All News Local News Peace

ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင် ၃ဦးကို တပ်မတော် အကြည်ညိုပျက်စေမှုဖြင့် ဖျာပုံမြို့နယ် တရားရုံးက ထောင်ဒဏ် ၁နှစ်စီချမှတ်

ဒေါင်းတို့မျိုးဆက် အဖွဲ့ဝင် ၃ဦးကို တပ်မတော် အကြည်ညိုပျက်စေမှုဖြင့် ဖျာပုံမြို့နယ် တရားရုံးက ထောင်ဒဏ် ၁နှစ်စီချမှတ်

ရန်ကုန်၊ ဇွန် ၁ဝ

တပ်မတော်က အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) ဖြင့်တရားစွဲဆိုထားသော ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့မှ အဖွဲ့ဝင် ၃ဦးကို ယနေ့ ဇွန်လ ၁ဝရက်နေ့တွင် ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁နှစ်စီချမှတ်လိုက်ကြာင်း သိရသည်။

ထောင်ဒဏ် ၁နှစ် ချမှတ်ခံရသူများမှာ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုပိုင်ဖြိုးမင်းတို့ဖြစ်ပြီး မအူပင်၊ ဒေးဒရဲနှင့်ပုသိမ်မြို့နယ်တို့တွင် ဆက်လက် တရားရင်ဆိုင်ရမည်ဖြစ်သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က သံချပ်ထိုးရာတွင် တပ်မတော်နှင့် ပတ်သက်သည့် ဂုဏ်သိက္ခာထိခိုက်မှုများ ပါဝင်သည်ဆိုကာ သံချပ်အဖွဲ့ဝင်များကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က) နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)တို့ဖြင့် တပ်မတော်က ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သံချပ်အဖွဲ့ဝင်များသည် ရန်ကုန်တိုင်းအတွင်းရှိ မရမ်းမြို့နယ်တရားရုံး၊ ဗိုလ်တထောင်မြို့နယ်တရားရုံးနှင့် ဧရာဝတီတိုင်းအတွင်းရှိ ဒေးဒရဲမြို့နယ် တရားရုံး၊ ဖျာပုံမြို့နယ်တရားရုံး၊ မအူပင်မြို့နယ် တရားရုံး၊ ပုသိမ်မြို့နယ် တရားရုံးများတွင် အမှုများရင်ဆိုင်နေရကာ ရန်ကုန်တိုင်းအတွင်းရှိ တရားရုံးများက ပြစ်ဒဏ်အမိန့်များ ချမှတ်ခဲ့ပြီးဖြစ်သည်။

ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ဝင်များဖြစ်သော ကိုဇေယျာလွင်သည် အမှု၅မှုအတွက် ထောင်ဒဏ် ၃နှစ်၊ ၆လ၊ ကိုပိုင်ရဲသူသည် အမှု ၅မှုအတွင် ထောင်ဒဏ် ၃နှစ်၊ ၆လ၊ ကိုပိုင်ဖြိုးမင်းသည် အမှု ၅မှုအတွက် ထောင်ဒဏ် ၄နှစ်၊ ကိုဇော်လင်းထွဋ်သည် အမှု ၃မှုအတွက် ထောင်ဒဏ် ၂နှစ်၊ မဆုရတနာမြင့်သည် အမှု ၃မှုအတွက် ထောင်ဒဏ် ၂နှစ်၊ မကေခိုင်ထွန်းသည် အမှု ၃မှုအတွက် ထောင်ဒဏ် ၂နှစ်၊ ၆လ ပြစ်ဒဏ်များချမှတ်ခံထားရပြီဖြစ်သည်။

Photo Credit – Paing Phyo Min

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts