All News Local News Peace

ရသေ့တောင်တွင် တပ်မတော် မိသားစုဝင် ၃ဦးကို AA ဖမ်းဆီးဟု တပ်မတော်သတင်းထုတ်ပြန်၊ ဖမ်းဆီးခံရသူများသည် မောင်းသူမဲ့လေယာဉ်ရှာဖွေသူ တပ်မိသားစုဝင်များဟု AA က သတင်းထုတ်ပြန်

ရသေ့တောင်တွင် တပ်မတော် မိသားစုဝင် ၃ဦးကို AA ဖမ်းဆီးဟု တပ်မတော်သတင်းထုတ်ပြန်၊ ဖမ်းဆီးခံရသူများသည် မောင်းသူမဲ့လေယာဉ်ရှာဖွေသူ တပ်မိသားစုဝင်များဟု AA က သတင်းထုတ်ပြန်

ရန်ကုန်၊ ဇွန် ၂၅

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဇွန်လ ၂၄ရက်နေ့ ညနေ ၃နာရီခန့်က ရသေ့တောင် နယ်မြေခံတပ်ရင်းမှ တပ်မတော် မိသားစုဝင် အမျိုးသား၃ဦးကို AA နှင့် ၎င်းတို့၏ အမာခံများက ဖမ်းဆီးသွားကြောင်း ဇွန်လ ၂၅ ရက်နေ့ နေ့စွဲဖြင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

“ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်းမှ စစ်သည်များ၏ မှီခိုသားသမီး ကျား ၃ ဦးသည် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဆိုင်ကယ် ၂ စီးဖြင့် ကြိမ်သာရွာဘက်သို့ သွားရောက်ခဲ့ရာ ကြိမ်သာကျေးရွာသို့ရောက်ရှိစဉ် AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ၎င်းတို့၏ အမာခံများမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခံရသူ ၃ ဦးအား ပြန်လည်ရှာဖွေ ကယ်ဆယ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည် ”ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

AA အဖွဲ့၏ ဇွန်လ ၂၆ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင်မူ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ပြားချောင်းကြီးတံတားအနီးတွင် မြန်မာ့တပ်မတော်စစ်ကြောင်းနှင့် AA အဖွဲ့တို့ ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါစစ်ကြောင်းက အသုံးပြုသော အစ္စရေးနိုင်ငံလုပ် Skylark I-LEX အမျိုးအစား မောင်းသူမဲ့လေယာဉ်ကို ဖမ်းဆီးရရှိကြောင်း၊ အဆိုပါ လေယာဉ်ကို လိုက်လံရှာဖွေသည့် အသက် ၂၄ နှစ်အရွယ် မောင်ကျော်သူရ၊ အသက် ၂၃ နှစ်အရွယ် မောင်ဆန်းဦး၊ အသက် ၂၀ အရွယ် မောင်မျိုးဟိန်းစံတို့ကိုလည်း ဖမ်းဆီးလိုက်ကြောင်း ဖော်ပြထားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံသို့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဇွန်လ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၄၁ မိနစ်တွင် AA၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရန် ဖုန်းခေါ်ဆိုသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမပြုပေ။

ဓာတ်ပုံ- AA ဘက်က ထုတ်ပြန်သော ဖမ်းဆီးခံရသူ ၃ ဦးနှင့် မောင်းသူမဲ့ လေယာဉ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts