All News Local News Peace

ရခိုင်မြို့နယ် ၇ ခုနှင့် ပလက်ဝတွင် အင်တာနက် ပြန်ဖွင့်ပေးရန် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိတ်ဖွင့်ပေးစာပို့

ရခိုင်မြို့နယ် ၇ ခုနှင့် ပလက်ဝတွင် အင်တာနက် ပြန်ဖွင့်ပေးရန် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိတ်ဖွင့်ပေးစာပို့

ရန်ကုန်၊ ဇွန် ၂ဝ

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် ၁နှစ်ကြာဖြတ်ထောက်ထားသော အင်တာနက်လိုင်းများ ပြန်လည်ဖွင့်လှစ်ပေးရန်အတွက် ရခိုင်နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ရခိုင်ပြည်နယ် အခြေစိုက်သတင်းဌာနများက ဇွန်လ ၁၉ရက်နေ့ တွင် နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း ရခိုင်ရှေ့ဆောင်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူကပြောဆိုသည်။

“ ကျွန်မတို့က အင်တာနက်ဖြတ်တောက်မှု တစ်နှစ်ပြည့်အနေနဲ့ ဒီ အိတ်ဖွင့်ပေးစာကို ရခိုင်နိုင်ငံရေးပါတီတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရယ်။ အားလုံးစုပေါင်းပြီးတော့ ပေးပို့တာဖြစ်ပါတယ်။ အင်တာနက်ဖြတ်တောက်မှုက အဓိကကတော့ တည်ငြိမ်မှုတွေကို ပိုပြီးတော့မှ ထိပါးစေတယ်ဆိုပြီးတော့မှ ဒီအကြောင်းပြချက်တွေနဲ့ အစိုးရ စစ်တပ်ဖက်ကနေ အင်တာနက်ပိတ်ပင်မှုတွေကို လုပ်ခဲ့တယ်။ တကယ်တမ်းကျတော့ ဒါက အင်တာနက်ပိတ်ပင်ခြင်းက ဒီမတည်ငြိမ်မှုတွေကို တည်ငြိမ်သွားစေတဲ့ အနေအထားမျိုး ရှိလာတာမဟုတ်ဘဲနဲ့ ဆက်ပြီးတော့မှ တိုက်ပွဲတွေက ပိုပြီးတော့ ဖြစ်ပေါ်လာနေတဲ့ အနေအထားတွေရှိတယ်။ အဲလိုမျိုးတိုက်ပွဲတွေဖြစ်နေတဲ့ အနေအထားတွေကြောင့် ပြည်သူတွေအနေနဲ့ကလည်း သေဆုံးမှုတွေ ပျောက်ဆုံးမှုတွေ ဒဏ်ရာရတဲ့အနေအထားတွေက ပိုပိုပြီးတော့ စိုးလာတယ်။ အဲတော့ ဒီအင်တာနက် ဖြတ်တောက်မှုက ဒေသတည်ငြိမ်စေဖို့အတွက်ကို လုပ်ဆောင်တာမျိုး မဟုတ်ဘဲနဲ့ ဒါက တိုက်ပွဲဖြစ်နေတဲ့ အနေအထားနဲ့ ဘာမှမဆိုင်ဘူးဆိုတဲ့ဟာမျိုး သိစေချင်တယ်” ဟု ၎င်းကပြောဆိုသည်။
ရခိုင်နိုင်ငံရေးပါတီ ၃ပါတီနှင့် ရခိုင်ပြည်နယ်ရှိ အရပ်ဘက်အဖွဲ့အစည်း ၆၄ဖွဲ့၊ နိုင်ငံတကာရခိုင်လူမှုအဖွဲ့အစည်း ၇ဖွဲ့၊ ရခိုင်ပြည်နယ် အခြေစိုက် သတင်းဌာန ၃ခုနှင့် တစ်သီးပုဂ္ဂလ ဦးသိန်းထွန်းဇံတို့က (၁) ၁နှစ်ကြာပိတ်ထားသည့်အင်တာနက်ကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးရန်၊ (၂) တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ လုံလောက်စွာရရှိရေးအတွက် INGO၊ NGO အဖွဲ့တို့မှ သွားလာကူညီပေးနိုင်ခွင့်ကို နိုင်ငံအစိုးရမှ စီစဉ်ဆောင်ရွက်ပေးရန်၊ (၃) သတင်းအလို့ငှာ မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲဆိုခံထားရသည့် အယ်ဒီတာများနှင့် သတင်းထောက်များကို အမှုမှ ပြန်လည်ရုတ်သိမ်းပေးပြီး ဒေသဆိုင်ရာ အင်တာနက် သတင်းစာမျက်နှာများကို ပြန်လည်ဖွင့်လှစ်ပေးရန်၊ (၄) ရခိုင်ပြည်နယ်၏ မြေပြင်အခြေအနေမှန်များကို မြန်မာနိုင်ငံရှိ နိုင်ငံသားများနှင့် နိုင်ငံတကာမှ သိရှိနိုင်စေရန်အတွက် ပြည်တွင်း၊ ပြည်ပ သတင်းထောက်များကို လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန် စသည့်အချက် ၄ချက်ကို တောင်းဆိုကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ထိုသို့ အင်တာနက်လိုင်း ဖြတ်တောက်ထားမှုကြောင့် ပြည်သူလူထုများ ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် ဆက်သွယ်မှုအခက်အခဲရှိခြင်း၊ စီးပွားရေးအရ ကူသန်းရောင်းဝယ်ရေးလုပ်ရာတွင် ဆက်သွယ်ရေးအဆင်မပြေမှုများကြောင့် အကန့်အသတ်များလာသည့်အတွက် စီးပွားရေးထိခိုက်များ ဖြစ်လာခြင်း၊ နယ်မြေရပ်ခြားနှင့် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်နေသူများအနြေဖင့် ငွေပို့ငွေလွှဲ လုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း အခက်အခဲများရှိနေသည့်အတွက် စီးပွားရေးဆိုင်ရာထိခိုက်မှုများ ဖြစ်ပွားနေကြောင်း ဒေါ်စောစံငြိမ်းသူက ဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်း အင်တာနက် ဖြတ်တောက်ခံထားရသော မြို့နယ် ၇မြို့မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ဖြစ်ပြီး ထိုဒေသများတွင် လူဦးရေ ၈သိန်းကျော်ခန့်နေထိုင်ကြောင်း အိတ်ဖွင့်ပေးစာတွင်ဖော်ပြထားသည်။

ယင်းဒေသများတွင် အင်တာနက်ဖြတ်တောက်ထားသည်မှာ လက်ရှိချိန်တွင် တစ်နှစ်ပြည့်ပြီဖြစ်ကာ အင်တာနက် မဖြတ်တောက်မှီ ၂၀၁၈ ဇွန်လမှ ၂ဝ၁၉ မေလထိ ထိတွေ့တိုက်ခိုက်မှု ၁၂၉ကြိမ်ဖြစ်ပွားပြီး အင်တာနက် ဖြတ်တောင်ပြီး ၂ဝ၁၉ဇွန်လမှ ၂ဝ၁၉ မေလထိ ထိတွေ့တိုက်ခိုက်မှု ၂၇၃ ကြိမ် ဖြစ်ပွားလာသည့်အတွက် တိုက်ပွဲများ စစ်ရေးလှုပ်ရှားမှုများ လျော့ကျသွားခြင်းမရှိဘဲ အကြိမ်အရေအတွက် နှစ်ဆကျော်တိုးလာကြောင်း၊ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂ဝ၁၉ခုနှစ် ဒီဇင်ဘာလအထိ ၁၃လသာ ကာလတွင် အရပ်သားထိခိုက် ဒဏ်ရာရသူ ၁၉၉ဦး၊ သေဆုံးသူ ၁ဝ၁ ဦးရှိပြီး ၂ဝ၂၀ခုနှစ် ဇန်နဝါရီလမှ မေလထိ ၅လတာ ကာလအတွင်း အရပ်သားထိခိုက် ဒဏ်ရာရသူ ၃၄၄ဦး၊ သေဆုံးသူ ၁၅၁ ဦးထိ ရှိသည့် အတွက် အရပ်သားထိခိုက် ဒဏ်ရာရမှုနှင့် သေဆုံးမှု ကိန်းဂဏန်းများ ပိုမိုများပြားလာခြင်းကြောင့် အင်တာနက်ဖြတ်တောက်ခြင်းဖြင့် စစ်ရေးဆိုင်ရာ ကိစ္စများကိုလျော့ချရန် အထောက်အပံ့မဖြစ်သည့်အပြင် ဒေသတည်ငြိမ် အေးချမ်းရေး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ရေးဆိုသည့် မူလရည်ရွယ်ချက်အတွက် ထိရောက်သင့်တော်သည့် နည်းလမ်းများမဖြစ်စေဘဲ ပြည်သူလူထုအတွက် ဆန့်ကျင်ဘက် ဆိုးကျိုးများကိုသာ သက်ရောက်စေသည်ဟု ထိုပေးစာတွင် ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts