Editorial political news

ပြည်သူလူထုဆင်းရဲ ရုန်းကန်နေရချိန် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ မြေကွက် မယူဘဲ ဥရုဂွေးသမ္မတဟောင်း Jose Mujica ကို စံပြအတုယူသင့်သည်

အယ်ဒီတာ့အာဘော်

ပြည်သူလူထုဆင်းရဲ ရုန်းကန်နေရချိန် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ မြေကွက် မယူဘဲ ဥရုဂွေးသမ္မတဟောင်း Jose Mujica ကို စံပြအတုယူသင့်သည်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်အပါအဝင် အရာရှိကြီးများအတွက်နေပြည်တော် ဥတ္တရသီရမြို့နယ်တွင် မြေကွက်များ ရရှိကြမည်ဖြစ်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဖော်ဆောင်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ဇွန်လ ၁၉ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသွားသည်။

သမ္မတနှင့်နိုင်ငံတော်အတိုင်ပင်ခံတို့ မြေကွက်နေရာရယူထားမှုမှန်ကန်ပြီး ပေ ၄၀၀ ပတ်လည် မြေကွက်များဖြစ်ကြောင်း၊ ဝန်ကြီးအဆင့်ဆိုလျှင် ပေ ၃၀၀ ပတ်လည် ၊ဒုဝန်ကြီးအဆင့်ဆိုလျှင် ၂၅၀ ပတ်လည်၊ DG( ညွှန်ကြားရေးမှူးချုပ်) အဆင့်ဆိုလျှင် ၁၀၀ ပတ်လည် မြေကွက်များ နေပြည်တော်စည်ပင်က သတ်မှတ်သော အစိုးရဈေးနှုန်းဖြင့် ရယူကြမည်ဟု သိရှိရသည်။

၂၀၁၄ ခုနှစ် ဇွန်လအတွင်း တင်ဆက်ခဲ့သော RFA မြန်မာပိုင်းသတင်းဌာန၏ ဒီမိုကရေစီ ခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ကားပါမစ်နှင့် မြေကွက်များ မလိုချင်ကြောင်း၊ ပြည်သူများ လယ်ယာမြေလေး ပြန်လည်ရရှိရန် ရုန်းကန်နေရချိန်တွင် မြေကွက်များ မလိုချင်ဟု ပြောဆိုခဲ့ဖူးရာ အဆိုပါ ပြောဆိုချက်များသည် NLD အာဏာရချိန်တွင် မမှန်ကန်တော့သည့်သဘော သက်ရောက်ပေတော့မည်ဖြစ်သည်။

ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ စကားအပြည့်အစုံမှာ “ဒီလို ကားပါမစ်တွေ မြေကွက်တွေဘာတွေ ဒီလိုအချိန်မှာလည်း မလိုချင်ပါဘူး၊ အခုပြည်သူအများစုဟာ ဆိုလို့ရှိရင် သူတို့ရဲ့လယ်ယာမြေလေးတွေ ရရှိရေးအတွက် ရုန်းကန်နေရတဲ့ အချိန်မှာ ကျမတို့ပါတီအနေနဲ့ ဒီလိုမြေ ကွက်တွေလည်း အလကားမယူချင်ပါဘူး၊ ကားပါမစ်တွေလည်း မလို ပါဘူး” ဟု ဖြစ်သည်။

သမ္မတဦးဝင်းမြင့်နှင့်အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် လူထုက လေးစားချစ်မြတ်နိုးသော ခေါင်းဆောင်များဖြစ်ပြီး ခေတ်ပြောင်း စနစ်ပြောင်းအတွက် လူထု၏ အသည်းကြားမှ မဲပြားများဖြင့် အစိုးရအာဏာ၊ နိုင်ငံတော်အာဏာကို ရရှိလာသူများဖြစ်ကြသည်။

လူထုအနေဖြင့် ၎င်းတို့၏ ဆန္ဒမဲများဖြင့် ရွေးချယ်တင်မြှောက်လိုက်သော ခေါင်းဆောင်များကို သန့်ရှင်းစင်ကြယ်သော ခေါင်းဆောင်များအဖြစ်သာ ထာဝရ မြင်တွေ့ချင်ကြသည်။

အာဏာရှိသူက အလွန်သက်သာသော ဈေးနှုန်းဖြင့် မြေကွက်၊ ကားပါမစ် အပါအဝင် အခွင့်အရေး ရယူကြသည့် စနစ်သည် အာဏာရှင် ဦးနေဝင်း၏ လက်ထက်မှစ၍ ခေတ်အဆက်ဆက် လူဆိုး လူယုတ် လူအတ္တသမား ခေါင်းဆောင်များ တွင်ကျယ်စွာ ကျင့်သုံးခဲ့ကြသည့် စနစ်ဆိုးတစ်ခုဖြစ်သည်။ အဆိုပါစနစ်ဆိုးကြောင့်ပင် တိုင်းပြည်မွဲပြာကျပြီး ကမ္ဘာ့အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးမှု အနည်းဆုံးသော နိုင်ငံ ဖြစ်ခဲ့ရသည်။

လူထုက ၎င်းတို့ ရွေးချယ်လိုက်သော မြင့်မြတ်သော ခေါင်းဆောင်များကို အဆိုပါစနစ်ဆိုး၏ အမူအကျင့်များမှ သန့်ရှင်းကင်းဝေးစေလိုကြသည်ကို သတိပြုရမည်ဖြစ်သည်။ အဆိုပါစနစ်ဆိုး၏ အမူအကျင့်များကို လူထုခေါင်းဆောင်များက ဆက်လက် ကျင့်သုံးလျှင် လက်ရှိ လူထုခေါင်းဆောင်များမှာလည်း ယခင် တိုင်းပြည်ဂုတ်သွေးစုပ်ခဲ့ကြသော စစ်အာဏာရှင် ညစ်ပတ်သော ခေါင်းဆောင်ဟောင်းများနှင့် မခြား ဥပမာပေး တုပနှိုင်းယှဉ်ခံရပေလိမ့်မည်။ သမိုင်းကြောင်း ညစ်နွမ်းပေလိမ့်မည်။

အလျဉ်းသင့်၍ တင်ပြရလျှင် ကမ္ဘာပေါ်တွင် အလွန်ကျော်ကြားပြီး လူထုကို ကြည့်ခဲ့သော ခေါင်းဆောင် ကမ္ဘာ့အဆင်းရဲဆုံး သမ္မတတစ်ဦး ရှိနေပြီး ၎င်းမှာ ဥရုဂွေး သမ္မတဟောင်း Jose Mujica ပင်ဖြစ်သည်။ ဥရုဂွေးနိုင်ငံ၏ အကြိမ် ၄၀ မြောက် သမ္မတဖြစ်သူ Jose Mujica သည် ၂၀၁၀ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၂၀၁၅ ခုနှစ် မတ်လ ၁ ရက်နေ့ အထိ သမ္မတတာဝန်ထမ်းဆောင်ခဲ့သည်။

Jose Mujica သမ္မတတာဝန်ထမ်းဆောင်ချိန်တွင် သမ္မတအိမ်တော်တွင် မနေဘဲ မြို့တော် မွန်တီရေဂို၏ ဆင်ခြေဖုံးတွင်ရှိသော သူ၏ လယ်တောအိမ်လေးတွင် နေထိုင်ခဲ့သည်။ အလွန်အေးသော ဆောင်းရာသီကာလ သမ္မတအိမ်တော်ထဲတွင် အိမ်ခြေ ယာခြေမရှိသူများကို နေခွင့်ပေးခဲ့သည်။ သမ္မတဖြစ်ချိန်ကလည်း သူ၏ ကားစုတ်လေး ဖြစ်သော ၁၉၈၇ ခုနှစ်ထုတ် ဘောက်စဂွန်ကားစုတ်လေးဖြင့် ရုံးတက်ရုံးဆင်းလုပ်ခဲ့သည်။

သမ္မတ၏ လစာသည်ဒေါ်လာ ၁၂၀၀၀ ဖြစ်သော်လည်း လစာ၏ ၉၀ ရာခိုင်နှုန်းကို ဆင်းရဲသားနှင့် အသေးစား လုပ်ငန်းများအတွက် ပြန်လည် ပေးလှူခဲ့သည်။ ပြည်သူများဆင်းရဲနေချိန်တွင် သူ၏ လစာများကို ပြည်သူများသို့ပင် ပြန်လည်ပေးလှူခဲ့သည်။ သမ္မတအဆောင်အယောင်မယူဘဲ သူ၏ လယ်တောအိမ်တွင် ရဲအစောင့်နှစ်ဦးဖြင့် နေထိုင်ခဲ့သည်။ ရိုးသားလွန်းသော သမ္မတကြီး၏ ဇနီးသည် လူစီယာကလည်း ရောင့်ရဲတင်းတိမ်ခဲ့ပြီး ခြေထောက် ၃ ချောင်းသာရှိသော ခွေးကလေး Manuela ကို အဖော်ပြုနေခဲ့ကြသည်။

သမ္မတရာထူးမှ ဆင်းပေးရချိန်တွင်လည်း အေးချမ်းစွာဖြင့်ပင် သူ၏ လယ်တောအိမ်လေးသို့ ပြန်သွားခဲ့ပြီး သမ္မတဖြစ်ချိန် အခွင့်အရေး အဆောင်အယောင် ဘာတစ်ခုမှ ယူမသွားခဲ့ပေ။ သို့သော် တစ်ကမ္ဘာလုံးက ပေးအပ်လိုက်သော ကမ္ဘာ့အဆင်းရဲဆုံးသမ္မတ၊ အနှိမ့်ချဆုံးသမ္မတ ၊ နိုင်ငံရေး၏ နောက်ဆုံး သူရဲကောင်း စသည်ဖြင့် ကမ္ဘာလူထုက ချစ်ခင်မြတ်နိုးစွာ ပေးအပ်လိုက်သော ဝိသေသဂုဏ်ထူးများစွာကို ပိုက်လျက် သမ္မတကြီးသည် လယ်တောအိမ်လေးထဲသို့ ပြန်သွားခဲ့သည်။

၁၉၃၅ ခုနှစ် မေလ ၂၀ ရက်နေ့က မွေးဖွားခဲ့ပြီး ယခုအခါ အသက် ၈၅ နှစ်ရှိနေပြီဖြစ်သော ဥရုဂွေးသမ္မတဟောင်း José Alberto Mujica Cordano သည် အလွန်သန့်ရှင်းသော ဂုဏ်သိက္ခာ၊ ကမ္ဘာ့လူထု၏ ချစ်မြတ်နိုးမှုများဖြင့် ဘဝနေဝင်ချိန်ကို တန်ဖိုးရှိစွာ ဖြတ်သန်းနေသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်တို့ကို ဥရုဂွေးသမ္မတဟောင်း Jose Mujica ကဲ့သို့ လူထု၏ ချစ်ခင်မြတ်နိုး တန်ဖိုးထား လေးစားမှုများ ထာဝရ တည်တံ့စေလိုသည်။

ယခင်ဝန်ကြီးချုပ်ဟောင်း ဦးနု၏ နိုင်ငံကျော်သမိုင်းတွင်မိန့်ခွန်းစကားကိုလည်း ပြန်ပြောင်းဖော်ပြလိုသည်။

“ကျုပ်ဝန်ကြီးချုပ်ဘဝက ထွက်တဲ့အခါ ကျုပ်ဆီမှာ အရင်ဝန်ကြီးချုပ် မဖြစ်ခင်ကပါလာတဲ့ ပစ္စည်းတွေထက် ငွေတစ်ကျပ်တစ်ပြား ပိုပါသွားရင် ကျုပ်ကို “သူခိုး” လို့ ဝိုင်းခေါ်ကြစမ်းပါ” ဆိုသော ဝန်ကြီးချုပ် ဦးနု၏ သမိုင်းတွင်စကားဖြစ်သည်။

လူထု၏ ရင်ထဲတွင် အာဏာရှင်စနစ်ကို နှစ်ပေါင်း ၃၀ ကျော် တိုက်ခိုက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် သန့်ရှင်းစင်ကြယ်လှသည်။ ကိုယ်ကျိုးစွန့် အနစ်နာခံမှုဆိုသော ဂုဏ်သိက္ခာများဖြင့် ပြီးပြည့်စုံလှသည်။

လူထုချစ်ခင်သော ခေါင်းဆောင်များသည် စစ်အာဏာရှင် လူဆိုး၊ လူယုတ်၊ လူမိုက်များကဲ့သို့ မပြုကျင့်အပ်ပေ။

Photo Credit- maravipost

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts