All News Local News Peace

ဒေါက်တာအေးမောင် အရေးယူခံရမှု အစိုးရကို ဝေဖန်ခြင်းကြောင့်မဟုတ်ဘဲ နိုင်ငံတော်သစ္စာဖောက်ဖျက်ခြင်းနှင့် ပြည်သူအကျိုးစီးပွားပျက်စီးစေမှုကြောင့်ဟုဆို

ဒေါက်တာအေးမောင် အရေးယူခံရမှု အစိုးရကို ဝေဖန်ခြင်းကြောင့်မဟုတ်ဘဲ နိုင်ငံတော်သစ္စာဖောက်ဖျက်ခြင်းနှင့် ပြည်သူအကျိုးစီးပွားပျက်စီးစေမှုကြောင့်ဟုဆို

ရန်ကုန်၊ ဇွန် ၁၉

ရခိုင်ပြည်နယ်မှ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင်ကို ထောင်ဒဏ် နှစ်၂ဝ ကျော်ချမှတ် အရေးယူထားခြင်းသည် အစိုးရကို ဝေဖန်ခြင်းကြောင့်မဟုတ်ဘဲ နိုင်ငံတော်သစ္စာဖောက်ဖျက်ခြင်းနှင့် ပြည်သူ့အကျိုးစီးပွားပျက်စီးစေပြီး ဥပဒေနှင့် ငြိစွန်းသဖြင့် အရေးယူထားခြင်းဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် နိုင်ငံတော် သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးပြောဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောဆိုသည်။

“ အထူးသဖြင့် အစိုးရကို ဝေဖန်လို့ ဆိုတာမဟုတ်ဘူး။ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုနဲ့ ငြိစွန်းတယ်။ အများပြည်သူ အကျိုး ပျက်စီးမှုနဲ့ ငြိစွန်းတယ်။ ဒါကြောင့် အရေးယူတယ်ဆိုတာလေး ရှင်းရှင်းလင်းလင်း ဖြစ်စေချင်ပါတယ်” ဟု ၎င်းကပြောဆိုသည်။

ဒေါက်တာအေးမောင်ကို စွဲဆိုထားသော ပုဒ်မများသည် နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုနှင့် အများပြည်သူအကျိုးပျက်စီးစေမှုတို့ဖြစ်သည့်အတွက် အစိုးရကိုဝေဖန်ခြင်းကြောင့်မဟုတ်ကြောင်း ပြစ်မှုကြောင်းအရ ငြိစွန်းသော ပုဒ်မများဖြစ်ကြောင်း ဦးဇော်ဌေးကဆက်လက်ပြောဆိုသည်။

“ ဒေါက်တာအေးမောင်ကိစ္စက ကျွန်တော်တို့ အစိုးရကို ဝေဖန်လို့ အစိုးရကို အတိုက်အခံဖြစ်လို့ ကျွန်တော်တို့အရေးယူခြင်းမဟုတ်ပါဘူး။ အမှုဖွင့်လှစ်ခြင်းမဟုတ်ပါဘူး။ အဲဒီအပေါ်မှာ ရှုမြင်ချက်တွေကတော့ နည်းနည်းလေးလွဲမှားနေတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ အဓိကကတော့ သူ့ကို အရေးယူထားတဲ့ ပုဒ်မတွေကို ကျွန်တော်တို့ ပြန်ကြည့်ဖို့ လိုပါမယ်။ သူ့ကိုစွဲထားတဲ့ ပုဒ်မတွေက ရာဇသတ်ကြီးပုဒ်မ ၁၂၂ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြစ်ပါတယ်။ နောက်တစ်မှုကတော့ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅ (ခ)ပါ။ အများပြည်သူအကျိုး ပျက်စီးစေမှုဖြစ်ပါတယ်။ ကျွန်တော်တို့ ဒုတိယအချက်အနေနဲ့ ပြောလိုတာကတော့ အစိုးရကိုဝေဖန်တာ ကျွန်တော်တို့ ကိစ္စမရှိပါဘူး။ အခုလိုနိုင်ငံတော်နဲ့ အများပြည်သူ အကျိုးနဲ့ တိုက်ရိုက်ပတ်သက် ဆက်စပ်တဲ့ကိစ္စတွေမှာ ကျွန်တော်တို့ စွဲထားတဲ့ ပြစ်မှုကြောင်းအရ ငြိစွန်းတဲ့ ဥပဒေပုဒ်မတွေ ကျွန်တော်တို့ သတိထားဖို့လိုပါတယ်” ဟု ၎င်းကပြောဆိုသည်။

ထို့ပြင် ဒေါက်တာအေးမောင်သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ (ဃ) ပါပြဋ္ဌာန်းချက်နှင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ၈၈၊ ပုဒ်မခွဲ (ဃ)အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့် မရှိကြောင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူအြဖစ်မှ ပယ်ဖျက်ကြောင်း ကြေညာချက်ကို ပြည်စုရွေးကောက်ပွဲကော်မရှင်က မေလ ၁၈ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းခြင်းခံရတဲ့အပြင် နောက်ထပ်ရွေးချယ်ခံရခြင်း မရှိဆိုတဲ့ဟာက ဒါကတော့ သက်ဆိုင်တဲ့ လွှတ်တော် ဥပဒေနည်းဥပဒေနဲ့ ဆိုင်ပါတယ်။ ဒီလွှတ်တော် နည်းဥပဒေ ပြဌားန်းချက်တွေပေါ်မူတည်ပြီးတော့ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါကတော့ လွှတ်တော်မှာ ပြဌာန်းထားတဲ့ ဥပဒေတွေ နည်းဥပဒေတွေအပိုင်းမှာတော့ ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းနဲ့ တိုက်ရိုက်မပတ်သက်တဲ့အတွက် မှတ်ချက်မပြောလိုပါဘူး” ဟု ဦးဇော်ဌေးက ဆက်လက်ပြောဆိုသည်။

ဒေါက်တာအေးမောင်သည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၃၃နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံ အချုပ်အချာအာဏာ ကျဆုံးနေ့ အခမ်းအနားတွင် စာပေဟောပြောပွဲတွင် ဟောပြောခဲ့ခြင်းကြောင့် ၂ဝ၁၈ ဇန်နဝါရီ ၁၈ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts