All News interview Peace

“ဘယ်သူကတော့နေပြီးတော့ မြေပြင်မှာ မတရားမှုတွေ လုပ်နေသလဲ။ စစ်ဆင်ရေးတွေဆောင်ရွက်တာ မြေပြင်မှာ ဖြစ်ပျက်နေတဲ့အရာတွေကို ဖုံးကွယ်ထားချင်တယ်”

“ဘယ်သူကတော့နေပြီးတော့ မြေပြင်မှာ မတရားမှုတွေ လုပ်နေသလဲ။ စစ်ဆင်ရေးတွေဆောင်ရွက်တာ မြေပြင်မှာ ဖြစ်ပျက်နေတဲ့အရာတွေကို ဖုံးကွယ်ထားချင်တယ်”

ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေနှင့် ဆက်သွယ်မေးမြန်းချက်

By ရန်ကုန်ခေတ်သစ်

ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ် ပလက်ဝဒေသတွင် တပ်မတော်နှင့် AA တိုက်ပွဲများကြောင့် အင်တာနက်များ ဖြတ်တောက်ပိတ်ဆို့ခဲ့ပြီး ယင်းဖြတ်တောက်မှုသည် ဇွန်လ ၂၁ ရက်နေ့တွင် တစ်နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ အင်တာနက်ဖြတ်တောက်မှုကြောင့် ရခိုင်ပြည်သူများကြုံတွေ့ရသည့် အခြေအနေများကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ရခိုင်နှင့်ချင်း ဒေသတွေမှာ အင်တာနက်လိုင်းမရတာ တစ်နှစ်အကြာရှိပြီဆိုတော့ လက်ရှိအခြေအနေက ဘယ်လိုတွေရှိလဲ။

ဖြေ။ ။ လူမှုဒုက္ခအခြေအနေ အစကို ပြောရမယ်ဆိုရင် ကျွန်မတို့လူသားတွေမှာ မဖြစ်မနေ ရင်ဆိုင်ရမယ့် ဘဝတွေမှာ မဖြစ်မနေ ရင်ဆိုင်ရတဲ့ဟာက အသက်တွေပါရှင့်။ အခုရခိုင်ပြည်နယ်မှာ အင်တာနက် ဖြတ်တောက်ထားတဲ့အတွက်ကြောင့်မို့လို့ အစိုးရရဲ့ ကနဦး ရည်မှန်းချက် ကနဦးမူလ သူတို့ဘက်က အများပြည်သူ အကျိုးငှာဆိုပြီးတော့ လုံခြုံရေးနဲ့ ပတ်သက်လို့ အကြောင်းပြချက်တွေ အစိုးရဘက်က ပေးခဲ့ပါတယ်။

တကယ်တမ်းမှာ အင်တာနက် ဖြတ်တောက်လိုက်မှသာလျှင် အများပြည်သူအကျိုး ထိခိုက်သွားတာရှိပါတယ်။ နေ့စဉ်ဘဝမှာနေပြီးတော့ ပြည်သူတွေရဲ့ ဘဝတွေဟာ ရပ်တည်ဖို့ မနည်းကြိုးစားရုန်းကန်ရတဲ့ အခြေအနေမှာရှိနေပါတယ်။ လွန်ခဲ့တဲ့နှစ်ကဆိုရင် ကျွန်မ မြောက်ဦး၊ ကျောက်တော် အစရှိတဲ့ စစ်ဘေးရှောက်စခန်းတွေကို ရောက်တဲ့အခါမှာ ပြည်သူတွေဟာ အင်တာနက်မရတဲ့အပြင် အခြေခံရပိုင်ခွင့်တွေ ဥပမာအားဖြင့် အစားအသောက်နဲ့ ပတ်သက်လို့ နေ့စဉ်ဘဝမှာလိုအပ်တဲ့ အစားအသောက်နဲ့ ပတ်သက်ပြီးတော့ လိုအပ်တဲ့ လုံလောက်တဲ့ အစားအသောက်မရရှိပါဘူး။

ဘာကြောင့်လဲဆိုရင် အစိုးရကိုယ်တိုင်ကိုက ပြည်တွင်းမှာရှိတဲ့ အလှူရှင်တွေ CSO အဖွဲ့တွေ နိုင်ငံတကာ INGO၊ NGO အဖွဲ့တွေ နောက်တစ်ခုက လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့တွေကို ဝင်ရောက်ဖို့ လွတ်လွတ်လပ်လပ် မပေးတာတွေက တစ်ကြောင်း နောက်တစ်ခုကနေပြီးတော့ ပတ်ဝန်းကျင်ကနေပြီးတော့ ဒီပြည်သူတွေဟာ သူတို့အဆင်ပြေတယ်လို့ လုံခြုံတယ်လို့ထင်ရတဲ့နေရာ သူတို့တိုက်ပွဲမရှိဘူးလို့ ယူဆတဲ့နေရာတွေမှာ တခြားသော CSO တွေကနေပြီးတော့ စစ်ရှောင်စခန်းတွေ ဆောက်ပြီးတော့မှ သူတို့နေနေရတယ်။

အဲဒီအခါမှာ အဲနေရာမှာ ရေအလုံအလောက်ရဖို့ဆိုတာလည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။ ပြီးတော့ သူတို့ရေနဲ့ပတ်သက်ပြီးတော့ ဒုက္ခတွေရောက်ရတယ်။ နောက်တစ်ခုကနေပြီးတော့ သူတို့ကျန်းမာရေးစောင့်ရှောက်မှု ဥပမာ ၈ပေပတ်လည် အထပ်မှာ မိသားစု ၃ယောက်နဲ့ အထက်နေနေရတဲ့ အခြေအနေဟာ ကလေးတွေအတွက်ကော သက်ကြီးရွယ်အိုအတွက်ကော သားပျိုသမီးပျိုတွေအတွက်ကော နောက် အမျိုးသမီးတွေအတွက်က ဘယ်လိုမှအဆင်မပြေတဲ့ နေ့စဉ်ဘဝမှာ အဆင်မပြေတဲ့ ပတ်ဝန်းကျင်မှာနေထိုင်ရပါတယ်။ သူတို့စားဝတ်နေရေး သူတို့မှာ ဘာစီးပွားရေးမှ ဆောင်ရွက်လို့မရဘူး။

ဒါကြောင့်မို့လို့ သူတို့ကနေပြီးတော့ ဒီတစ်နှစ်တာကာလမှာ ပြည်သူတွေဟာ ပထမတည်းက ဆင်းရဲရတဲ့အတည်း အခုပိုက်ဆံကိုတောင် မြင်ဖူးရဲ့လား မေးရမယ့် အခြေအနေဖြစ်နေတယ်။ အခုဗိုလ်ချုပ်ပိုက်ဆံတွေ ထုတ်မယ်ဆိုရင် ဒီပြည်သူတွေ ဘယ်လိုမှ မမြင်နိုင်တဲ့ မမြင်ဘူးတဲ့ အခြေအနေရှိမှာပါ။ ဒါကြောင့်မို့လို့ သူတို့ရဲ့ နေ့စဉ်ဘဝမှာ ကျွန်မတို့မြို့ပေါ်မှာနေကျတဲ့ သတင်းအချက်အလက်ဆိုတာ အသက်တမျှ အရေးကြီးပါတယ်။ ဒီအသက်တမျှ အရေးကြီးတဲ့ အချက်အလက်တွေကို အစိုးရကိုယ်နှက်ကိုက ပိတ်ပင်တားဆီးတာသည် ကျွန်မတို့ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ အနိုင်ရပါတီရဲ့ ရည်မှန်းချက် နိုင်ငံပါတီရဲ့ မူဝါဒကို ဘယ်လိုမှနေပြီးတော့ ထင်ဟပ်လောက်တဲ့ မူဝါဒမျိုး မဟုတ်ဘူး။ ထင်ဟပ်လောက်တဲ့လုပ်ဆောင်ချက်မျိုး မဟုတ်ဘူး။

ဒီအင်တာနက် ဖြတ်တောက်မှုဟာ ပြည်သူများရဲ့ အခြေခံရပိုင်ခွင့်ကို အစိုးရက မြှင့်တင်ရမယ့်အစား သူတို့ကိုယ်တိုင်ကိုက ဥပက္ခာပြုတယ်။ နောက်တစ်ခုက မမျှမတ ဆက်ဆံတယ်။ ပြည်သူတွေကိုပိုပြီးတော့ ထိခိုက်နစ်နာအောင်လုပ်တယ်။ အထူးသဖြင့် အင်တာနက် ဖြတ်တောက်ထားတဲ့အခါမှာ သူတို့အကြောင်းပြချက်ကနေပြီးတော့ လုံခြုံရေးအရ သတင်းပေးလို့ ဒီလိုမျိုးပြောပေမယ့် အခုအင်တာနက် ဖြတ်တောက်ပြီး အခြေအနေနဲ့ အင်တာနက်ရှိခဲ့တဲ့အခြေအနေဟာ ဘယ်သူကပိုပြီးတော့ အမုန်းစကားပြောနေလည်း တိုက်ပွဲအရေအတွက် ဘယ်လောက်များသွားလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အရေအတွက် ဘယ်လောက်ရှိနေလည်း ပြည်လူထုသေနှုန်း ထိခိုက်သေကျေမှုဘယ်လောက်ရှိနေလဲ။

ဖမ်းဆီးခံရမှု ဘယ်လောက်ရှိနေလဲ။ တစ်နှစ်တာအတောအတွင်းမှာ မလျော့ကျလာတဲ့အပြင် မြင့်မားလာတဲ့အချက်အလက်တွေ အများကြီးရှိပါတယ်။ ဒါဟာဆိုရင် အစိုးရမူဝါဒ မှားယွင်းကြောင်း ဖော်ပြနေတဲ့ သက်သေတွေ ဖြစ်တယ်။

မေး။ ။ အခုလိုအင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်တော့ အစိုးရရဲ့ ရည်မှန်းချက်တွေအတိုင်း ဖြစ်ရဲ့လား။

ဖြေ။ ။ ကျွန်မရဲ့ သုံးသပ်ချက်ဟာတော့ အစိုးရထင်မြင်ခဲ့သလို အစိုးရက မျှော်လင့်ခဲ့သလို ပြောင်းပြန်ပဲ ကျွန်မတို့ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် အများပြည်သူအကျိုးဆိုရင် အများပြည်သူသည် သူတို့နေ့စဉ်ကြုံရတဲ့ ဒုက္ခတွေ သတင်းအချက်အလက်တွေ သူတို့ရဲ့ သတင်းရပိုင်ခွင့်တွေ ဒါတွေကိုပိုပြီးတော့ ရရှိခံစားရမှာ အခုကပြောင်းပြန်ရှင့် ပြည်သူတွေဟာ သူတို့ထိခိုက်ခံစားရတာကို မီဒီယာပေါ်ကိုရောက်လာဖို့ တခြားမြန်မာနိုင်ငံတစ်ဝန်းက တခြားတိုင်းရင်းသားတွေသိဖို့ တိုက်ပွဲတွေကြောင့် ဘယ်လိုထိခိုက်နေလဲ။

ဘယ်သူကတော့နေပြီးတော့ မြေပြင်မှာ မတရားမှုတွေ လုပ်နေသလဲ။ အဲတာတွေ ဘယ်လိုမှနေပြီးတော့ လူမှုကွန်ရက်ပေါ်မှာ သတင်းအချက်အလက်ရေးကျတဲ့ မီဒီယာတွေပေါ်မှာ ဘယ်လိုမှရောက်ရှိလာတဲ့ အခြေအနေမရှိပါဘူး။ ဒါကြောင့်မို့လို့ ဒါဟာနေပြီးတော့ ပြည်သူလူထုက ဘာမြင်သလဲဆိုရင် ကျွန်တော်တို့ကိုများ တမင်ဖိနှိပ်နေသလားလို့တောင် မြင်နေရတဲ့အတွက်ကြောင့်မို့လို့ အစိုးရဖက်ကဆိုရင် သူတို့မျှော်လင့်ထားတာထက် မျှော်လင့်ထားသည်ထက် ပြောင်းပြန်အကျိုးသက်ရောက်မှုရှိပါတယ်။ အင်တာနက် ဖြတ်တောက်ထားတဲ့ မူဝါဒဟာ အောင်မြင်မှာလည်းမဟုတ်ပါဘူး။ ဘယ်တော့မှလည်း အောင်မြင်မှာ မဟုတ်ပါဘူး။

အစိုးရရဲ့ မူဝါဒ လွဲမှားတဲ့အတွက်ကြောင့် ပိုပြီးတော့တောင်မှ ဆုံးရှုံးနိုင်ခြေရှိပါတယ်။ ပြည်သူဖက်ကကြည့်လိုက်ရင်လည်း ဆုံးရှုံးတဲ့အခြေအနေမှာ ရှိနေတယ်။ အစိုးရကော ပြည်သူကော နှစ်ဖက်လုံးထိခိုက်တာကို ဘာလို့လုပ်မှာလဲ။ နောက်တစ်ခုက ဒီမိုကရေစီစံချိန်စံနှုန်းနဲ့ ဘယ်လိုမှ မကိုက်ညီတဲ့အပြင် အစိုးရပေးထားတဲ့ အကြောင်းပြချက်တွေကလည်း ဘယ်လိုမှ ယုတ်တိမရှိဘူး။ အများသူငှာ အကျိုးဆိုရင် အခုတိုက်ပွဲဖြစ်တာ ဘယ်သူမှန်တယ်။ ဘယ်သူမှားတယ်။ ဘယ်သူကတော့ သတင်းမှန်ကိုပြန်ကြားတယ်။ ဘယ်သူကတော့ သတင်းမှားကို ပြန်ကြားတယ်ဆိုတာကို ဘယ်လိုသိမှာလည်းဆိုရင် ကျွန်မတို့က ပွင့်လင်းမြင်သာမှုရှိတဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိတဲ့ ကျွန်မတို့နေပြီးတော့ ဒီ CCTV ရှေ့မှာ ကင်မရာတွေရှေ့မှာ တိုက်မှသာလျှင် ဘယ်သူကတော့ တရားမျှတမှုကို ဖော်ဆောင်နေတယ်။

ဘယ်သူကတော့ မှားယွင်းနေတယ်။ ဘယ်သူကတော့ မှန်ကန်နေတယ်။ ဘယ်သူကတော့ အရပ်သားပြည်သူ တွေကို target ထားပြီးတော့ ဒီနေရာမှာတိုက်ပွဲဖြစ်နေတာကို မြင်ရမှာဖြစ်ပါတယ်။ အခုနေပြီးတော့ အကုန်လုံးကို Lock ချထားပြီးတော့မှ ဘယ်အခြေအနေမှာမှမရှိ ကမ္ဘာမှာဘယ်မှာမှ အရှည်ကြီး အင်တာနက်ပိတ်တယ်ဆိုတာမရှိပါဘူး။ အခုအကုန်လုံးပိတ်ထားပြီးတော့မှ စစ်ဆင်ရေးတွေဆောင်ရွက်တာ တိုက်ပွဲတွေဖြစ်ပွားတာသည်။ လက်ရှိအမှန်တကယ် မြေပြင်မှာ ဖြစ်ပျက်နေတဲ့အရာတွေကို ဖုံးကွယ်ထားချင်တယ်ဆိုမှတော့ ဖုံးကွယ်ထားရလောက်အောင် အခြေအနေတွေဖြစ်နေတယ်ဆိုတဲ့ဟာသည် ဒါကိုယ်ကိုယ်တိုင်က မမှန်မကန်လုပ်လို့ ဖုံးကွယ်တာပဲ ကိုယ်မှန်ကန်စွာလုပ်လို့ရင် ပွင့်လင်းမြင်သာမှုရှိရမယ်။ တာဝန်ယူမှု တာဝန်ခံမှုရှိရမယ်။

ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အများကြီးပြောကျတယ်။ နိုင်ငံရေးသမားတွေလည်း အများကြီးပြောတယ်။ အခြေခံလူ့အခွင့်အရေး ကြိုးပမ်းတဲ့သူတွေလည်း အများကြီးပြောတယ်။ အခုနေပြီးတော့ ကမ္ဘာကြီးက အင်မတန်တိုးတက်နေတဲ့အခြေအနေ နောက်တစ်ခုက အချက်အလက်အရမ်းကို မြန်ဆန်နေတဲ့ အခြေအနေ ကမ္ဘာကြီးဟာ ရွာလိုဖြစ်နေတဲ့ အခြေအနေမှာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာသာ အင်တာနက်ပိတ်ထားလို့ ဒါကိုနေပြီးတော့ ဖုံးဖိနိုင်မယ်လို့ ကျွန်မတော့ မထင်ဘူး။

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အစိုးရကနေပြီးတော့ သူ့ရဲ့ အင်တာနက်ပိတ်ထားတဲ့ ရလဒ်ကို သူပြန်ပြီးတော့ ပြည်သူကိုပေးဆပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မမှန်ကန်တဲ့အရာကို အမြန်ဆုံးပြန်လည် တည့်မတ်ဖို့အတွက် ကျွန်မတို့က ဒီတစ်နှစ်ပြည့်မှာ အင်တာနက်အမြန်ဆုံး ပြန်လည်ဖွင့်ပေးဖို့အတွက် တောင်းဆိုခဲ့တာဖြစ်တယ်။

မေး။ ။ အင်တာနက်ဖြတ်တောက်ထားမှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ဘာတွေဆက်ဖြစ်နိုင်လဲ။

ဖြေ။ ။ ကျွန်မတို့မျှော်လင့်ထားတာထက် ပိုပြီးတော့ အခြေအနေဆိုးရွားနိုင်တယ်။ ဒီနေရာတွေကနေပြီးတော့ အရပ်ဘက်အဖွဲ့အစည်းတွေ နောက်တစ်ခုက တစ်ဦးချင်းဖြစ်စေ နောက်တစ်ခုက သတင်းယူကျမယ့် မီဒီယာတွေဖြစ်စေ နောက် နိုင်ငံတကာဖြစ်စေ ဘယ်သူမဆို ဒီနေရာကို သွားဖို့က အရမ်းကိုခက်ခဲတဲ့ အခြေအနေဖြစ်ပါတယ်။

ဒါကြောင့်မို့လို့နေပြီးတော့ ဒီတစ်နှစ်တာ ကာလမှာ လူမှုဒုက္ခတွေဟာ မညီမျှမှုတွေ နောက်ကျကျန်ခဲ့မှုတွေ ဆင်းရဲမွဲတေမှုတွေ မကျေနပ်မှုတွေ ဒါတွေပိုပြီးတော့ တိုးလာမယ့် အခြေအနေမှာရှိပါတယ်။

အစိုးရကနေပြီးတော့ ရခိုင်ပြည်သူလူထုကြားမှာ သို့မဟုတ် ချင်းပြည်သူလူထုကြားမှာ သို့မဟုတ် ကျွန်မတို့ ပြည်ထောင်စုကြားထဲမှာနေပြီးတော့ အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်ကျတဲ့အခါမှာ ရခိုင်ပြည်နယ်မှာ ပြုမူခဲ့တဲ့အပြုအမူလုပ်ခဲ့တဲ့ လုပ်ဆောင်ချက်တွေဟာ ဒီအစိုးရကနေပြီးတော့ ရှောင်လွှဲလို့မရဘူး။ အမြဲတမ်းပဲ ဒါမေးခွန်းထုတ်နေရမယ့် အခြေအနေမှာရှိနေပါတယ်။ ဒါကြောင့်မို့လို့ ကြိုပြီးတော့သာ ဒီလိုမျိုး ဥပက္ခာပြုနေမယ် ကိုယ်ချင်းစာတရားကို လက်ကိုင်မထားဘူးဆိုရင် အခုခေါင်းဆောင်တွေပြောနေတဲ့ အမျိုးသားရင်ကြားစေ့ရေးမူတို့ နောက်တစ်ခုက ဒီမိုကရေစီထွန်းကားရေးတို့ ပွင့်လင်းမြင်သာမှုရှိတာတို့ နောက် တာဝန်ယူမှု တာဝန်ခံမှုရှိတာတို့ လျှောက်ပြောနေတဲ့ အခြေအနေမှာပဲရှိတယ်။

ကျွန်မတို့ပြည်သူ လူထုက လက်တွေ့မြင်ချင်တာ ကျွန်မတို့ သုံးသပ်တာက ဘာလည်းဆိုရင် ပြည်သူလူထုရဲ့ အစိုးရပေါ်မှာနေပြီးတော့ ပိုပြီးတော့ အယုံအကြည်ကင်းမဲ့သွားမယ်။ သူတို့တွေကို အစိုးရ ဂရုမစိုက်ပါဘူးဆိုတဲ့ ထင်မြင်ချက်တွေ ပိုပြီးတော့ရှိသွားမယ်။ နောက်တစ်ခုက သူတို့ရဲ့ ဘဝက အနာဂတ်တွေမဲ့သွားမယ်။ လူတစ်ဦးတစ်ယောက်ရဲ့ အနာဂတ်ကို မဲ့သွားအောင်လုပ်တဲ့အစိုးရကို သူတို့ ဘယ်တော့ မေ့မှာမဟုတ်ဘူး။

ကျွန်မ ဥပမာတစ်ခုပေးရမယ်ဆိုရင် အခုနေများ သမ္မတရဲ့ သမီးတစ်ယောက် သမ္မတရဲ့ သားတစ်ယောက်သာ ရခိုင်ပြည်နယ်ရဲ့ အင်တာနက်မရှိတဲ့ နေရာကို ရောက်နေမယ်ဆိုရင် ဖခင်တစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှု မိခင်တစ်ယောက်ရဲ့ စိုးရိမ်ပူပန်မှုကို ဘာနဲ့မှ တိုင်းတာလို့မရဘူး။

ဒီလိုပါပဲ အင်တာနက် မရရှိတဲ့ နေရာတွေက မိဘတွေရဲ့ သားသမီးတွေရဲ့ ဖခင်တွေရဲ့ မိခင်တွေရဲ့ စေတနာကို သူတို့သားသမီးတွေ အနာဂတ်မှာရရှိလာမယ့် ပညာရေးရရှိမယ့် အခြေအနေတွေကို နိုင်ငံတော် အကြီးအကဲတွေ ကိုယ်တိုင်က ကိုယ်ချင်းစာတရားရှိရပါမယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ကတော့ ဒီမိုကရက်တစ်ကိုသွားချင်တယ်။ ဒီမိုကရေစီနိုင်ငံ တကယ်ဖြစ်ချင်တယ်ဆိုရင် ရခိုင်ပြည်နယ်မှာ အင်တာနက်မရရှိတဲ့ ပြည်သူတွေကိုလည်း သမ္မတကြီးအပါအဝင် တခြားဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေကနေပြီးတော့ ကိုယ်ချင်းစာတရား ကျွန်မတို့ လူသားတွေမှာရှိရမယ့် ဂုဏ်သိက္ခာ ကိုယ်ချင်းစာတရားနဲ့ ညှာတာမှုဆိုတာကနေပြီးတော့ ဒါတွေကနေပြီးတော့ Political willingness တွေဖြစ်ထွန်းလာစေပါတယ်။

ဒါကြောင့်မို့လို့ တကယ်လို့သာ ကျွန်မတို့လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးပါတီတွေ အခွင့်အရေးလှုပ်ရှားသူတွေက အင်တာနက် ပြန်လည်ဖွင့်ပေးဖို့ကို ဘယ်လောက်ထိတောင်းဆိုနေပေမယ့် အစိုးရက ဥပက္ခာပြုခဲ့မယ်ဆိုရင် လက်ရှိအခြေအနေ ရခိုင်ပြည်နယ် ရင်ဆိုင်နေရတဲ့အခြေအနေထက် နောင်အခါမှာ ပိုပြီးတော့ ဖြေရှင်းလို့မရတဲ့ ပြဿနာကို ဦးတည်စေတယ်။

မေး။ ။ အင်တာနက်ဖြတ်တောက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သမ္မတရုံးကိုစာပို့ထားတယ်ဆိုတော့ ဘာတွေလုပ်ပေးမယ်လို့ မျှော်လင့်ထားလဲ။

ဖြေ။ ။ ကျွန်မတို့ကနေပြီးတော့ လုပ်ဆောင်ပေးမယ့်ဖက်က လုပ်ဆောင်ပေးမယ့်သူကတော့ လုပ်ဆောင်ပေးမယ်။ လုပ်ဆောင်မပေးဘူးဆိုတာကတော့ သူတို့ဖက်မှာပဲရှိပါတယ်။ လုပ်ဆောင်ပေးမယ့်သူရဲ့ နိုင်ငံတော် သမ္မတဖက်မှာ နိုင်ငံတော် အတိုင်ပင်ခံဖက်မှာပဲရှိပါတယ်။ လုပ်ရမယ့် တာဝန်နဲ့ ကြိုးစားရမယ့် အခြေအနေက ကျွန်မတို့ အခြေအနေဖြစ်ပါတယ်။ ကျွန်မတို့ဘက်ကတော့ သမ္မတနေပြီးတော့ ပြည်သူလူထုကို အလေးထားတယ်။ ပြည်သူကရွေးချယ်ထားတဲ့ သမ္မတဖြစ်တယ်။ ဒီမိုကရေစီ စနစ်ကိုလိုလားတယ်။ ပွင့်လင်းမြင်သာမှုကို ခုံမင်တယ် သားသမီးချင်းနိုင်ငံသူ နိုင်ငံသားကို ကိုယ်ချင်းစာတယ်။ ကျွန်မတို့ အရင်ခေတ်တုန်းကဆိုရင် မင်းကျင့်တရား ၁ဝပါးပေါ့နော်။ ပြည်သူလူထုပေါ်မှာ တန်ဖိုးထားတယ်ဆိုတဲ့ value တွေ သမ္မတဆီမှာရှိနေတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆီမှာရှိနေတယ်။ ဒီအကြောင်းအရာကနေပြီးတော့ ကျွန်မတို့စာပို့လိုက်တဲ့ဟာ သူတို့ဆီမှာ နှလုံးသားထဲမှာရှိတဲ့ ဒီအကြောင်းအရာကနေပြီးတော့ ကျွန်မတို့စာကိုဖတ်ရတဲ့အခါမှာ ကိုယ်ချင်းစာတရားသည် လှုံ့ဆော်နိုင်မယ်လို့ ကျွန်မတို့ယုံကြည်တယ်။ ယူဆတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ဖက်က လုပ်ရမယ့်အရာဆိုရင် ပြည်သူအတွက်ကောင်းကျိုးဖြစ်မယ့် အရာတွေဆိုရင် ကျွန်မတို့အစွမ်းကုန်အကုန်လုံးလုပ်ဆောင်မယ်။ ဒီပေါ်မှာပြန်ပြီးတော့ တုံ့ပြန်မယ့်အရာ ဒီပေါ်မှာ ကျွန်မတို့ကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာကတော့ ကျွန်မတို့ မသိနိုင်ဘူး။ ကျွန်မတို့ မခန့်မှန်းနိုင်ဘူး။

ကျွန်မတို့ဖက်က မျှော်လင့်တာတော့ ကျွန်မတို့ဆောင်ရွက်ချက်တွေကြောင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒီစာကိုဖတ်ရတဲ့အခါမှာ သမ္မတကြီး ဒီစာကိုဖတ်ရတဲ့အခါမှာ ဒီလူတွေသည် တကယ်ဒီမိုကရေစီကိုလိုလားတဲ့သူတွေ တကယ်ထိခိုက်နစ်နာနေတယ်။ အင်တာနက် ဖြတ်တောက်ထားတဲ့အတွက်ကြောင့်မို့လို့ ဒီအသက်တွေ ဘဝတွေကို ကျွန်တော်တို့ မကူညီနိုင်ဘူး။ ဒီလိုမျိုးအမြင်တွေ ဖြစ်ပေါ်နိုင်စေမယ်လို့ ကျွန်မတို့သုံးသပ်တယ်။ ကျွန်မတို့ ယူဆတယ်။

မေး။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှေ့ဆက်ဘာတွေ လုပ်ဆောင်ဖို့ရှိလဲ။

ဖြေ။ ။ ကျွန်မတို့က အခွင့်အရေးကို တောင်းဆိုတဲ့အခါမှာ ကျွန်မတို့ ဒီမိုကရေစီကိုတောင်းဆိုတဲ့အခါမှာ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးတွေရှိခဲ့တယ်။ ဒီမိုကရေစီမဟုတ်တဲ့ ပြည်သူပေါ်မှာဖိနှိပ်မှုရှိခဲ့တဲ့ ကျွန်မတို့ ဒီလိုမျိုး ဘာမှပြောဆိုပိုင်ခွင့်မရှိတဲ့ အချိန်အခါတွေကို ကျွန်မတို့ဖြတ်သန်းခဲ့တယ်။ အဲလိုမျိုးဘာကြောင့်ဖြတ်သန်းလည်းဆိုရင် ကျွန်မတို့ မျှော်လင့်လို့ပေါ့။ Hope ပေါ့။ ကျွန်မတို့မျှော်လင့်တယ်။ ကျွန်မတို့မျှော်လင့်တဲ့ဟာကို လုပ်ဆောင်နေတယ်။ ဒီမျှော်လင့်ချက်သည် တစ်ချိန်ချိန်မှာနေပြီးတော့ ပေါ်ပေါက်လာမယ်။

ကျွန်မတို့ရရှိလာမယ်လို့ ဒီလိုမျိုးနဲ့ပဲ နိုင်ငံရေးဖြစ်စဉ်တွေကို လျှောက်လှမ်းကျတဲ့အခါမှာ ၈၈လည်း ပြည်သူက မျှော်လင့်ချက်ကြီးမားတဲ့အခါမှာ ပြည်သူ့အင်အားတစ်ရပ်ဖြစ်စေခဲ့တယ်။ ဒီလိုကနေပြီးတော့ ပြည်သူတွေအတွက် လွှတ်တော်ကိုယ်စားလှယ်တွေက ကျိုးပမ်းတဲ့အခါမှာ အခွင့်အရေးဆုံးရှုံးခံပြည်သူများကိုယ်စား အခွင့်အရေးဆုံးရှုံးခံလူမျိုးတစ်ရပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့အခါမှာ Hope ကိုကျွန်မထားတယ်။ ဒီမျှော်လင့်ချက်ကို ကျွန်မထားတယ်။ ဒီ Expectation ကျွန်မမှာထားတယ်။ ဒီပြည်သူတွေပြန်ပြီးတော့ မူလရပိုင်ခွင့်ဖြစ်တဲ့ Right To Information၊ Freedom Of Expression Law ဒါတွေကို ရရမယ်။

ဒီမျှော်လင့်ချက်ကိုတော့ ကျွန်မတို့ရှိတယ်။ ဒီမျှော်လင့်ထားတဲ့ အတိုင်းကနေပြီးတော့ ကျွန်မတို့ ဆက်လက်လုပ်ဆောင်သွားမယ်။ ပုံစံတော့ တူချင်မှတူမယ်။ လွှတ်တော်ထဲမှာတော့ ကျွန်မတို့ မေးခွန်းတွေတင်တယ်။ ဒါပေမယ့် လွှတ်တော်ဥက္ကဋ္ဌကတော့ ဒါတွေကို ပယ်ချခဲ့တယ်။ ဒါပေမယ့် ကျွန်မလုပ်နိုင်စွမ်းရှိတဲ့အရာတွေကို ကျွန်မကြိုးပမ်းသွားမယ်။ ကြိုးစားသွားမယ်။ မရမချင်း မျှော်လင့်ချက်နဲ့ ကြိုးပမ်းသွားမယ်။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ ကျွန်မတို့ ဒီမိုကရေစီစနစ်ကိုသွားမယ်ဆိုရင် ဒီမိုကရေစီတန်ဖိုး တရားတွေကို လျစ်လျူရှု့လို့မရပါဘူး။ ကျွန်မတို့အနေနဲ့ကတော့ လက်ရှိအစိုးရသည် တကယ့် ဒီမိုကရေစီကိုသွားချင်တဲ့ အစိုးရဖြစ်တယ်။ ဖိနှိပ်ခံဘဝက အစိုးရဖြစ်လာတဲ့ Oppression ကနေအစိုးရဖြစ်လာတဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ နောက်တစ်ခုက ကိုယ်ကိုယ်တိုင်ကိုက သတင်းအချက်အလက်မရရှိခဲ့ဘူး။ ကမ္ဘာကြီးနဲ့ အဆက်ပြတ်ခဲ့ကျတဲ့သူတွေဖြစ်တယ်။ ဒီပုဂ္ဂိုလ်တွေကနေပြီးတော့ သီးသန့်လူတွေနဲ့ ပတ်ဝန်းကျင်နဲ့ အဆက်အစပ်မရှိခဲ့ဘဲနဲ့ သီးသန့်ထားပြီးတော့ တချို့ဆိုရင် လွှတ်တော်ကိုယ်စားလှယ်ထဲမှာလည်းရှိတယ်။

နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့တဲ့ လူတွေရဲ့ ခံစားချက်ထဲမှာလည်းရှိတယ်။ အခုလွှတ်တော်ကိုယ်စားလှယ် ဖြစ်နေကျတဲ့သူတွေလည်းရှိတယ်။ ဒီလူတွေဟာနေပြီးတော့ လွတ်လပ်မှုကို ဆုံးရှုံးခဲ့ရတဲ့လူတွေဖြစ်တယ်။ Freedom Of Expression တစ်ခုတည်းမဟုတ်ဘူး။ ရုပ်ပိုင်းကော စိတ်ပိုင်းကော ဖိနှိပ်မှုတွေခံခဲ့ရတယ်။ ဒီဖိနှိပ်မှုတွေ ခံခဲ့ကျရတဲ့ သူတွေဟာ တစ်ချိန်ချိန်မှာ သူတစ်ပါးကို ဖိနှိပ်ဖို့အတွက် အဲလောက်ထိ သူတို့နှလုံးသားက ခွင့်ပြုမှာ မဟုတ်ဘူး။ သူတို့ရဲ့ လူ့ဂုဏ်သိက္ခာကြောင့် ခွင့်ပြုမှာမဟုတ်ဘူး။

ကိုယ်ချင်းစာဖို့ ဒီမိုကရေစီ ဖြစ်စဉ်မှာ Negotiation၊ Compromise တို့ကို မဖြစ်မပေးလုပ်ဆောင်ရမယ်။ Trust Building တွေကို မဖြစ်မနေလုပ်ဆောင်ရမယ်။ ဒီတိုက်ပွဲတွေဖြစ်တာက လက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖွဲ့ဖြစ်တာ ဒါပေမယ့် တိုက်ပွဲတွေ ဒဏ်ကိုခံစားရတာက တကယ့်အပြစ်မဲ့ အမျိုးသမီးတွေ ကလေးတွေ သက်ကြီးရွယ်အိုတွေ ပညာမသင်ရသေးတဲ့ လူမမယ်တွေ သူတို့ရဲ့ အနာဂတ်ကို ထောက်ထားသောအားဖြင့် ဒါတွေကိုဆောင်ရွက်လို့မရဘူ။ ကျွန်မတို့ လူသားဆန်တယ်ဆိုရင် ကျွန်မတို့၏ မြို့နယ်တွေက လူငယ်တွေရဲ့ အနာဂတ်ကို လှမ်းကြည့်မယ်ဆိုရင် သူတို့အနာဂတ် ဘယ်လောက်ထိ အမှောင်ဖုံးနေပြီလည်းဆိုတဲ့ဟာကိုသိသာတယ်။

ကျွန်မတို့ ပို့လိုက်တဲ့စာတွေကို သမ္မတကော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကော ဦးနှောက်နဲ့ နှလုံးသား ပေါင်းစပ်ပြီးတော့ ဖတ်နိုင်ပါစေ။ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်ပါစေ။ ကျွန်မတို့ ရခိုင်ဒေသအပါအဝင် ချင်းပြည်နယ်က ပြည်သူများရဲ့ အမှောင်ချခံနေရတဲ့ သတင်းအမှောင်ချခံနေရတယ်။ ဒီမိုကရေစီအမှောင်ချခံနေရတယ်။ ဒါတွေကို ကိုယ်ချင်းစာနိုင်ပါစေလို့ ကျွန်မတို့က ဒါကိုတိုက်တွန်းလိုက်တယ်။ ဒီလိုမျိုးဆန္ဒတွေ ပေါ်ပေါက်ပါစေလို့ မျှော်လင့်ထားတယ်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts