All News China Watch Features

နမ္မတူဘော်တွင်းရဲ့ ကံကြမ္မာကို အကဲခတ်ကြည့်ခြင်း အပိုင်း ၄

သူ့အတွေးသူ့အမြင်

နမ္မတူဘော်တွင်းရဲ့ ကံကြမ္မာကို အကဲခတ်ကြည့်ခြင်း အပိုင်း ၄

By အောင်ကျော်မိုး(MATA)


ဝင်းမြင့်မိုရ် ကုမ္ပဏီမှ နမ္မတူဘော်တွင်း ကို နိုင်ငံပိုင်လုပ်ငန်းအဖြစ်ကနေ ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ် ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ လွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်း မြေပေါ် မြေအောက် မိုင်းတွင်း ကို ပိတ်ပစ်လိုက်ပါတယ်။ နည်းပညာနဲ့ လုပ်ငန်းအတွေ့အကြုံ၊ ကျွမ်းကျင်လုပ်သား အခက်အခဲရှိတာကြောင့် မိုင်းတွင်းနဲ့ စက်ရုံကို ပိတ်ထားရတာလို့ ဆိုပါတယ်။ အလုပ်သမားအဖွဲ့တွေရဲ့ ပြောဆိုမှုနဲ့ မှတ်တမ်းများအရဆိုရင်တော့ ဝင်းမြင့်မိုရ်ကုမ္ပဏီ လွှဲပြောင်းယူခဲ့ချိန်က လုပ်သက်ရင့် အတွေအကြုံရှိတဲ့ အရာရှိဝန်ထမ်းများအပါအဝင် ၂၃၂၃ ဦး ရှိခဲ့တယ်လို့ ပြောပြကြပါတယ်။
၂ နှစ်တာကာလဖြစ်တဲ့ ၂၀၁၁ ခုနှစ်မှာတော့ ဝန်ထမ်းအချို့ကို ၃ လစာအပိုပေးပြီး ထုတ်ပယ်ခဲ့ပါတယ်။ အချို့ဝန်ထမ်းတွေကို တရုတ်- မြန်မာ ရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းတဲ့အလုပ်တွေဆီ ရွှေ့ပြောင်းပေးပြီး စီမံကိန်းပြီးသွားတဲ့အခါ နမ္မတူဘော်တွင်းလုပ်ငန်းမှာ ပြန်လည်ခန့်အပ်ခြင်း မရှိတော့ပါဘူး။ အစိုးရနဲ့ ကုမ္ပဏီကြားမှာ အလုပ်သမား ဆိုင်ရာ သဘောတူညီချက် ဘာတွေရှိခဲ့သလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
၂၀၁၂ ခုနှစ် ဇွန်လမှာ နမ္မတူမြို့မှာ အလုပ်သမားသပိတ် ဖြစ်ပေါ်ခဲ့ပါတယ်။ အလုပ်သမားတွေရဲ့ တောင်းဆိုချက်က အနည်းဆုံးလုပ်ခလစာ ၆၅၀၀၀( ခြောက်သောင်းငါးထောင်ကျပ်) တောင်းဆိုခဲ့သလို ဘော်တွင်းဆေးရုံမှာ အချိန်ပြည့်ဆရာဝန်တစ်ဦး ထားရှိရေး၊ အလုပ်သမားများကို အလုပ်ထုတ်ပယ်ခြင်းမပြုဘဲ ကုမ္ပဏီရဲ့ အခြားလုပ်ငန်းများမှာ ပြောင်းရွှေ့ပေးရေးတို့ပဲ ဖြစ်ပါတယ်။
နမ္မတူဘော်တွင်းရဲ့ လုပ်ငန်းတွေကို ဦးဆောင်ဖို့ ကုမ္ပဏီရဲ့အထွေထွေမန်နေဂျာအဖြစ် ဦးသန်းလွင်မြင့် (အငြိမ်းစား စစ်မှုထမ်းဟောင်း) ကို ခန့်အပ်ထားတယ်လို့ သိရပြီး သူ့အနေနဲ့ မိုင်းတွင်းအကြောင်းနဲ့ သတ္တုထုတ်လုပ်တဲ့ လုပ်ငန်းတွေကို နားလည်တတ်မြောက်ဟန် မရှိဘူးလို့လည်း ပြောကြပါတယ်။ အလုပ်သမားတွေအတွက် နောက်ထပ်အခက်အခဲ ကတော့ နေထိုင်ဖို့အတွက် အိမ်ခန်းခနဲ့ လျှပ်စစ်မီးဖိုး ကို ကုမ္ပဏီက ကောက်ခံနေတာကြောင့်ပါပဲ။
အလုပ်သမားတွေပြောပြတာက ကုမ္ပဏီအနေနဲ့ မန်ဆန်ရေကျက လျှပ်စစ်စက်ရုံဟာ ကုမ္ပဏီက တည်ဆောက်ထားတာမဟုတ်ဘဲ အင်္ဂလိပ်လက်ထက်ကတည်းက တည်ဆောက်ခဲ့သလို အစိုးရဆီက လွှဲပြောင်းယူခဲ့ရတာဖြစ်လို့ ကုန်ကျစရိတ် မရှိတာကြောင့် အခုလို ကောက်ခံနေတာက အဓိပ္ပါယ်မရှိဘူးလို့ ဆိုကြပါတယ်။
ဝင်းမြင့်မိုရ်ကုမ္ပဏီအနေနဲ့ နမ္မတူမြို့မှာ တရုတ်နည်းပညာသုံး သန့်စင်စက်ရုံတစ်ရုံကိုလည်း တည်ဆောက်ထားပါတယ်။ ကုန်ကြမ်းအနေနဲ့ အင်္ဂလိပ်ခေတ် ဒုတိယကမ္ဘာစစ်မတိုင်ခင်က စွန့်ပစ်ခဲ့တဲ့ သဲကျင်းက မြေစာပုံကို ပြန်လည် သန့်စင်ထုတ်ယူနေသလို နမ္မတူ သန့်စင်စက်ရုံက ကြိုချက်ပြီးစွန့်ပစ်ခဲ့တဲ့ ချော်ပြာတွေကို ပြန်တူးယူပြီး ထုတ်နေတာဖြစ်ပါတယ်။


ဘော်တွင်းမှာလည်း စက်ရုံတစ်ရုံ တည်ဆောက်ထားပါတယ်။ အရင်ကတူးခဲ့တဲ့ မြေအောက်မိုင်းက သတ္တုရိုင်းတွေကို ထုတ်ယူတာမဟုတ်ဘဲ အခြားတစ်နေရာမှာ ဟင်းလင်းဖွင့်စနစ်နဲ့ တူးဖော်ပြီး စက်ရုံမှာ အနည်ချစနစ်နဲ့ သတ္တုပါဝင်တဲ့ အနည်များကို စစ်ယူတာဖြစ်ပါတယ်။ ရရှိလာတဲ့ သတ္တုရိုင်း အနည်များကို တရုတ်နိုင်ငံကို ပို့ပြီး သန့်စင်နေကြောင်း သိရပါတယ်။

ဝင်းမြင့်မိုရ်ရဲ့မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ East Asia Global Mining ကုမ္ပဏီဟာ လာရှိုး-တန့်ယန်းလမ်းအနီးက ဇင့်(သွပ်) အရည်ကြို သန့်စင်စက်ရုံမှာလည်း ကြိုချက်တယ်လို့ သိရပါတယ်။ ဘော်တွင်းက သတ္တုစက်ရုံတွေအတွက် ဓာတ်ခွဲခန်းကို တရုတ်ပညာရှင်တွေ လာရောက်စမ်းသပ်ခဲ့သလို အချို့ကိုတော့ တရုတ်နိင်ငံအတွင်းမှာ စမ်းသပ်ကြတယ်လို့ သိရပါတယ်။


၂၀၁၀ ခုနှစ် အစိုးရက လွှဲပြောင်းချိန်မှာ နမ္မတူဘော်တွင်းမှာ မြေပေါ် မြေအောက် သတ္တုရိုင်းတန်ချိန် ၁၂ ဒသမ ၅ သန်းခန့် ကျန်ရှိနေသေးတယ်လို့ ME 1 ( မြန်မာ့သတ္တုတွင်းလုပ်ငန်း အမှတ်-၁) မှ ထုတ်ပြန်ခဲ့ကြောင်း ကုမ္ပဏီက ပြောထားပါတယ်။

၂၀၁၅ ခုနှစ်မှာ Asia World ကုမ္ပဏီရဲ့ လက်ခွဲကုမ္ပဏီတွေဟာ အစုရှယ်ယာနဲ့ လုပ်ငန်းစုတွေ ခွဲခဲ့ကြသလို အမည်တွေကိုလည်း ပြောင်းလဲခဲ့ကြပါတယ်။ National Infrastructure Holding Company (NIH) လို့ အမည်ပြောင်းလဲခဲ့ပါတယ်။

Oriental Highway / Green Asia Services / Virtue Land / Regency Material Trading / Majority Power / Win Myint Mo Industries / Resources Group Logistics / Silver New Award ကုမ္ပဏီတွေဟာ NIH မှာ ပါဝင်တယ်လို့ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။


၂၀၁၇ ခုနှစ်မှာ သြစတေးလျနိုင်ငံမှာ အခြေစိုက်ထားတယ်လို့ ဆိုတဲ့ Myanmar Metals ကုမ္ပဏီနဲ့ NIH တို့ ချိတ်ဆက်ခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှာ နမ္မတူဘော်တွင်းရဲ့ ဖြစ်နိင်ခြေအလားအလာ လေ့လာမှုကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ တူးဖော်စမ်းသပ်ဖို့ လုပ်ငန်းစတင်ခဲ့ပြီး ၂၀၁၈ ခုနှစ် မေလမှာ စတင်ဖို့ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။

နည်းပညာသုံး လွန်တူးစမ်းသပ်ရန်နဲ့ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းကို Coffey Myanmar Limited နဲ့ Valentis Service Limited တို့က ဦးဆောင်ပြီး ဘော်တွင်းမိုင်းစီမံကိန်းအတွက် အကြံပေးမှုများ ပြုလုပ်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Valentis ရဲ့ စမ်းသပ်မှုရလဒ်ဟာ အံသြစရာကောင်းတဲ့ တွေ့ရှိချက်ပါ။ ဘော်တွင်းမိုင်းရဲ့ ဧရိယာ ၃၈ စတုရန်းကီလိုမီတာ အတွင်းမှာ သတ္တုတန်ချိန် သန်း ၁၀၀ ခန့် ထုတ်ယူရရှိနိုင်သေးတယ်လို့ ဆိုပါတယ်။ ME 1 က လွှဲပြောင်းချိန်မှာ တန်ချိန် ၁၂ သန်းခန့်ပဲ ရှိတယ်လို့ တွက်ချက်ခဲ့မှုဟာ ကျနော်တို့နိုင်ငံရဲ့ နည်းပညာလိုအပ်ချက်နဲ့ ပညာရပ်ဆိုင်ရာလိုအပ်ချက်တွေ အများကြီးရှိနေကြောင်း သက်သေပြလိုက်တာပါပဲ။

ဒါဆိုရင် အခြားနေရာတွေမှာရှိတဲ့ အရင်းအမြစ်တွေရဲ့ ပမာဏတွက်ချက်မှုတွေဟာ မှန်ကန်ပါရဲ့လားဆိုတာကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
NIH ကုမ္ပဏီ မှ ဝင်းမြင့်မိုရ် ကုမ္ပဏီ နဲ့ Myanmar Metal ကုမ္ပဏီ အပြင် East Asia Global Mining ကုမ္ပဏီ ပါ ပူးပေါင်း၍ Bawdwin Joint Venture (BJV) ဆိုတဲ့ အမည်ကိုပေးပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနနဲ့ တွေ့ဆုံခဲ့သလို မီဒီယာတချို့မှာလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။


BJV မှာ Myanmar Metal က ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ဝင်းမြင့်မိုရ်ကုမ္ပဏီက ၂၄ ဒသမ ၅ ရာခိုင်နှုန်း၊ East Asia Global ကုမ္ပဏီက ၂၄ ဒသမ ၅ ရာခိုင်နှုန်း ထည့်ဝင်ထားကြကြောင်း သိရပါတယ်။ထည့်ဝင် ရင်းနှီးမြုပ်နှံမှု ပမာဏ ကိုတော့ မသိရှိပါဘူး ။ မြန်မာ့သတ္တုတွင်းလုပ်ငန်း အမှတ်(၁) (ME 1) ကတော့ Production Sharing (ထုတ်လုပ်မှုအပေါ် အချိုးကျခွဲဝေခံစားတဲ့စနစ်) နဲ့ သဘောတူညီမှုပြုလုပ်ထားကြောင်း သိရပါတယ်။


ဘော်တွင်းမိုင်းကို ၃၈ စတုရန်းကီလိုမီတာ အတွင်း ဟင်းလင်းပွင့်စနစ်နဲ့ နှစ်ပေါင်း ၅၀ အထိ တူးဖော်နိုင်တယ်လို့ တွက်ချက်ထားကြပါတယ်။ BJV ရဲ့ ရှင်းလင်းတင်ပြချက်ထဲမှာ ထွက်ရှိလာတဲ့ သတ္တုရိုင်းတွေကို မြန်မာပြည်ထဲမှာ ကြိုချက်သန့်စင်ခြင်းမလုပ်ဘဲ နမ္မတူဘော်တွင်း မှာ အနည်ချစနစ် အသုံးပြုပြီး ရရှိလာတဲ့ သတ္တုကုန်ကြမ်းရောရာကို ကီလိုမီတာ ၂၀၀ ကွာဝေးတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တင်ပို့မယ်လို့ ပြောပါတယ်။


ဒီနေရာမှာ မေးစရာတွေရှိပါတယ်။ သြစတေးလျကုမ္ပဏီကြီးက ဘာလို့ မြန်မာပြည်ထဲမှာ နည်းပညာမြင့် နည်းစနစ်တွေ အသုံးမပြုဘဲ တရုတ်ကိုတင်ပို့တယ်ဆိုတာ အံ့သြမိတယ်လို့ ကုမ္ပဏီက တာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်။ BJV ရဲ့ ဖြေရှင်းမှုကတော့ သတ္တုကဏ္ဍမှာ တရုတ်ကိုအားပြုပြီး အလုပ်လုပ်နေရသလို ဝယ်လက်ကလည်း တရုတ်နိုင်ငံပဲရှိလို့ပါဆိုတဲ့ အကြောင်းပြချက်ပေးပေမယ့် ဒါဟာ လုံလောက်တဲ့ အဖြေတစ်ခုမဟုတ်ဘူးဆိုတာ ထင်ရှားနေပါတယ်။


နောက်တစ်ချက်က ကုမ္ပဏီရဲ့ ME 1 နဲ့ အချိုးကျခွဲဝေခံစားတဲ့စနစ်ပါ။ သန့်စင်ပြီး သတ္တုကို ခွဲဝေမှာလား၊ ပုတ်ပြတ် တစ်နှစ်ကို ဘယ်လောက်ပေးရမယ်ဆိုတဲ့ ပုံသေနှုန်းနဲ့တွက်မှာလား ဆိုတာကိုပါ။ အဂတိတရားကင်းလွှတ်ဖို့နဲ့ တိုင်းပြည်မျက်နှာကြည့်ဖို့ကိုပဲ ဆုတောင်းရမှာဖြစ်ပါတယ်။ BJV ကုမ္ပဏီကတော့ သူတို့စီမံကိန်းဟာ OBOR ၊ စီးပွားရေးစင်္ကြန်လမ်း စီမံကိန်းနဲ့ ပတ်သက်တဲ့လုပ်ငန်းဖြစ်တယ်လို့ ပြောပြပါတယ်။ ဒီအချက်ဟာ လက်ရှိ NLD အစိုးရ အကောင်အထည် ဖော်နေတဲ့ မူဝါဒ ဖြစ်လို့ သည်းချေကြိုက် စကားလုံး သုံးထားတယ်လို့ဘဲမြင်ပါတယ်။

သြစတြေးလျ နိုင်ငံက ကုမ္ပဏီ တခုက ဘာကြောင့် တရုတ်အစိုးရ နဲ့ မြန်မာ သဘောတူညီ ထားတဲ့ စီမံကိန်း ကိုချိတ်ဆက်ပြီး သူတို့တင်ပြချက်ထဲ ကို ဆွဲယူအသုံးပြုခဲ့တာလဲ ဆိုတာ myanmar metal ကို မေးရပါမယ်။

စီးပွားရေးစင်္ကြန်လမ်းနဲ့ ချိတ်ဆက်နေတယ် ဆိုရင်လည်း နမ္မတူ ဘော်တွင်းဟာ တရုတ်နိင်ငံရဲ့ အကျိုးစီးပွားနဲ့ ဘယ်လောက်ထိ ပတ်သက်နေလဲဆိုတာ ရှင်းပြဖို့လိုပါမယ်။
BJV က ထုတ်လုပ်မည့် သတ္တုအမျိုးအစားတွေဟာ အင်္ဂလိပ်ခေတ်နဲ့ မဆလ ခေတ်က ထုတ်ပြန်ချက်အချို့နဲ့ ကွာခြားပါတယ်။ အရင်က သတ္တု ၇ မျိုး ပါဝင်တယ်လို့ ပြောထားပေမယ့် အခုကတော့ ငွေ၊ ခဲ၊ ဇင့်(သွပ်)၊ ကော့ပါး( ကြေးနီ) အမျိုးအစား ထုတ်လုပ်မယ် ဆိုတာပဲ ပြောထားပါတယ်။ စီမံကိန်းနဲ့ပတ်သက်လို့ ကုမ္ပဏီနဲ့ အစိုးရဌာနတွေရဲ့ လုပ်ငန်းတွေဟာ ဘယ်လိုအခြေထိ ဆိုက်ရောက်နေပြီဆိုတာ မသိရသေးသလို ဘာတွေ သဘောတူညီထားပြီလဲဆိုတာ ထုတ်ပြန်ခြင်းမရှိပါဘူး။


ကြားရတဲ့ အတည်မပြုနိုင်တဲ့ သတင်းအချက်အလက်တွေအရဆိုရင် နမ္မတူဘော်တွင်းစီမံကိန်းနဲ့ ပတ်သက်လို့ BJV ကို ၇ နှစ် အခွန်ကင်းလွတ်ခွင့် ပေးထားတယ်လို့ Myanmar now သတင်းများ ဖော်ပြချက်ကနေ ကြားနေရပါတယ်။ ဒီသတင်းက အမှန်တကယ်သာဖြစ်ခဲ့ရင် စိုးရိမ်စရာပါ။ လက်ရှိအစိုးရအနေနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေလာချင်အောင် ဆွဲဆောင်တယ်ဆိုတဲ့ မူကိုင်ပြီး အခွန်အကောက် ကင်းလွတ်ခွင့် ပေးခဲ့တယ်ဆိုရင်တော့ ဒါဟာ မှားယွင်းစွာခွင့်ပြုခဲ့မှုလို့ ဆိုရမှာပါ။ နိုင်ငံ တော် နဲ့ ပြည်သူ့ အကျိုးစီးပွား အတွက် ဒီစကားကို ဆိုရခြင်းဖြစ်ပါတယ်။


သြစတြေးလျကုမ္ပဏီ Myanmar Metals အနေနဲ့ ဒီလောက်ကြီးမားတဲ့ မိုင်းတွင်းအတွက် လုံလောက်တဲ့ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှု အမှန်တကယ်ကောရှိရဲ့လားဆိုတာ စိတ်ပူမိသလို ဘယ်သူတွေက ဘယ်အချိန်ထိ တာဝန်ခံကြမှာလဲ၊ သူ့အကြောင်း အကုန်သိပြီလားဆိုတဲ့ မေးခွန်းကိုလည်း ဒီနေရာမှာ မေးချင်ပါတယ်။


(စာရေးသူ အောင်ကျော်မိုးသည် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်များအဖွဲ့ MATA ရှမ်းပြည်နယ် အဖွဲ့ဝင်တစ်ဦးဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts