All News China Watch

“တီကျစ်ရဲ့ လေထုညစ်ညမ်းမှုဟာ တရုတ်နိုင်ငံရဲ့ လေထုအခြေအနေထက် ပိုဆိုးနေတယ်”

သူ့အတွေးသူ့အမြင်

လူထုကို လိမ်လည်နေကြတဲ့ အာဏာရ ဖောက်ပြန်ရေးသမားတွေရဲ့ တီကျစ် မျက်နှာဖုံးခွာချခြင်း( အပိုင်း ၂)

“တီကျစ်ရဲ့ လေထုညစ်ညမ်းမှုဟာ တရုတ်နိုင်ငံရဲ့ လေထုအခြေအနေထက် ပိုဆိုးနေတယ်”

By အောင်ကျော်မိုး(MATA)

တီကျစ် စက်ရုံအနီးတစ်ဝိုက်မှာ လေထု တိုင်းတာဖို့ MATA (Shan) က အဖွဲ့တွေရယ် ရွာသူရွာသားတွေရယ်ဟာ စက်ရုံကနေ မီတာ ၁၅၀၀ နဲ့ ၅၀၀ အတွင်းမှာတိုင်းတာခဲ့ကြပါတယ်။ အဲလိုတိုင်းတာနေချိန်မှာလည်း စက်ရုံကလူတွေ လာရောက်ကြည့်ခဲ့ကြပါတယ်။ ရလဒ်ကတော့ ဆာလဖာ (SOx)၊ နိုက်ထရိုဂျင် (NOx)၊ ကာဗွန် (COx) နဲ့ အမှုန်အပွား(PM) မြင့်တက်နေတဲ့ စိုးရိမ်စရာအဖြေ ထွက်လာပါတယ်။ (MATA က ထုတ်ပြန်ထားတဲ့ တွေ့ရှိချက်အစီရင်ခံစာများကို MATA ရန်ကုန်ရုံးမှာ တောင်းယူလို့ရပါတယ်။)

Green Peace အဖွဲ့က ပညာရှင်ပြောပြတာက အခု တီကျစ်ရဲ့ လေထုညစ်ညမ်းမှုဟာ တရုတ်နိုင်ငံရဲ့ လေထုအခြေအနေထက် ပိုဆိုးနေတယ်လို့ ပြောပြပါတယ်။ အဲဒီပညာရှင်က သူ့အနေနဲ့ တရုတ်နိုင်ငံမှာ နှစ်ပေါင်းကြာမြင့်စွာ သွားရောက်ပြီး သုတေသနလုပ်ခဲ့တယ်လို့ ပြောပြပါတယ်။ ကျနော်တို့က စက်ရုံအပြင်ဘက်မှာ ဒီဂျစ်တယ်ဘုတ်ကနေ ပြထားတဲ့ ဆိုင်းဘုတ်ကို ပြကြည့်တော့ ဒီလိုဘုတ်အတွက် ဘယ်လိုဆင်ဆာစက်ပစ္စည်းတွေ တပ်ထားသလဲ၊ ဒီလိုဘုတ်က အချက်အလက်တွေ မှန်ကန်ဖို့ဆိုတာ ဘယ်သူက တာဝန်ယူသလဲ၊ ပညာရှင်ရှိသလားလို့ မေးပါတယ်။

ပြန်ပြီး လေ့လာကြည့်လိုက်တဲ့အချိန်မှာ ပညာရှင်မပါဘဲ ဖွဲ့စည်းထားတဲ့ စောင့်ကြည့်ရေးအဖွဲ့ဆိုတာ ရှိတယ်လို့ သိရပါတယ်။ ဘယ်သူတွေလဲဆိုတော့ ရှမ်းပြည်နယ်အစိုးရရယ်၊ ကိုယ်ပိုင့်အုပ်ချုပ်ခွင့်ရဒေသက လူတွေ၊ အုပ်ချုပ်ရေးက အဖွဲ့တွေ၊ ရာအိမ်မှူး ဆယ်အိမ်မှူးနဲ့ ဒေသခံတွေ ပါဝင်တယ်လို့ သိရပါတယ်။ သူတို့က ဘာကို စောင့်ကြည့်နေကြတာလဲဆိုရင် ဒီဂျယ်တယ်ဘုတ်မှာ ပြထားတဲ့ အချက်အလက်တွေကို မျက်နှာချင်းဆိုင် ရုံးခန်းထဲကနေ စောင့်ကြည့်နေကြတာပါ။

Green Peace က ပညာရှင်ကတော့ အဲဒီ စက်ကိရိယာတွေရဲ့အမျိုးအစားသိနိုင်မလား၊ ဘယ်နေရာမှာ တပ်ဆင်ထားသလဲဆိုတာ သိရမလားဆိုတော့ အဲဒီအချက်တွေက အစိုးရက ထုတ်ပြန်ခြင်းမရှိသလို ဘယ်သူမှလည်း သိမှာမဟုတ်ပါဘူး။ တီကျစ်ကိစ္စတွေ ရေးနေတော့ အမေရိကန်က မြန်မာနိုင်ငံသား ပတ်ဝန်းကျင်ရေးရာလုပ်နေတဲ့ Facebook မိတ်ဆွေတစ်ယောက်က COx လျော့ချဖို့ E-guard က ရေးထားတဲ့အစီရင်ခံစာမှာ သစ်ပင်တွေစိုက်မယ်လို့ ပြောထားတယ်၊ ဒါဟာ မဖြစ်သင့်ဘူး။

သစ်ပင်ဆိုတာ ချက်ချင်းစိုက်လို့ ကြီးလာတာမဟုတ်ဘူး၊ ဒါကို ပြောဖြစ်အောင်ပြောပါလို့ အကြံပြုပါတယ်။ COx နဲ့ NOx ထုတ်လွှတ်တာကို စက်ရုံကလူတွေ နားမလည်သလို ဒါဟာ အရေးကြီးတယ်၊ NOx လျော့ချရင် COx မြင့်တက်တယ်၊ COx လျော့ချရင် NOx မြင့်တက်တယ်၊ ဒီသီအိုရီကို နားလည်ဖို့လိုမယ်လို့ ပြောပြပါသေးတယ်။

နေပြည်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (ECD) ရဲ့ အကြံပြုချက်မှာလည်း COx ကို တစ်နှစ် ဘယ်လောက်ထုတ်လွှတ်နိုင်သလဲဆိုတာ တင်ပြခိုင်းထားပါတယ်။ တီကျစ် စက်ရုံဟာ ပညာရပ်ဆိုင်ရာကိစ္စတွေ အများအပြားပါဝင်လာပြီး ကျနော်တို့အရပ်ဘက်အဖွဲ့တွေနဲ့ ပတ်ဝန်းကျင်ရေးရာ ပညာရှင်တွေအတွက် အစိုးရကိုပြောဖို့ အခက်တွေ့စေပါတယ်။

တည့်တည့်ပြောရရင် နွားကို ပလာတာကျွေးရတာထက် ခက်လို့ပါပဲ။ EIA လုပ်ငန်းစဉ်ကို စက်ရုံလည်ပတ်ပြီးမှ စမ်းသပ်ရမယ်လို့ ထင်ထားတဲ့ အစိုးရဝန်ကြီးတွေကို အခြားအချက်တွေ ပြောပြရင် သူတို့လက်ခံနိုင်ပါ့မလား ဆိုတာပါ။ အစိုးရက ပါဝင်သူတွေဟာ စက်ရုံကုမ္ပဏီနဲ့ သူတို့အလိုက်ပြောပြတဲ့ ဗျုရိုကရက်တွေကို သဘောကျနေတာဟာ အနာဂတ်နိုင်ငံအတွက် အမှန်တရားပျောက်ဆုံးခြင်း အကြောင်းအရင်းပါ။

သြစတေးလျနိုင်ငံက ဓာတ်ခွဲခန်းက အဖြေတွေထဲမှာ သူတို့စွန့်ပစ်ထားတဲ့ ကျောက်မီးသွေးပြာမှုန့်အကြောင်းလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဖြေတွေဟာ တာဝန်ယူမှုအပြည့်နဲ့ ပြန်ပို့ပေးသလို ဓာတ်ခွဲအဖြေရှာတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ ပြာတွေမှာပါဝင်တဲ့ သတ္တုဓာတ်ကြွင်းတွေရဲ့ အန္တရာယ်ဟာလည်း အမြင့်ဆုံးမှာရှိနေပါတယ်။ တီကျစ်ကထွက်တဲ့ကျောက်မီးသွေးဟာ ကမ္ဘာမှာအညံ့ဆုံးကျောက်မီးသွေးဖြစ်ပါတယ်။

ကျောက်မီးသွေးက ထွက်ရှိတဲ့ ပြာမှုန့်တွေကို အခုဆိုရင် ဘိလပ်မြေစက်ရုံတွေက ရောသုံးဖို့ လာရောက်သယ်ယူနေကြပါတယ်။ အခြားနိုင်ငံတွေက အသုံးပြုတဲ့ကျောက်မီးသွေးပြာက ထုံးကျောက်နဲ့ရောပြီး မီးရှို့ထားတဲ့ပြာကို အသုံးပြုကြတာလို့ လေ့လာမိပါတယ်။ တီကျစ်ကထွက်တဲ့ ပြာဟာ ကျောက်မီးသွေးကို ဒီအတိုင်းမီးရှို့လို့ ထွက်လာတဲ့ပြာပါ။

ECD ရဲ့ အကြံပြုချက်ထဲမှာ ကျောက်မီးသွေးကို မာကျူရီ ( ပြဒါး) အပါအဝင် ကျန်တဲ့သတ္တုဓာတ်တွေ ပါဝင်မှုကို စမ်းသပ်ထားတဲ့ ဓာတ်ခွဲခန်းအဖြေ အတိအကျပေးပါလို့ တောင်းထားတာကို တွေ့ရပါတယ်။E-guard ရဲ့ EIA အစီရင်ခံစာမှာ အမှုန်အမွှား(PM) မြင့်တက်မှုဟာ 5 Km အတွင်း ရှိနေတဲ့အတွက် နယ်ပယ်ချဲ့ပြီး ထပ်မံတိုင်းတာဖို့၊ PM ဟာ ဘယ်နေရာထိ မြင့်တက်နေတယ်ဆိုတာကို ပြန်စမ်းသပ်ထားတဲ့အဖြေ တောင်းထားပါတယ်။ ကျနော်တို့ ပြောနေတာတွေဟာ ဒေသခံလူထုရဲ့ လူဖြစ်တည်မှုကို တန်ဖိုးထားလို့ ဖြစ်ပါတယ်။အစိုးရအနေနဲ့ကတော့ အဲဒီဒေသကရရှိမယ့် ကုမ္ပဏီအတွက် အကျိုးအမြတ်နဲ့ သူတို့ရဲ့ လာဘ်လာဘအတွက်လောက်ပဲ မြင်မယ်ထင်ပါတယ်။

နိုင်ငံရေးကျင့်ဝတ်မဲ့ပြီး ပြည်သူနဲ့အတူဆိုတဲ့ အရှက်မရှိတဲ့ စကားလုံးတွေကို ထပ်ပြီး ကြွေးကြော်နေကြဦးမယ့် ဖောက်ပြန်သူတွေကို မြင်တွေ့ရဦးမယ် ထင်ပါတယ်။ တီကျစ် စက်ရုံနဲ့ပတ်သက်လို့ ကိုဉာဏ်ကြီး ရိုက်ကူးခဲ့တဲ့ မျက်နှာမဲကြီးရဲ့ကျိန်စာ သတင်းမှတ်တမ်းဟာ ကျနော်တို့အတွက် များစွာ အထောက်အကူ ဖြစ်ခဲ့သလို အစိုးရရဲ့ ဝန်ကြီးတွေနဲ့ ဗျုရိုကရက်တွေအကြောင်း သိလိုက်ရပါတယ်။ ကျနော်တို့နိုင်ငံမှာ လွဲမှားနေတဲ့ စီမံအုပ်ချုပ်ပုံတွေအကြောင်း သက်သေနဲ့တကွ မြင့်တွေ့ခွင့် ရလိုက်လို့ပါ။မှတ်တမ်းကားထဲမှာ အလွှာပေါင်းစုံနဲ့ တွေ့ဆုံမေးမြန်းထားတာကို တွေ့ရသလို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး ညီညီအောင်က တီကျစ်စက်ရုံဟာ တရုတ်အစိုးရနဲ့ တိုက်ရိုက်ပတ်သက်တယ်လို့ ဖြေထားတာ တွေ့လိုက်ရပါတယ်။

ဒါဆို တီကျစ်ဟာ တရုတ်အစိုးရနဲ့ တိုက်ရိုက်ပတ်သက်လို့ မထိမတို့ရဲဘူးဆိုရင် နောက်ထပ်လာမည့် တရုတ်ရဲ့ OBOR တို့ BRI စီမံကိန်းတွေမှာဆိုရင် ကျနော်တို့ ဘာဖြစ်ကြဦးမလဲ။ အစိုးရက ပြည်သူလူထုကို ကာကွယ်ပေးမှာလား၊ ကုမ္ပဏီတွေရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ပေးမှာလား ဆိုတဲ့ အစိုးရတစ်ရပ်ရဲ့ တာဝန်ယူမှု တာဝန်ခံမှုကို ရှင်းလင်းအောင် မေးကြရမှာပါ။ကျန်းမာရေးနဲ့ပတ်သက်လို့ တိုက်နယ်ဆရာဝန်က အချို့ကိစ္စတွေ ပြောပြချင်ပေမယ့် တစ်စုံတစ်ခုကြောင့် ဆွံ့အနေရတယ်ထင်ပါတယ်။

၂၀၂၀ ခုနှစ် မေလ ၁၉ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ လာဖြေသွားတဲ့ ဝန်ကြီးရဲ့အဖြေမှာ လူထုကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ပေးနေတယ်လို့ ဖြေသွားတာ တွေ့ရပါတယ်။ အမှန်တကယ်ဆိုရင် ၂၀၁၉ ခုနှစ် ၅ လပိုင်းခန့်မှာ တီကျစ် စက်ရုံနဲ့ ရှမ်းပြည်နယ်အစိုးရ ပေါင်းပြီး ဘုန်းကြီးကျောင်းမှာ တစ်ရက်တာ လာစစ်ဆေးပေးတာပါ။ CSR ခေါင်းစဉ် အောက်က ဖြစ်နိုင်ပါတယ်။လာရောက်ခဲ့တဲ့ ကျေးရွာသားတွေဟာ ၃၀၀၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ဘယ်နည်းနဲ့မှ ကောင်းမွန်တဲ့ ကုသမှု၊ စစ်ဆေးမှု မဖြစ်နိုင်ပါဘူး။ တိုင်းပြည်ကို ရုပ်ပြကောင်းအောင် ဝါဒရေးရာ သတင်းအချက်ဖြန့်ဖို့ လူထုကိုအသုံးချပြီး လုပ်ခဲ့ကြတာပါပဲ။

၂၀၁၉ ခုနှစ် ၇ လပိုင်းမှာ အထူးအစီစဉ်ဆိုပြီး ဒေသအသီးသီးက ဆရာဝန်တွေ တီကျစ်ကို လာပြီး ဆေးစစ်ပေးခဲ့သလို သွေးဖောက်စစ်ခဲ့တယ်လို့ သိရပါတယ်။MATA(ရှမ်း) အဖွဲ့က သွားရောက်စောင့်ကြည့်ပြီး မေးမြန်းတဲ့အခါမှာ သူတို့ကို အထူးအဖွဲ့အနေနဲ့ လွှတ်လိုက်တာဖြစ်သလို ဘယ်သူက ဘာအတွက်ဆိုတာ မသိဘူးလို့ ပြောပြပါတယ်။ အဲဒီရလဒ်တွေဟာ ဒီနေ့အထိ ဘယ်ဌာနကမှ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ တစ်ခုစဉ်းစားမိတာကတော့ အဲဒီအချိန်မှာ MATA နဲ့ နိုင်ငံတကာက အရပ်ဖက်အဖွဲ့တွေ ပူးပေါင်းပြီး ဂျီနီဗာမှာ ရှိတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တီကျစ်နဲ့ပတ်သက်တဲ့ အစီရင်ခံစာ တင်လိုက်တဲ့ အနေအထားနဲ့ တိုက်ဆိုင်နေလို့ပါပဲ။ လူအခွင့်အရေးကောင်စီ အစည်းအဝေးမှာ တီကျစ်ကလူထုအတွက် စီးပွားရေးဆိုင်ရာ လူအခွင့်အရေးချိုးဖောက်မှု၊ ကလေးသူငယ် များဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဓာတ်ခွဲခန်းအဖြေများ၊ သက်သေ အထောက်အထားများနဲ့ တင်ပြထားတာကို လက်ခံပြီး နိုင်ငံတကာအစည်းအဝေးမှာ ပြောသွားလို့ပါပဲ။နိုင်ငံရေးမှာ တိုက်ဆိုင်တာ မရှိပါဘူး။

တီကျစ် ကျောက်မီးသွေးစက်ရုံဟာ စီးပွားရေးကျင့်ဝတ်မဲ့တဲ့ ကုမ္ပဏီတွေက လုပ်ဆောင်နေကြသလို ကုမ္ပဏီတွေ လူ့အခွင့်အရေး ချိုးဖောက်ဖို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ကိုယ်တိုင် အားပေးအားမြောက်လုပ်နေတယ်လို့ စွပ်စွဲလိုပါတယ်။ ကျနော်တို့နိုင်ငံမှာ ပြည်နယ်ဒေသတွေမှာ လက်နက်ကိုင်တွေက လူ့အခွင့်အရေး ချိုးဖောက်သလို အစိုးရပါဝင်ပတ်သက်တဲ့ ကုမ္ပဏီတွေကလည်း စီးပွားရေးအရပါ လူ့အခွင့်ချိုးဖောက်နေကြတာကို ခံနေကြရတာက တိုင်းရင်းသားတွေပါ။ ဒါကို ပြည်ထောင်စုအစိုးရကလည်း မျက်စိစုံမှိတ်ထားသလို ပြည်နယ်အစိုးရတွေကလည်း ငါတို့အာဏာရှိတုန်း လုပ်ထားမယ်ဆိုတဲ့ အယူအဆများ ရှိနေသလားဆိုတာ တွေးဆစရာပါ။

ကျနော်တို့တွေ ကိုဉာဏ်ကြီးရဲ့ မျက်နှာမဲကြီးရဲ့ကျိန်စာ မှတ်တမ်းကို ရွာသူရွာသားတွေကို ပြသပေးတဲ့အခါ သူတို့ဒေသအတွက် စိုးရိမ်မှုတွေ ရှိကြပါတယ်။ ရွာတစ်ရွာမှာရောက်တဲ့အချိန် ရှမ်းအမျိုးသမီးကြီး အဘွားက ကျနော့်ကို ခေါ်ပြီး ငါ့သားရယ် အမေတို့က စက်ရုံနဲ့ အလှမ်းဝေးလို့ ဆိုပေမယ့် ကျောက်မီးသွေးမိုင်းက မိုင်းခွဲသံတွေက ငလျင်လှုပ်သလို နေ့တိုင်းခံစားနေရတယ်။ ကျောက်မီးသွေးမိုင်းရဲ့ နယ်မြေဆိုပြီး အမေတို့ခြံထဲ ဘုတ်တိုင်လာစိုက်ထားတယ်။ အမေတို့ မြေးလေးတွေအတွက် ဘာမှ ချန်ထားခဲ့နိုင်မှာ မဟုတ်တော့ပါဘူး။ အမေတို့ကို ကူညီပါဆိုပြီး ထိုင်ကန်တော့ဖို့ ပြုမူလိုက်တာဟာ ဒီနေ့ထိ မေ့မရသလို ပြန်စဉ်းစားလိုက်တိုင်း မျက်ရည်ဝဲမိပါတယ်။ ရင်ထဲမှာနင့်အောင် ခံစားလိုက်ရတာ ဒီနေ့အထိပါ။

အစိုးရတစ်ရပ်ဟာ လူထုကို ကူညီစောင့်ရှောက်ရမယ့်အစား စီးပွားရေးကုမ္ပဏီတွေရဲ့ အကျိုးစီးပွားအတွက် လူထုရဲ့ဘဝတွေကို နင်းခြေဖျက်ဖို့ ဘာကြောင့်များ အကူညီပေးနေတာလဲ။ ပြောင်းလဲချိန်တန်ပြီတို့ ပြည်သူနဲ့အတူ ဆိုတာတွေဟာ လူထုကို လိမ်လည်ခဲ့တာလားလို့ မေးချင်ပါတယ်။ ဒါတွေဟာ ကျနော်တို့ကို အစိုးရတစ်ရပ်အပေါ် ဒေါသနဲ့တုန့်ပြန်ဖို့ တွန်းအား အခြေအနေတွေ ဖြစ်စေပါတယ်။ ကျေးရွာ ဒေသက လူကြီးတွေ၊ ရပ်မိရပ်ဖနဲ့ အုပ်ချုပ်ရေးမှူးတွေကို တိုင်ပင်ပါတယ်။ ကျနော်တို့ နည်းလမ်းပေါင်းစုံ ကြိုးစားပြီးပါပြီ။ အစိုးရက လူထုကိုယ်တိုင် ဘာမှမပြောဘူးလို့ ပြောထားတဲ့အတွက် အစိုးရ ကြားအောင် လူထုအင်အားပြဖို့ အချိန်ရောက်ပြီလို့ ဆုံးဖြတ်ကြပါတယ်။ကောင်းမွန်တဲ့ အစိုးရတစ်ရပ်ဟာ လူထုရဲ့ဆန္ဒကို အလေးထားပြီး အရပ်ဖက်အဖွဲ့တွေရဲ့ အသံကို နားထောင်မယ်လို့ အပြောင်းအလဲကာလမှာ ယုံကြည်ခဲ့မိတာ မှားမယ်မထင်ပါဘူး။

ဒီမိုကရေစနစ်ကို အမှန်တကယ် နိုင်ငံရေးစိတ်ဆန္ဒနဲ့ သွားမယ်ဆိုရင် လူထုကို နိင်ငံရေး အကျိုးစီးပွားအတွက် မဲပေးဖို့ အသုံးချခံလူသားတွေ မဖြစ်သင့်ပါဘူး။ ၂၀၁၉ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ တီကျစ်မှာ လူထုလုပ်ရှားမှု ဆန္ဒပြဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ ငြိမ်းစုစီ ဥပဒေနဲ့အညီ ပင်လောင်းရဲစခန်းမှာ လျောက်လွှာတင်ပြီးတဲ့အချိန်မှာ ပင်လောင်းမြို့နယ် အုပ်ချုပ်ရေးမှူးက စာသားနဲ့စကားလုံးတွေ ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တရုတ်အစိုးရ၊တရုတ်ကုမ္ပဏီ ဆိုတဲ့စကားရပ်နဲ့ အဆိပ်သင့် ဆိုတဲ့စကားရပ်တွေကို ပယ်ဖျက်ခိုင်းပါတယ်။ဆန္ဒပြပွဲမှာ လူဦးရေ ၂၀၀၀ လောက် ပါဝင်ခဲ့ပါတယ်။ ဒေသခံလူထုနဲ့ ကုမ္ပဏီက လူအချို့နဲ့ ပြသနာတက်မလို ဖြစ်ခဲ့ပါတယ်။ နေ့စားခရလို့ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခဲ့လို့ပါ။ကျနော်တို့အဖွဲ့တွေကိုလည်း ငွေကြေးအရ လုပ်စားဖို့ ကြံစည်ခဲ့ကြတယ်လို့ ပြောခဲ့တဲ့အတွက်ပါပဲ။ ဒါတွေဟာ ဒေသခံလူထုကို ထပ်ပြီးတုန့်ပြန်ဖို့ တွန်းအားပေးလိုက်တာပါပဲ။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ ဒေသခံလူထုနဲ့ ဒုတိယအကြိမ် ဆန္ဒပြဖို့ အကြောင်းပေါ်လာပါတယ်။E-guard ကုမ္ပဏီကရေးထားတဲ့ စာမျက်နာ ၆၄၀ ပါ EIA အစီရင်ခံစာကို ECD ( နေပြည်တော်) က လူထုရဲ့အကြံပြုချက် လက်ခံတာ ပိတ်သိမ်းမည့်ရက် ဖြစ်နေလို့ပါပဲ။ ဒုတိယအကြိမ် လူထုလှုပ်ရှားမှုမှာ ဒေသခံလူထုဟာ ကိုယ့်ထမင်းထုပ်နဲ့ကိုယ် ယူလာကြတဲ့အပြင် ကျနော်တို့နဲ့အတူ လာရောက်ပူးပေါင်းကြတဲ့ အရပ်ဘက်အဖွဲ့တွေ မွန်၊ကရင်၊ ကယား ကလာတဲ့ တိုင်းရင်းသားတွေ၊ အရပ်ဖက်အဖွဲ့တွေအတွက်ပါ ထမင်းထုပ်တွေကို အိမ်တိုင်းက ချက်ပြီးယူလာကြတာကို ကြည့်ရင်း သူတို့ရင်ထဲက ခံစားနေရတာတွေကို ကိုယ်ချင်းစာနိုင်မယ်လို့ ထင်ပါတယ်။ သူတို့ကို ကိုယ်ချင်းစာနာမှု မရှိတာကတော့ လက်ရှိ အရပ်သားအစိုးရလို့ ပြောနေတဲ့ အစိုးရ တာဝန်ရှိသူတွေပါ။

တီကျစ် ကျောက်မီးသွေးသုံးစက်ရုံရဲ့ EIA အစီရင်ခံစာကို ၂၀၁၉ ခုနှစ် သြဂုတ်လမှာ EIA ပြုလုပ်တဲ့ E-guard ကုမ္ပဏီက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ECD (ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန) ကို တင်ပြခဲ့ပါတယ်။ MATA အရပ်ဘက်အဖွဲ့ရယ်၊ ERI အဖွဲ့က ဥပဒေပညာရှင်တွေနဲ့ ECD ကို ၂၀၁၉ ခုနှစ် ၉ လပိုင်းလောက်မှာ သွားရောက်တွေ့ဆုံပြီး နှစ်နာရီလောက် တင်ပြဆွေးနွေးခွင့်ရပါတယ်။ MATA က သုတေသနလုပ်ထားတဲ့ အစီရင်ခံစာတွေရရှိကြောင်း ပြောပြပါတယ်။ သူတို့အနေနဲ့ တီကျစ်စက်ရုံရဲ့ EIA Report ကိုအတည်ပြုဖို့ အချက်အလက်တွေ အများကြီး လိုနေသေးကြောင်း ပြောပြပါတယ်။E

CD က တာဝန်ရှိသူတွေကို အခု တီကျစ်စက်ရုံဟာ EIA လုပ်ထုံးလုပ်နည်း မပြီးသေးဘဲ စမ်းသပ်လည်ပတ်ခွင့်ပေးထားတာ ဥပဒေနဲ့ညီရဲ့လားလို့ မေးကြည့်တော့ စမ်းသပ်လည်ပတ်ခွင့်ပေးတာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန (MOEE ) က ခွင့်ပြုထားကြောင်း ပြောပြပါတယ်။ ဒါဆို ဥပဒေနဲ့ ညီညွတ်မှုမရှိတာကို ECD အနေနဲ့ မပြောဘူးလားလို့ မေးတော့ ရယ်နေကြပါတယ်။

အံ့သြမိပါတယ်။ ဝန်ကြီးဌာနချင်း ပေါင်းစပ်ပြီး ဥပဒေတွေနဲ့အညီ လုပ်ဆောင်ခြင်းမရှိတဲ့ ကျနော်တို့နိုင်ငံက စနစ်ပြောင်းဖို့ဆိုတာ အမှန်တကယ် သေချာနေပြီလားဆိုတဲ့ အတွေးပါပဲ။ဒါဟာ ခြေ/ဥ ၂၀၀၈ နဲ့လည်း မဆိုင်သလို မပတ်သက်ပါဘူး။ ဒါကို ဘာဖြစ်လို့ NLD အစိုးရက မလုပ်ဆောင်နိုင်တာလဲ၊ ဆောင်ရွက်ခြင်းမရှိတာလဲ၊ ဗျုရိုကရေစီ ယန္တရားကို ပြုပြင်နိုင်ခြင်းမရှိသေးတာလား၊ ဗျုရိုကရက်တွေပဲ ဖောက်ပြန်နေတာလား ဒါမှမဟုတ် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေက လျော့ရဲနေတာလား၊ စဉ်းစားစရာပါ။

ပြည်သူလူထုကို ဝန်ဆောင်မှုပေးရမယ့် ဗျုရိုကရေစီ ယန္တရားကို မပြောင်းလဲဘဲ ပြောင်းလဲချိန် တန်ပြီလို့ ကြွေးကြော်ခဲ့ပြီး မဲဆွယ်ခဲ့တာဟာ လူထုကို အရှင်သခင်လို့ မမြင်သေးပါ။ပြည်သူတွေ ဥပဒေမလိုက်နာရင် တရားတဘောင်နဲ့ ရင်ဆိုင်ကြရပေမယ့် အစိုးရ ဝန်ကြီးဌာနတွေက ဥပဒေနဲ့အညီ လိုက်နာလုပ်ဆောင်ခြင်းမရှိတာကို သက်သေတွေရှိလျက်နဲ့ နိုင်ငံရေးသမားဆိုသူတွေက ဘာကြောင့် မျက်ကွယ်ပြုနေရတာလဲ။ ဒါဟာ ပြည်သူလူထုနဲ့ နိုင်ငံသားတွေကို ဥပေက္ခာပြုလိုက်သလို အပြန်အလှန် လေးစားမှု မရှိတာပါပဲ။ ဥပဒေအထက်မှာ အကျိုးစီးပွားရှိနေတယ်လို့ ကျနော်တို့ ပြောခွင့်ရှိမလား။ECD မှ တာဝန်ရှိသူတွေက တီကျစ်စက်ရုံရဲ့ EIA အစီရင်ခံစာအပေါ် သုံးသပ်ချက်၊အကြံပြုချက် စာမျက်နှာ ၇၁ မျက်နှာရှိတဲ့ မှတ်တမ်းကို ပေးလိုက်ပါတယ်။ဖတ်ကြည့်လိုက်တဲ့အခါ ECD လို ဌာနက ပညာရှင်ပီသစွာ သုံးသပ်ချက်တွေ အကြောင်း သိလိုက်ရတော့ လေးစားမိသလို ဘာကြောင့် သူတို့အကြံပြုချက်ကို အစိုးရက လိုက်ပြီးမလုပ်ကြတာလဲ၊ရှမ်းပြည်နယ်အစိုးရ ဝန်ကြီးတွေကကော ဒီလိုစာတွေ ဖတ်ပါ့မလား၊ ပါမစ်နဲ့ တင်ဒါ အခွင့်အရေးအတွက် စာတွေဖတ်တာက ပိုအကျိုးရှိလို့ ပစ်ပယ်ထားသလား၊ ECD ရဲ့ အကြံပြုချက်အတိုင်း လုပ်မယ်ဆိုရင် စက်ရုံဟာ ရပ်ဆိုင်းထားရမှာပါ။

ဒါကို အလေးထားမလုပ်ခြင်းဟာ နောက်ကွယ်က အကျိုးစီးပွား ကြီးမားစွာရှိနေပြီလို့ မြင်မိလိုက်ပါတယ်။ပြည်သူတွေ တိုင်းရင်းသားတွေရဲ့ လူမှုဘဝတွေ၊ အသက်တွေကို ကုမ္ပဏီရဲ့ ကိုယ်ကျိုးစီးပွားနဲ့ အလှဲအထပ်လုပ်ဖို့ လက်မရွံ့တဲ့ နိုင်ငံရေးသမားနဲ့ ဗျုရိုကရက်တွေ ရှိနေတာ သေချာနေပါတယ်။ဒါပေမဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆိုတဲ့ ခေါင်းစဉ်အသုံးပြုထားတော့ အဲဒီခေါင်းစဉ်အောက်မှာ ပေးဆပ်ပြီး စတေးခံ လိုက်ရတဲ့ သူတွေဟာ ကိုယ့်ရှင်သန်ခွင့်အတွက် ပြန်လှန်တုန့်ပြန်တော့ အဖျက်သမား တံဆိပ်ကပ်ခံလိုက်ရတာက ဝမ်းနည်းစရာကောင်းပါတယ်။

မူမမှန်တဲ့စနစ်ထဲမှာ အကျိုးစီးပွား အမဲလိုက်ခံရတဲ့ သားကောင်တွေက တိုင်းရင်းသားတွေနဲ့ နိုင်ငံသားတွေပါပဲ။ အဲဒီလို လူမှုဘဝတွေအတွက် ထည့်သွင်းစဉ်းစားတတ်တဲ့ ဆင်ခြင်တုံတရားမရှိဘဲ စီမံကိန်းကို ခွင့်ပြုခဲ့တဲ့လူတွေဟာ သမိုင်းတရားခံဖြစ်ပါတယ်။

ကျနော်တို့နိုင်ငံမှာ နောက်ထပ် တီကျစ်ဒေသက လူထုလို စီမံကိန်းအတွက် ပေးဆပ်ရနိုင်တဲ့ စတေးခံရမယ့် လူထုကို မြင်မိလိုက်ပါတယ်။တရားမျှတမှုဆိုတာ ဘယ်လိုလူတွေအတွက် သုံးထားတဲ့ စကားလုံးတွေလဲဆိုတာ မျက်နှာဖုံးစွပ်ထားတဲ့သူတွေကို မေးလိုက်ချင်ပါတယ်။

(စာရေးသူ အောင်ကျော်မိုးသည် မြန်မာနိုင်ငံပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်များအဖွဲ့ MATA ရှမ်းပြည်နယ်အဖွဲ့ဝင်တစ်ဦးဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts