Local News Peace political news

ရခိုင်ဒေသတွင် အင်တာနက်ပြန်ဖွင့်ပေးရန် တပ်မတော်တွင် အစီအစဉ်မရှိ ၊ စစ်ရေး ဆိုင်ရာ လျှို့ဝှက်ချက် နှင့် လူမျိုးရေး အမုန်းတရားများ ကြောင့် ပိတ်ပင်ထားဟုဆို

ရခိုင်ဒေသတွင် အင်တာနက်ပြန်ဖွင့်ပေးရန် တပ်မတော်တွင် အစီအစဉ်မရှိ ၊ စစ်ရေး ဆိုင်ရာ လျှို့ဝှက်ချက် နှင့် လူမျိုးရေး အမုန်းတရားများ ကြောင့် ပိတ်ပင်ထားဟုဆို

ရန်ကုန်၊ ဇွန် ၂၃

ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်ထားခြင်းသည် လူမှုကွန်ရက်များတွင် စစ်ရေးဆိုင်ရာလျှို့ဝှက်ချက် ပေါက်ကြားခြင်း၊ လူမျိုးရေးရာ အမုန်းတရားများ လှုံ့ဆော်ခြင်းများကြောင့် တပ်မတော်က အဆိုပြု ပိတ်ပင်ထားခြင်းဖြစ်ပြီး ပြန်ဖွင့်ရန် မရှိသေးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

ယနေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“(အင်တာနက်ပြန်ဖွင့်ဖို့ ) အဆိုပြုစရာအကြောင်းမရှိပါဘူး။ စစ်ရေးဆိုင် ရာ လျှို့ဝှက်ချက်တွေ တက်တယ်။ လူမျိုးရေးရာ အမုန်းတရားနဲ့ပတ်သက်ပြီး လှုံ့ဆော်မှုတွေရှိလာတယ်။ ဒီဟာတွေ သည် စစ်ရေးပဋ္ဋိပက္ခ တွေနဲ့ ပိုပြီးတော့ အမုန်းတရား အစွန်းတရားတွေ ပိုပြီးများလာတယ်။ အဲဒါကြောင့် ပိတ်ပင်တာဖြစ်ပါတယ်။ အခုထက်ထိလည်း တွေ့နေရတယ်။ စစ်ကြောင်းကတော့ ဘယ်နေရာကနေ ဘယ်နေရာကိုသွားနေတယ်ဆိုတာမျိုးတွေပေါ့။ ဒါကြောင့်မို့လို့ လုံခြုံရေးဆိုင်ရာနဲ့တင်ပြပြီး ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက အင်တာနက်ပိတ်ဆို့ပြီးနောက် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင်ဒုက္ခသည်များ ပိုမို တိုးပွားနေကြောင်း၊ အင်တာနက်ပိတ်ဆို့မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ရပ်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှုမှာ ဇွန်လ ၂၁ ရက်နေ့တွင် ၁ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။

ဓာတ်ပုံ- ဗိုလ်မှူးချုပ်ဇော်မင်းထွန်း Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts