All News Local News Peace

မင်းပြား၊ ကျောက်ခုတ်ကျေးရွာအနီးတွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် တပ်မတော်က စစ်ဆေးမှုလုပ်လာ၍ ဒေသခံ ၁၀၀၀ နီးပါးထွက်ပြေးတိမ်းရှောင်

မင်းပြား၊ ကျောက်ခုတ်ကျေးရွာအနီးတွင် ပေါက်ကွဲမှုဖြစ်ပြီးနောက် တပ်မတော်က စစ်ဆေးမှုလုပ်လာ၍ ဒေသခံ ၁၀၀၀ နီးပါးထွက်ပြေးတိမ်းရှောင်

ရန်ကုန်၊ ဇွန် ၁၂

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာအနီးတွင် ဇွန်လ ၁၀ ရက်နေ့နံနက်ပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပွားပြီးနောက် တပ်မတော်သားများ ကျေးရွာတွင် စစ်ဆေးမှုများ လုပ်ဆောင်လာ၍ မင်းပြား- မြေပုံ တစ်လျှောက် ကျေးရွာများမှ ဒေသခံများ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရသည်ဟု ဒေသခံလွှတ်တော်ကိုယ်စာလှယ်များကရန်ကုန်ခေတ်သစ် သတင်းဌာနသို့ပြောဆိုသည်။

ကျောက်ခုတ်ကျေးရွာအနီးတွင် ယခုကဲ့သို့ပေါက်ကွဲဖြစ်ပွားပြီးနောက်ပိုင်း မြေပုံ- မင်းကားလမ်းတလျှောက်တွင်ရှိသော ကျေးရွာဒေသခံများ မင်းပြား၊ မြေပုံ၊ င/မန်းရဲကျွန်းစသော နီးစပ်ရာဆွေမျိုးများထံသို့ထွက်ပြေးကြသည်ဟု မြေပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

“ကျောက်ခုတ်ကျေးရွာအနားမှာ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းကပေါက်ကွဲမှုတခုဖြစ်တယ်။ လက်နက်ငယ်သံတွေကလည်း မိနစ် ၂၀ လောက်ဖြစ် တယ်။ အဲ့ဒီမှာအထိအခိုက်အကျအရူံးများကိုတော့မသိဘူး။ အဲ့ဒီမှာ အနီး အနားမှာရှိတဲ့ ကျောက်ခုတ်၊ ပြီးတော့ သစ်ပုတ်တောင်အဲ့ဒီ ဘက်ရွာတွေက မင်းပြားမြို့ဖက်၊ မြေပုံမြို့နဲ့ င /မန်းရဲကျွန်းဖက်ကို အကုန်းထွက်ပြေးကြတယ်။ ဒေသခံကျေးရွာသားတွေကတော့ သူတို့နဲ့မဆိုင်တဲ့အတွက် တပ်ကဖမ်းဆီးမှာကြောက်ကြတာပေ့ါ။ ဒါကြောင့်ထွက်ပြေးကြတာ”ဟု ဦးဖေသန်းက ပြောဆိုသည်။

အဆိုပါပေါက်ကွဲမှုဖြစ်ပွားနောက်ပိုင်းမှာ တပ်မတော်ဘက်က ကျောက်ခုတ်၊ ရန်တိုင်၊ သာယာကုန်း ညောင်းချောင်း၊ ပြိုင်းချောင်၊ တောင်ပုတ်စသည့် ကျေးရွာများသို့ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး၊ မြေပုံနှင့် မင်းပြားကားလမ်းမကိုလည်း ပိတ်ထားသောကြောင်း လိုင်းကားများရပ်တန့်ခဲ့ရသည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၏ အဆိုအရ သိရှိရသည်။

တပ်မတော်က ဝင်ရောက်စစ်ဆေးခဲ့သော ကျေးရွာများတွင် ဖမ်းဆီးမှုများ ရှိ၊ မရှိ လတ်တလော မသိရှိရသေးဘဲ ဒေသခံများနှင့် အဆက်အသွယ်ရရှိနိုင်ရေးကြိုးစားနေသည်ဟု မင်းပြားမြို့နယ်မှ ရခိုင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင်ပြောဆိုသည်။

“ကျောက်ခုတ်၊ ရန်တိုင်၊ သာယာကုန်း ညောင်းချောင်း၊ ပြိုင်းချောင်၊ တောင်ပုတ်ကေစတဲ့ ကျေးရွာတော်တော်များက တပ်မတော်က ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှာကို သူတို့ကြောက်ကြတယ်။ အဲဒီဘက် ကျေးရွာသား ၁၀၀၀ နီးပါးလောက်ရှိမယ်၊ နီးစပ်ရာအသီးသီး ထွက်ပြေးကြတာ။ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေကိုတော့ ထွက်ပြေးတာမဟုတ်ဘူး။ ဆွေမျိုးနေအိမ်တွေကိုထွက်ပြေးကြတာ။ ဖမ်းဆီးခံထားရတဲ့သူတွေရှိ မရှိကိုတော့ မသိဘူး။ အခုကဆက်သွယ်ရတာခက်ခဲတယ်”ဟု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ရှင်းပြသည်။

ဇွန်လ ၈ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းတစ်ခုက မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာဝင်ရောက်ပြီး ကျေးရွာသားများကို ဖမ်းဆီးကာ ဘုန်းကြီးကျောင်းတွင် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း၊ ကျေးရွာသား ၇ ဦးဖမ်းဆီးစစ်ဆေးခဲ့သော်လည်း ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီကို ဆက်သွယ်မေးမြန်းရာ အစည်းအဝေးသွားနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ဇွန်လ ၁၁ ရက်နေ့က တုံ့ပြန်ပြောဆိုခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts