Local News Peace political news

ပုဏ္ဏားကျွန်းမြို့ပေါ်တွင် တပ်မတော် အရာရှိတစ်ဦး ဓားထိုးခံရပြီး တစ်ဦး ဖမ်းဆီးခံရ

ပုဏ္ဏားကျွန်းမြို့ပေါ်တွင် တပ်မတော် အရာရှိတစ်ဦး ဓားထိုးခံရပြီး တစ်ဦး ဖမ်းဆီးခံရ

ရန်ကုန်၊ ဇွန် ၁၁

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ပေါ် ဈေးအနီးတွင် ယနေ့ နံနက်ပိုင်း ၈ နာရီအချိန် တပ်မတော်သားအရာရှိတစ်ဦး ဓားထိုးခံရပြီး တစ်ဦးကို လူတချို့က ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ပုဏ္ဏားကျွန်းမြို့ဒေသခံများက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ပြောသည်။

မျက်မြင်ကြုံတွေ့ရသူ ဒေသခံတစ်ဦးက “အဲဒီမှာ သူကဆိုင်ကယ်နဲ့ လာတာ။ ၈ နာရီ ဝန်းကျင်လောက်မှာဖြစ်မယ်။ နှစ်ယောက်ပါ။ တစ်ယောက်ကို ဓားနဲ့ထိုးတယ်။ တစ်ယောက်ကိုခေါ်ဆောင်သွားတယ်။ ဓားထိုးခံရပြီးတော့ ဆိုင်ကယ်ကတော့လဲနေတယ်။ သွေးတွေကတော့ အများကြီးပဲ၊ ကျနော်တို့ နောက်ပိုင်းသိရတာက ၅၅၀ တပ်မတော်အရာရှိတယောက်လို့ သိရတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

မြို့ပေါ်တွင်ပင် တပ်မတော်အရာရှိတဦး ဓားထိုးခံရပြီး တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်မှ ဈေးဆိုင်များအားလုံးပိတ်လိုက်ပြီး လမ်းမပေါ်တွင် လူသွား လူသွားလူလာ ကင်းမဲ့သွားသည်ဟု ပုဏ္ဏားကျွန်းမြို့ခံများထံမှ သိရှိရသည်။

“သူ (တပ်မတော်အရာရှိ) က ဆိုင်ကယ်နဲ့ လာတာ အဲဒီမှာ နောက်ကနေဓားနဲ့ ထိုးတာ၊ ဆိုင်ကယ်ရောလူရောလဲသွားတယ်။ ပြီးတော့ သိပ်မကြာဘူး။ လူ ၅ ယောက်လောက် သယ်သွားတယ်။ ကျနော်တို့ နောက်ဆုံး ကြားတာက သေသွားပြီလို့ ကြားတယ်။ လူတွေကတော့ ကြောက်လန့်ပြီး အပြင်မထွက်ကြတော့ ဘူး။ ကိုယ်အိမ်အောက်မှာ ဝပ်နေကြတယ်” ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောဆိုသည်။

တပ်မတော်အရာရှိတစ်ဦး ဓားထိုးခံရပြီး တစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ပုဏ္ဏားကျွန်းမြို့အတွင်းပစ်ခတ်သံများ ဆက်တိုက်ဆိုသလိုကြားနေရကာ ဒေသခံများမှာ စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ထွန်းထွန်းညီကို ဆက်သွယ်မေးမြန်းရာ အစည်းအဝေးသွားနေသဖြင့် နောက်မှ ပြန်လည်ဆက်သွယ်ရန် ပြောဆိုသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts