Local News political news

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင် ညွှန်ကြားရေးမှူး ဦးနီအောင် စစ်တပ်ဦးပိုင်ကုမ္ပဏီတွင် ဒါရိုက်တာ အဖြစ်ပါဝင်မှု ဥပဒေကို မျက်ကွယ်ပြုထားတာလား

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင် စစ်တပ်ဦးပိုင်ကုမ္ပဏီတွင် ဒါရိုက်တာအဖြစ်ပါဝင်မှု ဥပဒေကို မျက်ကွယ်ပြုထားတာလား


By ရန်ကုန်ခေတ်သစ်

မြန်မာနိုင်ငံတွင် လူ့အခွင့်ရေးချိုးဖောက်မှုများကို ထောက်ပြဝေဖန်နေသော Justice For Myanmar အဖွဲ့က မေလ ၂၅ ရက်နေ့တွင် ဦးပိုင်နှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်း Ever Flow River ကုမ္ပဏီအကြောင်း သတိပေးချက်ထုတ်ပြန်ရင်း ဦးပိုင်ဒါရိုက်တာများအဖြစ် အကောက်ခွန်နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ အငြိမ်းစား စစ်အရာရှိ ဌာနဆိုင်ရာအကြီးအကဲများ ပါဝင်နေကြောင်း စုံစမ်းဖော်ထုတ်တင်ပြခဲ့သည်။

MEHL ၏ ဒါရိုက်တာတစ်ဦးဖြစ်သော အငြိမ်းစား ဗိုလ်မှူးချုပ်ကျော်ထင်သည် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်ပြီး အခြားဒါရိုက်တာတစ်ဦးဖြစ်သော အငြိမ်းစား ဗိုလ်မှူးနီအောင်မှာလည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့၏ မန်နေဂျင်းဒါရိုက်တာဖြစ်ကြောင်း ထို့ကြောင့် အကျိုးစီးပွား ပဋိပက္ခများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်းJustice for Myanmar အဖွဲ့က သတိပေးချက် ထုတ်ပြန်ခဲ့သည်။

မေလ ၃၀ ရက်နေ့ ကျင်းပခဲ့သော သမ္မတရုံး အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ယင်းကိစ္စကို Myanmar Now သတင်းဌာနက မေးခွန်းမေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အကျိုးစီးပွား ပဋိပက္ခ မြောက်၊ မမြောက် ပြည်ထောင်စုရှေ့နေချုပ်ရုံးထံမှ အကြံပြုချက်တောင်းခံသွားမည်ဟု ပြောဆိုခဲ့သည်။

ဇွန်လ ၁၀ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့၏ ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်မှူးဟောင်း ဦးနီအောင် မြန်မာ့စီးပွားရေးဦးပိုင်တွင် ဒါရိုက်တာအဖြစ် ပါဝင်နေခြင်းသည် ဥပဒေနှင့်မဆန့်ကျင်ဘဲ ပြစ်မှု မမြောက်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က Myanmar Now ၏ မေးခွန်းကို ပြန်လည် ဖြေဆိုခဲ့သည်။

၂၀၁၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် ၂၁ အဖြစ် ပြဋ္ဌာန်းထားသော မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေ ရှိနေပြီး အဆိုပါ ဥပဒေတွင် ပြဋ္ဌာန်းချက်များအရ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှ အရာထမ်း အမှုထမ်းများသည် မိမိအကျိုးစီးပွားအတွက် မည်သည့် စီးပွားရေးလုပ်ငန်းများတွင်မှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ မပါဝင်ရဟု ပြဋ္ဌာန်းထားပြီး ဖောက်ဖျက်လျှင် ၃ နှစ်ထက်မပိုသော ထောင်ဒဏ်၊ ငွေဒဏ်နှင့် ဒဏ် နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဥပဒေ ပုဒ်မ ၈၂ တွင် မည်သည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အရာထမ်း၊ အမှုထမ်း တစ်ဦးဦးမျှ မိမိအကျိုးစီးပွားအတွက် (က) ဆိပ်ကမ်းဆိုင်ရာ စီးပွားရေးလုပ်ငန်းတစ်ခုခုတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပါဝင်ဆောင်ရွက်ခြင်းမပြုရ၊ ဆိပ်ကမ်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများအတွက် ချုပ်ဆိုသော စာချုပ်တွင် ပါဝင်ချုပ်ဆိုခြင်း သို့မဟုတ် ပတ်သက်ခြင်း ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သို့ အကျိုးအမြတ်ဖြင့် ငွေချေးခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေ ၏ ပုဒ်မ ၈၉ တွင် ပုဒ်မ ၈၂ ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်သော မည်သည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ အရာထမ်း၊ အမှုထမ်းမဆို ၃ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်ငါးသိန်းမှ အများဆုံး သိန်း ၅၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

အလားတူ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဥပဒေ ပုဒ်မ ၃၁ (က) တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် အဖြစ် ခန့်ထားခြင်းခံရသော ပုဂ္ဂိုလ်တစ်ဦးသည် ယင်းအား မခန့်ထားမီ ကာလက ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် လုပ်ငန်းတာဝန်ဆောင်ရွက်ခြင်းကို ထိခိုက်ဖွယ်ရှိသည့် ငွေရေးကြေးရေး အကျိုးခံစားခွင့် သို့မဟုတ် အခြားအကျိုး သက်ဆိုင်ခွင့်များနှင့် ကင်းရှင်းသူဖြစ်ရမည် ဟုလည်းကောင်း၊

ပုဒ်မ ၃၁ (ခ) တွင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင် တစ်ဦးဦးသည် အုပ်ချုပ်မှုအဖွဲ့က ပြုလုပ်သည့် သို့မဟုတ် ပြုလုပ်ရန် ကြံရွယ်သည့် ပဋိညာဉ်တွင်သော်လည်းကောင်း ရောင်းမှု၊ ဝယ်ယူမှု သို့မဟုတ် ငှားရမ်းမှု တစ်ခုခုတွင်သော်လည်းကောင်း တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ တစ်နည်းနည်းဖြင့် အကျိုးသက်ဆိုင်နေပါက မိမိ မည်သို့ အကျိုးသက်ဆိုင်ကြောင်းကို အဖွဲ့၏ အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုရမည်ဟု လည်းကောင်း ပြဋ္ဌာန်းထားသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင် ဒါရိုက်တာအဖြစ် ပါဝင်သော ဦးပိုင် MEHL သည် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသော ကုန်းတွင်းဆိပ်ကမ်းစီမံကိန်းတစ်ခုကို ရန်ကုန်တွင် ပြည်ပကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိသည်။

မြန်မာ့စီးပွားရေးဦးပိုင် MEHL သည် Ever Flow River (EFR) ကုမ္ပဏီ နှင့်ပူးပေါင်း၍ ရန်ကုန်ရှိ ကုန်းတွင်း ဆိပ်ကမ်းပေါင်းစပ် အဆောက်အအုံတစ်ခုဖော်ဆောင်ရေးကို Hlaing Inland Terminal and Logistics Co.,Ltd အမည်ဖြင့် မှတ်ပုံတင်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ EFR က အဆိုပါစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၄၇ သန်း ထည့်ဝင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး MEHL ၏ လက်အောက်ခံ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် လန်းပြီပင်လယ်ရေကြောင်း ကုမ္ပဏီလီမိတက်က နှစ် ၅၀ သက်တမ်းဖြင့် မြေငှားရမ်းပေးမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်း မြေနေရာသည် အောင်ဇေယျတံတားနှင့် ရွှေပြည်သာတံတားအကြား လှိုင်သာယာရှိ ဧက ၁၅၀ အကျယ်အဝန်းရှိသော မြေနေရာ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ကြောင်း၊ MEHL ၏ လက်အောက်ခံ လုပ်ငန်းခွဲတစ်ခုဖြစ်သော လန်းပြီ ပင်လယ်ရေကြောင်း ကုမ္ပဏီလီမိတက်မှတစ်ဆင့် Hlaing Inland Terminal and Logistics Co.,Ltd တွင် ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး EFR က ကျန် ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်း Justice for Myanmar အဖွဲ့၏ မေလ ၂၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ လုပ်ငန်းများအတွက် အကြံပေးနေသော ဝါရင့် တရားလွှတ်တော်ရှေ့နေတစ်ဦးက “ဥပဒေအရ ငြိတယ် မငြိဘူးလို့ ကျနော်က အဲလိုကြီး မပြောချင်ဘူး။ ဥပဒေမှာ ပြဋ္ဌာန်းချက်တွေအရတော့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့မှာ ပါနေရင် အခြားဆိပ်ကမ်းနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ မပါရဘူးဆိုတာကို လိုက်နာရမယ်။ အခုက မလိုက်နာဘူး ဆိုတဲ့ သဘော ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေမှာလေ စကားလုံးဆိုင်ရာ အငြင်းပွားမှုတွေက တရားရုံးကပဲ ဆုံးဖြတ်မှပဲ ဒါက အတည်ဖြစ်တယ်ပေါ့။ မိမိအကျိုးစီးပွားလို့လည်း ဆိုထားတယ်။ အဲဒီတော့ စွပ်စွဲခံရသူက ကျနော့်အကျိုးစီးပွားမပါဘူးလည်း ငြင်းလို့ရနေတယ်။ ဥပဒေကို ဖောက်ဖျက်တယ်လို့ ပြောတာထက် လျစ်လျူရှုတယ်လို့ ဒီလိုလည်း သုံးသပ်လို့ရတယ်။ ဒါပေမယ့် တကယ်တမ်း အဆုံးအဖြတ်ပေးရမှာက တရားရေးကပဲ ဆုံးဖြတ်ရတာ။ အခု ကျနော်သုံးသပ်တာတောင် သူတို့ဘက်က အသရေဖျက်မှု မြောက်တယ်ဆိုပြီး တရားစွဲလို့ရနိုင်တယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဓာတ်ပုံ- မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်။ Photo Credit – Myanmar Digital News

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts