားတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်အေအေတို့ ဇွန်လ ၁၄ ရက်နေ့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့မှုကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ထောင်ချီ၍ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများနှင့်လွတ်တော် ကိုယ်စားလှယ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောသည်။

ရသေ့တောင်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “တိုက်ပွဲဖြစ်တာကတော့ မနေ့ ညနေ ၄ နာရီလောက်ကဖြစ်တယ်။ ညနေ ၅ နာရီကျော်ကျော် လောက်မှာ နှစ်ဖက်ပစ်ခတ်မှုတွေရပ်သွားတယ်။ နှစ်ဖက်စလုံးက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်။ ပစ်ခတ်မှုတွေက မနေ့ ည ၇ နာရီလောက်အထိရှိနေတယ်”ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရသေ့တောင်မြို့နယ်၊ အုပ်ချောင်းကျေးရွာ၊ သမီးလှကျေးရွာသစ်၊ သမီးလှကျေးရွာဟောင်း၊ ကုန်တန်း၊ အိုးဖောက်၊ ဈီးခေါင်း၊ မညှင်းတောင်၊ သပြေဆိပ်၊ ဇေယျာမြိုင် ကျေးရွာများမှ ဒေသခံထောင်ချီ၍ ဘူးသီးတောင်မြို့နယ် သေကံကျေးရွာနှင့် ခွဆုံကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

အုန်းချောင်းကျေးရွာသားတစ်ဦးက”ရွာနားကိုတပ်မတော်စစ်ကြောင်းရောက်နေတာ တစ်ပတ်လောက်ရှိပြီ။ အခုနှစ်ဖက် တိုက်ပွဲဖြစ်ကြတာ။ မနေ့ကစပြီးတော့ တိုက်ပွဲဖြစ်ကြတယ်။ အုန်းချောင်းကျေးရွာမှာ လယ်ထွန်တဲ့ လယ်သမားတွေကိုပစ်ခတ် တာတွေလုပ်တယ်။ထိခိုက် ဒဏ် ရာရတာတော့မရှိဘူး။ ကျနော်တို့ရွာအပါအဝင် ကျေးရွာတော်တော်များများ တိုက်ပွဲဖြစ်လို့ အကုန်ထွက်ပြေးကြတယ်” ဟုပြောသည်။

တိုက်ပွဲများဖြစ်ပွားနောက် တပ်မတော်စစ်ကြောင်းများက ကျေးရွာများသို့ ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်လေ့ရှိသဖြင့် ကျေးရွာသားများ ကြောက်လန့်၍ ထွက်ပြေးတိမ်းရှောင်ကြပြီး တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရရှိမည်ကို စိုးရိမ်၍ ထွက်ပြေးကြသူများလည်း များပြားကြောင်း သိရှိရသည်။

တိုက်ပွဲကြောင့် လက်ရှိအချိန်တွင် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိသည်ဆိုသော သတင်းများမကြားရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

ယမန်နေ့ တိုက်ပွဲဖြစ်ချိန်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ရေစိုးချောင်းဗျူဟာနှင့် မေယုမြစ်ထဲရေတပ်များက လက်နက်ကြီးများဖြင့် ပစ်ကူပေးမှုများရှိသည်ဟု ဒေသခံများနှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts