All News Local News

မောင်တောမှ ကိုဗစ်လူနာ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ပြန်ဝင်လာသူဟုဆို

မောင်တောမှ ကိုဗစ်လူနာ ဘင်္ဂလားဒေ့ရှ်မှ တရားမဝင် ပြန်ဝင်လာသူဟုဆို

ရန်ကုန်၊ ဇွန်၄

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မှ ကိုဗစ်လူနာအမှတ် ၂၃၄ သည်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကူးတို့လှေဖြင့် တရားမဝင် ဝင်ရောက်သူဖြစ်ကြောင်း မောင်တောမြို့နယ်မှ ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ ခိုးဝင်တယ်လို့ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့နှစ်နိုင်ငံ ချစ်ကြည်ရေးမှမဟုတ်တာ ချစ်ကြည်ရေးဝင်တာမှမဟုတ်တာ သူတို့ခိုးဝင်တာပေါ့။ခိုးဝင်လို့ဆိုရင်လည်း သူတို့က အကြောင်းတစ်ခုခုတော့ရှိတယ်လေ ဘာလဲဆိုတော့ ဇီးပင်ကြီးမှာ ရေတပ်ရှိတယ်လေ။ ရေတပ်ကတော့ နယ်မြေတစ်လျောက်လုံးမှာ သူတို့ရှိတာပေါ့။ပြီးတော့ နယ်ခြားစောင့်တွေလည်း ရှိတယ်။ နယ်ခြားစောင့်တွေက နယ်စပ်တစ်လျောက်လုံးမှာရှိတယ်။ခိုးဝင်လာတာ မသိလို့တော့ ဘယ်ရမလဲ။ သိတာပေါ့ဗျာ။ သိလို့လည်းပဲ ဒီလူတွေကို သူတို့က အဲဒီစခန်းကိုခေါ်လို့ရတာပေါ့”ဟု ၎င်းကပြောဆိုသည်။

ထိုသို့ ကူးတို့လှေဖြင့်ဝင်ရောက်လာသူများမှာ ၅ဦးဖြစ်ပြီး မေလ ၃ဝရက်နေ့တွင် ဝင်ရောက်လာခြင်းဖြစ်ကာ ၃၁ရက်နေ့တွင် လှဖိုးခေါင်စခန်းသို့ ရောက်ရှိကြောင်း သိရသည်။

“ သူက ဘင်္ဂါလီပါ။မေလ ၃ဝရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ဝင်လာတာ ။ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ဝင်လာတာမဟုတ်ဘူး။ သူတို့ဝင်လာတဲ့ အချိန်မှာ ၅ယောက်မှာ တစ်ဦးကတွေ့တာပေါ့။ ဝင်လာတဲ့အချိန်မှာသူတို့က ဇီးပင်ချောင်းဆိုတဲ့ ကျေးရွာက ဝင်လာတယ်။ ဇီးပင်ချောင်းဆိုတာ ဘင်္ဂါလီရွာလို့ပဲပြောရမှာပဲအဲဒီရွာတွေမှာ လူတွေက သိပ်မရှိဘူး။ အဲဒီဘက်ကနေ ကူးတို့နဲ့ဝင်လာတာပေါ့။ ကူးတို့နဲ့ဝင်လာပြီးတော့သူက ၃ဝရက်နေ့ကနေ ဦးရှန်ကျဆိုတဲ့ရွာမှာ တစ်ညအိပ်တယ်။ ၃၁ရက်နေ့မှာ လှဖိုးခေါင်ဆိုတဲ့စခန်းကိုရောက်တယ်။ လှဖိုးခေါင် စခန်းကို အဲဒေသက အုပ်ချုပ်ရေးမှူးတွေ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကသတင်းပေးလို့ထင်ပါတယ်။ မေလ ၃၁ရက်နေ့ လှဖိုးခေါင်ရောက်တယ်။ အဲရောက်တော့ ကျန်းမာရေးဌာန လာစစ်တော့သံသယလူနာတွေ့တယ်လေ။ ပိုးတွေ့တယ်လို့ အကြောင်းကြားလို့လေ ကျွန်တော်တို့လည်း ဒီနေ့မှသိရတယ်” ဟု ဦးမောင်အုန်းက ဆက်လက်ပြောဆိုသည်။

လက်ရှိချိန်တွင် ကူးတို့လှေဖြင့် ဝင်ရောက်လာသူ ၅ဦးကို လှဖိုးခေါင်စခန်းတွင် စောင့်ကြည့်မှုများပြုလုပ်နေပြီး တခြားသံသယလူနာများကိုလည်း အဆိုပါစခန်းတွင် စောင့်ကြည့်မှုများပြုလုပ်နေကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာသူများ၏ အချက်အလက်များနှင့် ပတ်သက်ပြီးအုပ်ချုပ်ရေး ပိုင်းများအနေဖြင့် ပွင့်လင်းမြင်သာမှုရန်လိုအပ်ပြီး အနောက်တံခါး ခြံစည်းရိုးလုံခြုံအောင်ပြုလုပ်ပေးရန်လိုအပ်ကြောင်း ဦးမောင်အုန်းကပြောဆိုသည်။

“ကျွန်တော်တို့အဲဒီအနောက်တံခါးကို အနောက်တံခါးကို ခြံစည်းရိုးကို လုံခြုံအောင် ပိတ်ပေးဖို့ ကျွန်တော်ပြောချင်တယ်။ပြီးတော့ ဒီမှာလုပ်နေတဲ့ အုပ်ချုပ်ရေးပိုင်က ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီးပါတယ်။အဲတာတွေကို ကျွန်တော်ပြောချင်တယ်။ ပြည်သူတွေအနေနဲ့လည်း စိုးရိမ်ထိန့်လန့်မှု အများကြီးဖြစ်နေတယ်။အဲတာကြောင့် ပြည်သူတွေအနေနဲ့ သွားသတိလာသတိပေါ့။ အဲတာလေးတွေ သတိထားဖို့ အတတ်နိုင်ဆုံးကတော့အပြင်မထွက်တာအကောင်းဆုံးပါပဲ ” ဟု ၎င်းကပြောဆိုသည်။

လက်ရှိချိန်တွင်မြန်မာနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါအတည်ပြုလူနာ ၂၃၄ ဦးရှိပြီး သေဆုံးသူ ၆ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ၁၃၂ ဦးရှိကြောင်း အစိုးရဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ပုံ- လှဖိုးခေါင်စခန်း / Than Tin Maung Facebook

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts