All News China Watch Features

နမ္မတူဘော်တွင်းရဲ့ ကံကြမ္မာကို အကဲခတ်ကြည့်ခြင်း (နိဂုံး)

သူ့အတွေးသူ့အမြင်

နမ္မတူဘော်တွင်းရဲ့ ကံကြမ္မာကို အကဲခတ်ကြည့်ခြင်း (နိဂုံး)

By အောင်ကျော်မိုး (MATA)

နမ္မတူဘော်တွင်းမိုင်းဟာ ၃၈ စတုရန်းကီလိုမီတာ ဧရိယာအကျယ်အဝန်းပေါ်မှာ တူးဖော်ထုတ်လုပ်သွားမယ့် ဘီလီယံချီ တန်ဖိုးရှိတဲ့ မိုင်းတွင်းတစ်ခုဖြစ်တယ်ဆိုတာ ပြောပါရစေ။ အစိုးရအနေနဲ့ ပြည်သူပိုင်သိမ်းခဲ့ပြီးနောက်ပိုင်း စီမံခန့်ခွဲမှုအမှားတွေ၊ စစ်အစိုးရလက်ထက်မှာ အဂတိတရားတွေကြောင့် နိုင်ငံတော်အတွက် ဆုံးရှုံးနစ်နာမှုရှိခဲ့ရတာကို ပြန်လည်သုံးသပ်ကြည့်သင့်ပါတယ်။

လက်ရှိအခြေအနေအရ နမ္မတူဘော်တွင်းမိုင်းကို နိုင်ငံတကာက ရင်နှီးမြှုပ်နှံမှုတွေ ဝင်လာအောင် မက်လုံးပေး ဖိတ်ခေါ်ရတာပါ ဆိုတဲ့အချက်ကို အငြင်းမပွားလိုပါဘူး။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်က အဖိုးတန် အရင်းအမြစ်တွေကို ဈေးပေါပေါနဲ့ ထုတ်ယူခွင့်ပြုပြီး မက်လုံးပေး ဖိတ်ခေါ်နေတာမျိုးကိုတော့ သဘောမတူနိုင်ပါဘူး။ အဲဒီလိုစဉ်းစားပြီး လုပ်ဆောင်နေတာက ပိုပြီး အန္တရာယ်များသလို နိုင်ငံတကာရဲ့ အထင်အမြင်သေးမှုကိုပါ ဖြစ်စေပါတယ်။

တူးဖော်ထုတ်လုပ်တဲ့ လုပ်ငန်းကို BJV အနေနဲ့ စတင်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။ မိုင်းတွင်းလိုင်စင်အတွက် လိုအပ်တဲ့ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီအစဉ် (EIA) ကို Valenis နဲ့ Coffey ကုမ္ပဏီက ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ Coffey ကုမ္ပဏီက EIA လုပ်ငန်းစဉ်အတွက် ကျနော်နဲ့ လာရောက်တွေ့ဆုံခဲ့ဖူးတာကို ဒီနေရာမှာ ပြန်လည်တင်ပြချင်ပါတယ်။ Coffey ကုမ္ပဏီက တာဝန်ရှိတဲ့ နိုင်ငံခြားသားနှစ်ယောက် အပါအဝင် စကားပြန်တစ်ယောက်နဲ့ ၂၀၁၉ ခုနှစ်ထဲမှာ တွေ့ဆုံခဲ့ကြပါတယ်။ ဘော်တွင်းမိုင်းအတွက် EIA လုပ်ငန်းစဉ်အရ စီမံကိန်းအကြောင်း ရှင်းပြဖို့နဲ့ တွေ့ဆုံချင်လို့ လာတာဖြစ်တယ်လို့ ဆိုပါတယ်။

စီမံကိန်းဟာ ဒေသနဲ့ တိုင်းပြည်အတွက် အကျိုးရှိတဲ့ လုပ်ငန်းတစ်ခုဖြစ်ကြောင်းနဲ့ ကုမ္ပဏီသုံးခုက ပူးပေါင်းလုပ်ဆောင်ကြမှာဖြစ်ပြီး နည်းပညာပိုင်းကို သြစတေးလျကုမ္ပဏီက တာဝန်ယူထားကြောင်း ရှင်းပြပါတယ်။ နမ္မတူဘော်တွင်းကြောင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်လာဖို့ရှိသလို အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ရရှိလာနိုင်ကြောင်းပြောပြပြီး သြစတေးလျနိုင်ငံအခြေစိုက် Myanmar Metal ကုမ္ပဏီအကြောင်းကို ရှင်းပြပါတယ်။ ကုမ္ပဏီဟာ သြစတြေးလျမှာ အခြေစိုက်တဲ့ အများပိုင်ကုမ္ပဏီဖြစ်ပြီး ဒါရိုက်တာဘုတ်အဖွဲ့နဲ့ စီမံအုပ်ချုပ်သူတွေရဲ့ နာမည်နဲ့ ရာထူးတွေကိုပါ ပြောပြပါတယ်။ သူတို့ဟာ သတ္တုတွင်းတူးဖော်တဲ့ လုပ်ငန်းအတွေ့အကြုံပေါင်း များစွာရှိသလို နိုင်ငံတကာမှာလည်း လုပ်ကိုင်နေကြောင်း ပြောပြပါတယ်။ ကုမ္ပဏီရဲ့ အသေးစိတ်အချက်အလက်တော့ မပါဝင်ပါဘူး။

ဝင်းမြင့်မိုရ် ကုမ္ပဏီကတော့ ပြည်တွင်းအခြေစိုက် ကုမ္ပဏီဖြစ်ပြီး National Infrastructure Holding (NIH) ကုမ္ပဏီရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်ကြောင်းနဲ့ သူတို့ လက်ရှိလုပ်ကိုင်နေတဲ့ မြန်မာပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေအကြောင်းကို ပြောပြပြီး ယခု နမ္မတူဘော်တွင်းကို လုပ်ကိုင်ခွင့်ရရှိထားကြောင်း ပြောပြပါတယ်။ အဲဒီမှာ NIH နဲ့ ဝင်းမြင့်မိုရ်ကုမ္ပဏီရဲ့ ဒါရိုက်တာဘုတ်အဖွဲ့နာမည်၊ ရာထူးတာဝန်တွေနဲ့ ပတ်သက်ပြီး ဘာကြောင့် ရှင်းပြတဲ့အထဲ မပါရတာလဲ၊ ဖုံးကွယ်စရာတွေ ရှိလို့လား၊ ဘာကြောင့်လဲလို့ ပြန်မေးတော့ လာရှင်းပြတဲ့သူတွေက ဘာမှ ပြန်မပြောကြပါဘူး။

မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသား လုပ်ငန်းရှင်တွေအကြောင်း သိခွင့်မရရှိတာက အလွန်အံ့သြစရာကောင်းတဲ့ ပွင့်လင်းမြင်သာမှုပါပဲ။ စီမံကိန်းအကြောင်းပြောပြတဲ့အခါ စီမံကိန်းနဲ့ပတ်သက်တာကို တတိယအုပ်စု (EIA ကုမ္ပဏီ) ပီသစွာ တစ်စုံတရာကိုမှ ထိန်ချန်ထားခြင်းမရှိဘဲ တွေ့ရှိချက်အတိုင်း ပွင့်လင်းမြင်သာစွာချပြဖို့ကို မပျက်ကွက်သင့်ဘူးလို့ ပြောပြတော့ ပြန်ဖြည့်စွက်ပါမယ်လို့ ပြောပါတယ်။

ရှယ်ယာအဖွဲ့ ဝင်ဖြစ်တဲ့ East Asia Power (EAP) အကြောင်းပြောချိန်မှာလည်း ဒါရိုက်တာဘုတ်အဖွဲ့ နာမည်တွေ မပါလာပါဘူး။ EAP ကုမ္ပဏီဟာ ၂၀၁၂ ခုနှစ်က စတင်တည်ထောင်လုပ်ကိုင်ပြီး Conerstone Resources Myanmar Limited ကိုယ်စား ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုး သွပ်သန့်စင်စက်ရုံနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း (နေရာအတိအကျမပါ) လုံချိန် သွပ်သတ္တုတွင်းတို့ကို စီမံအုပ်ချုပ်မှု တည်ဆောက်မှုအပိုင်း လုပ်ပေးနေကြောင်း ပြောပြပါတယ်။ အမည်စာရင်းတွေမပါလာလို့ သူတို့ကို EIA အစီရင်ခံစာထွက်လာရင် သေချာရေးပေးပါလို့ ထပ်ပြောလိုက်ပါတယ်။ BJV အနေနဲ့ ဘာတွေဆက်လုပ်မယ်ဆိုတဲ့ စီမံကိန်းတွေအကြောင်း အခု စမ်းသပ်ရှာဖွေနေတဲ့အပိုင်း ပြီးစီးတော့မယ့်အကြောင်း ဆက်လက်ပြောပြပါတယ်။

EIA ကုမ္ပဏီအနေနဲ့ နမ္မတူဘော်တွင်းရဲ့ ဂေဟစနစ်နဲ့သက်ဆိုင်တဲ့ လူမှုပတ်ဝန်းကျင် ထိခိုက်မှုတွေအတွက် သုတေသန ပြုလုပ်နေကြောင်း ပြောပြပါတယ်။ ဘာသာစကားအနေနဲ့ ဘယ်ဘာသာစကားကို အဓိကထားပြီး လူထုနဲ့တွေ့ဆုံချိန်မှာ မေးမြန်းခဲ့တာလဲလို့ မေးကြည့်တော့ မြန်မာစကား၊ ရှမ်းစကားကို အသုံးပြုတယ်လို့ ပြောပါတယ်။ ရှမ်းဘာသာပြန် တစ်ယောက်ကို ငှားရမ်းထားကြောင်း ပြောပြပါတယ်။ ဘာကြောင့် တအာင်း(ပလောင်) စကားကို အသုံးမပြုတာလဲ အဲဒီဒေသမှာ တအာင်းတွေအပြင် လီဆူနဲ့ အခြား တိုင်းရင်းသားတွေ နေထိုင်ကြတာကော သိရဲ့လားလို့ မေးမိပါတယ်။ သူတို့ကိုလည်း အလေးထားပေးပါလို့ ပြောခဲ့ပါသေးတယ်။

ခင်ဗျားတို့အနေနဲ့ ၃၈ စတုရန်းကီလိုမီတာအတွင်း နယ်မြေအားလုံးကို EIA ပြုလုပ်ခဲ့သလား ဆိုတော့ သူတို့မလုပ်နိုင်ခဲ့ဘူးလို့ ပြောပြပါတယ်။ ဘာကြောင့်လဲလို့မေးတော့ နယ်မြေလုံခြုံရေးကြောင့်ပါလို့ ပြန်ဖြေပါတယ်။ EIA ပြုလုပ်ဖို့ နယ်မြေလုံခြုံရေးအကြောင်းပြပြီး စိုးရိမ်နေရင် နောင်တစ်ချိန်ဖြစ်လာမယ့် အကျိုးဆက်တွေကို ဘယ်လိုလုပ်မလဲ ဘယ်သူတွေက တာဝန်ယူမှာလဲ ဆိုတော့ EAO အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ အခက်ခဲရှိကြောင်းနဲ့ ကူညီပေးနိုင်က ကူညီစေလိုတယ်လို့ ပြန်ပြောပါတယ်။ ဒါဟာ အလွန်ခက်ခဲတဲ့ ကိစ္စပါ။ ထိခိုက်နစ်နာခံရမယ့် တိုင်းရင်းသားတွေရဲ့အသံအားလုံး မပါဝင်တဲ့ EIA အစီရင်ခံစာက ပြည်စုံပါ့မလားဆိုတော့ အချိန်မီ ကြိုးစားကြည့်ပါမယ်လို့ ပြောပါတယ်။

နောက်ပြီး ကျနော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေက စကားပြောနေဆဲ အဆင့်မှာပဲ ရှိနေပါသေးတယ်။ ဒါတွေကို ထည့်သွင့်းမစဉ်းစားဘဲ လာပြီးရင်းနှီးမြှုပ်နှံတာကို ပြန်စဉ်းစားသင့်တယ်လို့ Myanmar Metal ကို ပြောပြလိုက်ပါ၊ ခင်ဗျားတို့တင်ပြတဲ့ ဒေသဖွံ့ဖြိုးရေးဆိုတာကို လက်ခံပါတယ်။ ဒါပေမဲ့ ကျောင်းဆောက်၊ လမ်းဖောက်၊ တံတားခင်း ဆိုတဲ့ အလုပ်မျိုးက အစိုးရတစ်ရပ်အနေနဲ့ မဖြစ်မနေ တာဝန်ယူလုပ်ပေးသွားရမယ့် လုပ်ငန်းတွေဖြစ်ပြီး အဲဒါတွေကို လိုက်လုပ်နေရင် ခင်ဗျားတို့ကုမ္ပဏီက ဝင်စွက်ဖက်ရာ မကျဘူးလား၊ ကုမ္ပဏီအနေနဲ့ တကယ်လုပ်သင့်တာက ဒေသလူထုအတွက် အစိုးရက မလုပ်ပေးနိုင်တဲ့ အလုပ်တွေကို ထည့်သွင်းစဉ်းစားသင့်တယ်၊ လူထုကို CSR ခေါင်းစဉ်နဲ့ ဆွဲဆောင်လှည့်ဖျားနေတာ လည်း မဖြစ်သင့်ဘူး၊ သတင်းအချက်အလက် အမှန်ကို ပြောပြပေးကြပါလို့ အကြံပြုဆွေးနွေးခဲ့ပါတယ်။

ခင်ဗျားတို့ရဲ့ မိုင်းတွင်းက ဟင်းလင်းဖွင့်စနစ်ဆိုတော့ နမ္မတူမြစ်ကို မထိခိုက်နိုင်ဘူးလား ဒါတွေကော EIA အစီရင်ခံစာထဲ ပါမှာလားလို့ မေးခဲ့ပါတယ်။ အလုပ်သမားတွေက ဘယ်ကခေါ်လာမှာလဲ၊ အခုအလုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းက ဘာတွေဆိုတာ ရှင်းအောင်ပြောပြပါ၊ တရုတ်နိုင်ငံက အလုပ်သမားတွေ ဘယ်လောက်ရောက်လာမှာလဲ၊ မိုင်းအင်ဂျင်နီယာက ဘယ်နိုင်ငံက တာဝန်ယူမှာလဲဆိုတာ ပြောပြပါဆိုတော့ သူတို့ ဘာမှပြောမသွားနိုင်ပါဘူး။ မှတ်မိသလောက် ပြန်ရေးနေတာဖြစ်လို့ ကျန်တာတွေလည်း ရှိနိုင်ပါတယ်၊ အဲဒီနေ့က နှစ်နာရီခွဲလောက်ကြာအောင် ဆွေးနွေးဖြစ်ပါတယ်။ နောက်လည်း လာတွေ့ပါမယ်လို့ ပြောခဲ့ပါတယ်။

Coffey ကုမ္ပဏီက ဖားကန့်ကျောက်စိမ်း ရတနာမြေဧရိယာရဲ့ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ကို အစိုးရဌာနနဲ့ ပူးပေါင်းပြီးရေးဆွဲနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ နမ္မတူဘော်တွင်းမိုင်းကို ရောက်တဲ့အချိန်တုန်းက ဒေသခံအဖွဲ့တွေနဲ့ မိုင်းလုပ်သား၊ စက်ရုံလုပ်သားတွေကို မေးကြည့်တဲ့အခါ EIA ပြုလုပ်ဖို့ တွေ့ဆုံကြောင်းတော့ ပြောကြပေမယ့် စီမံကိန်းအကြောင်း ပြည့်ပြည့်စုံစုံ ဘာမှမသိရဘူးလို့ ပြောပြပါတယ်။ မီဒီယာက သတင်းတွေအရပဲ သိရှိရသလို အချို့အရာတွေက သူတို့ကိုမပြောပြထားဘူးလို့ ဆိုပါတယ်။

သြစတြေးလျကုမ္ပဏီ လာမယ်ဆိုတော့ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီထက် သာလိမ့်မယ်၊ မိုင်းတွင်းဟာ အင်္ဂလိပ်ခေတ်ကလို ပြန်ဖြစ်မယ်လို့ သူတို့က မျှော်လင့်နေကြပါတယ်။ ၁၉ရာစုက အတွေးနဲ့ စဉ်းစားချက်၊ စီမံအုပ်ချုပ်မူ့က ၂၁ရာစုမှာ ဦးဆောင်မဲ့သူတွေရဲ့ အတွေးအခေါ်၊ စဉ်းစားမူ့ စီမံအုပ်ချုပ်ပုံတွေက တန်းမမီ ခဲ့ဘူးဆိုရင် ခေတ်ဆိုတာ ဘာမှန်းမသိတဲ့ စနစ်တခုကို ဖြတ်သန်းကြရမယ်လို့ ထင်မြင်မိပါတယ်။ ဝန်ထမ်းဟောင်း လုပ်သားတွေရဲ့ မျှော်လင့်တဲ့အတိုင်း အမှန်တကယ် ဖြစ်ပါ့မလားဆိုတာ တွေးဆစရာ အများကြီးရှိပါတယ်။

ကျနော်တို့နိုင်ငံဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ရှေ့ခရီးကို စမ်းတဝါးဝါး လျှောက်လှမ်းနေရဆဲပါ။ NCA စာချုပ်မှာ ပြည်နယ်နဲ့ ပြည်ထောင်စုအကြား သယံဇာတ မျှတစွာခွဲဝေသုံးစွဲရေးနဲ့ သယံဇာတထုတ်ယူမှုကိစ္စတွေအတွက် လိုက်နာရမယ့် သဘောတူညီထားတဲ့အချက်တွေ ပါဝင်ပါတယ်။ အနာဂတ်ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးနေစဉ် ပြည်နယ်တွေမှာ သယံဇာတ အလွန်အကျွံထုတ်ယူနေမှုနဲ့ ပတ်သက်ပြီး အကြီးစားလုပ်ငန်းတွေကို ခွင့်မပြုဖို့ တောင်းဆိုခဲ့ကြတာလည်း ရှိပါတယ်။ ဒါတွေဟာ နိုင်ငံရေးအရ တောင်းဆိုမှုတွေနဲ့ အစိုးရကပေးခဲ့တဲ့ ကတိကဝတ်တွေ ဖြစ်ပါတယ်။ လက်ရှိ အစိုးရအနေနဲ့ မိမိလက်ထက်မှာ ကိုယ်ပြောခဲ့တဲ့စကား ကိုယ်တည်ဆောက်နေတဲ့ (၂၁)ရာစုပင်လုံလို ငြိမ်းချမ်းရေးစင်မြင့်က စကားတွေအတွက် သတိလက်လွတ် မဖြစ်သင့်ဘူးလို့ ထင်မြင်မိပါတယ်။

တိုင်းပြည်အကျိုးစီးပွားအတွက် ဝေဖန်ရမယ်ဆိုရင် စစ်ကိုင်းတိုင်းဒေသကြီးမှာ တရုတ်ကုမ္ပဏီတွေ လိုင်စင်ရ ထုတ်လုပ်နေတဲ့ ထီးချိုင့်မြို့နယ်ရှိ မောင်းကုန်း နီကယ်မိုင်းတွင်းနဲ့ စက်ရုံအကြောင်း ပြန်လေ့လာပါ။ စာချုပ်ချုပ်ဆိုခဲ့တဲ့ ဝန်ကြီးဌာနကြောင့် ကျနော်တို့နိုင်ငံ ဘယ်လောက်ထိ နှစ်နာနေရလဲဆိုတာ လက်တွေ့ မြင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဘီလျံနဲ့ချီတဲ့ ဆုံးရှုံးမှုတွေ ဒီနေ့ထိရှိနေဆဲပါ။ အဲဒီလူတွေ အခုထက်ထိ ဌာနတွေထဲမှာ ဗျုရိုကရက်အဟောင်းများ ရှိနေသလို အချို့က မသိကျိုးကျွံပြုနေကြတုန်းပါ။

မောင်းကုန်း ဖြစ်ရပ်ဟာ ကျနော်တို့ပိုင်တဲ့ မြေ၊ ကျနော်တို့ပိုင်တဲ့ အရင်းအမြစ်ကို အခမဲ့ လုပ်ခွင့်ပေးလိုက်ရသလို နိုင်ငံတော်အတွက် ဘာမှခံစားခွင့်မရှိအောင် လုပ်ထားတာဟာ သက်ဆိုင်ရာ ဌာနတွေရဲ့ စာချုပ်တစ်ခုကြောင့်ပါ။ ဒီအချက်တွေကို တိုင်းပြည်လူထုသိဖို့ ပြောပြသင့်ပါတယ်။ အရပ်စကားနဲ့ပြောရရင် ဆံထုံးလည်းစိုက် ဆီလည်းစိုက်နေရတဲ့ အနေအထားပါ။ ခပ်ရိုင်းရိုင်း တုန့်ပြန်ရရင် ဆီပုလင်းခါးချိတ်ပြီး ဈေးခေါ်နေတာနဲ့တောင် တူနေပါတယ်။ စစ်ကိုင်းတိုင်းက လက်ပံတောင်းနယ်မြေနဲ့ မန္တလေးတိုင်းက မိုးထိမိုးမိ သတ္တုမိုင်းတွေမှာလည်း စာချုပ်ကြောင့် နိုင်ငံတော်ရဲ့ အကျိုးစီးပွားတွေ ထိခိုက်ဆုံးရှုံးနစ်နာနေရတာတွေက သင်ခန်းစာယူစရာ ကောင်းပါတယ်။

အဲဒီလို သင်ခန်းစာထပ်ယူရမယ့်အဖြစ်အပျက်မျိုး ရှမ်းပြည်နယ်မှာ မဖြစ်စေချင်ပါဘူး။ သက်ဆိုင်ရာပြည်နယ်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်အခန်းကဏ္ဍကို အလေးအနက် ထည့်စဉ်းစားခြင်းမရှိဘဲ ဒီလို အကြီးစားမိုင်းတွင်းတွေရဲ့ လုပ်ပိုင်ခွင့်ကို ပြည်ထောင်စုက ဆုံးဖြတ်ပြီး ချမှတ်နေတာကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပါတယ်။

ကျနော်တို့ နိုင်သလောက် အကောင်းဆုံးဖြစ်လာအောင် ခုခံကာကွယ် ပြောဆိုကြဖို့ တာဝန်ရှိပါတယ်။ နမ္မတူဘော်တွင်းဟာ ကမ္ဘာမှာ နာမည်ကျော်ကြားခဲ့တဲ့ မိုင်းတွင်းတစ်ခု ဖြစ်ပါတယ်။ စာချုပ်တစ်ခုကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအတွက် သေချာစဉ်းစားသုံးသပ်ပေးပါ၊ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးပါလို့ တောင်းဆိုလိုပါတယ်။

ရှမ်းပြည်နယ်က ရသင့်ရထိုက်တဲ့ အခွင့်အလမ်းတွေအတွက် ဖက်ဒရယ်နိုင်ငံ ဖြစ်ပေါ်လာတဲ့အချိန်မှာ အကျိုးစီးပွား စာချုပ်တွေနဲ့ ချုပ်နှောင်ထားခြင်းခံရတဲ့ နိုင်ငံရေး ညွှတ်ကွင်းမမိစေချင်သလို နမ္မတူဘော်တွင်းမိုင်းရဲ့ကံကြမ္မာကိုလည်း ရှမ်းပြည်ရဲ့ အနာဂတ် သယံဇာတကျိန်စာတစ်ခု ဖြစ်မလာပါစေနဲ့လို့ ဆုတောင်းရင်း မိမိရဲ့တင်ပြချက်ကို နိဂုံးချုပ်လိုက်ရပါတယ်။

(နမ္မတူဘော်တွင်း အကြောင်း နဲ့ပတ်သက်လို့ ကူညီပေးခဲ့ကြတဲ့ မိတ်ဆွေများ အားလုံးနှင့် ဓာတ်ပုံများအသုံးပြု ခွင့် ပေးခဲ့တဲ့ ရိုက်ကူးပေးသူများကိုလဲ ကျေးဇူးတင်ရှိပါသည်။)

(စာရေးသူ အောင်ကျော်မိုးသည် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်များအဖွဲ့ MATA ရှမ်းပြည်နယ် အဖွဲ့ဝင်တစ်ဦးဖြစ်သည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts