All News Local News Peace

တပ်မတော် ဦးပိုင်ကုမ္ပဏီတွင် ဒါရိုက်တာဘုတ် အဖွဲ့ဝင်အဖြစ် အကောက်ခွန်နှင့်ဆိပ်ကမ်းအာဏာပိုင်အကြီးအကဲ ၂ ဦး ပါဝင်မှု သမ္မတထံ မတင်ပြသေး

တပ်မတော် ဦးပိုင်ကုမ္ပဏီတွင် ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် အကောက်ခွန်နှင့်ဆိပ်ကမ်းအာဏာပိုင်အကြီးအကဲ ၂ ဦး ပါဝင်မှု သမ္မတထံ မတင်ပြသေး

ရန်ကုန်၊ ဇွန် ၂ဝ

တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဒါရိုက်တာဘုတ်အဖွဲ့တွင်ပါဝင်သော မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်နှင့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်တို့နှင့် ပတ်သက်သည့် ကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက အများပြည်သူ သံသယကင်းရှင်းအောင် ဖြစ်စေချင်လိုလျှင် နိုင်ငံတော်သမ္မတဆီ တင်ပြရန် ရှေ့နေချုပ်ရုံးက အကြောင်းပြန်ထားကြောင်း ဇွန်လ ၁၉ရက်နေ့က ပြုလုပ်သည့် နိုင်ငံတော် သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောဆိုသည်။

“ ကျွန်တော်တို့ ရှေ့နေအုပ်ချုပ်ရုံးရဲ့ သဘောထား ဘဏ္ဍာ/အခွန်ကို ပြန်ထားတာရှိပါတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော်တို့ရဲ့ အစိုးရရဲ့ ဝန်ကြီးဌာန ဌာနဆိုင်ရာတွေရဲ့ အကြီးအကဲတွေဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်တွေ ဦးဆောင်ညွှန်ကြားရေးမှူးတွေက ဘယ်သူခန့်အပ်တာလည်းဆိုတော့ နိုင်ငံတော် သမ္မတက တိုက်ရိုက်ခန့်အပ်ရပါတယ်။ ဒီပုဂ္ဂိုလ်တွေနဲ့ သူတို့လုပ်ဆောင်ချက်တွေမှာတော့ သက်ဆိုင်တဲ့ဝန်ကြီးဌာနတွေက ရှင်းလင်းတာ ဒါတွေက ဟိုးအရင် တပ်မတော် အစိုးရလက်ထက်က ဖွဲ့စည်းထားတဲ့ အမိန့်တွေမှာ ပါသွားတာပေါ့။ ပါသွားပေမယ့်တော့ ဒီနောက်ပိုင်းမှာတော့ အစည်းအဝေးတက်ရောက်တာတို့ ပါဝင်ပတ်သက်တာတို့ မရှိဘူးပေါ့။ မရှိသော်လည်းဘဲ သံသယကင်းကင်းနဲ့ ဖြစ်စေချင်တယ်ဆိုရင် ဒါတွေကို တိုက်ရိုက်ခန့်အပ်တဲ့ နိုင်ငံတော် သမ္မတဆီ ပြန်ပြီးတော့ တင်ပြဖို့ ရှေ့နေအုပ်ချုပ်က အကြံပြုထားတယ်လို့ ကျွန်တော်သိရတယ်။ ဒါပေမယ့် သမ္မတရုံးကို တင်ပြလာခြင်းတော့မရှိသေးဘူး။ တင်ပြလာတဲ့အခါမှာလည်း သမ္မတဆီတင်ပြပြီးတော့ အဆုံးအဖြတ်ခံယူပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နှစ်ယောက်လုံး အကျုံးဝင်ပါတယ် ” ဟု ၎င်းကပြောဆိုသည်။

မြန်မာဆိပ်ကမ်း အာဏာပိုင်အဖွဲ့သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနလက်အောက်တွင်ရှိသော အဖွဲ့အစည်းဖြစ်ပြီး အကောက်ခွန်ဦးစီးဌာနသည် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးလက်အောက်တွင် ရှိသော ဌာနဆိုင်ရာအဖွဲ့အစည်းများဖြစ်သည်။

ထိုသို့ အစိုးရဝန်ထမ်းတာဝန်ရယူထားသူများသည် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်လျှင် ၎င်းတို့ တာဝန်ရယူထားသည် ဌာနဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ဆက်စပ်မှုမရှိရဆိုသော မူဝါဒရှင်းရှင်းလင်းလင်းရှိပြီးသားဖြစ်ကြောင်း၊ ရှေ့နေချုပ်ရုံးအကြံပြုကာ နိုင်ငံဝန်ထမ်းလုပ်လျှင် ချမ်းသာချင်၍မရကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောဆိုသည်။

“ နှစ်ပိုင်းပေါ့။ အစိုးရဝန်ထမ်းတွေ စီးပွားရေးလုပ်ငန်းမှာ ပါဝင်ပတ်သက်တဲ့အပိုင်းပေါ့။ အဲတာကတော့ ကျွန်တော်တို့ကတော့ ရှင်းရှင်းလင်းလင်း မူဝါဒရှိပြီးသားဖြစ်ပါတယ်။ ဒါဟိုးအရင်ကလည်း ဒီစီးပွားရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့အခါမှာ ကိုယ့်ဌာနဆိုင်ရာ ကိစ္စရပ်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆက်စပ်ပတ်သက်ခြင်းမရှိစေရဘူးပေါ့။ ဆိုလိုတာက Export Import ကုမ္ပဏီမှာ ပါဝင်နေတဲ့လူတစ်ယောက်က စီးပွားကူးသန်း ပို့ကုန်သွင်းကုန် ဌာနမျိုးမှာ သွားတာဝန်ထမ်းဆောင်နေရင် ဒါ conflict of interest ဖြစ်နိုင်တယ်ပေါ့။ ဖြစ်နိုင်တယ်လို့ သူကိုယ်တိုင် မလုပ်ဘူးဆိုရင်တောင်မှ ဖြစ်နိုင်တယ်ဆိုတဲ့ သံသယက ရှိသွားပြီပေါ့။ အဲတာကြောင့်မို့ ကင်းကင်းရှင်းရှင်းရှိဖို့ပေါ့။ တချို့ကျတော့လည်း ကိုယ့်ရဲ့ မိသားစုဝင်ပေါ့။ မိသားစုဝင်က ဒီလို ပုဂ္ဂိုလ်က private ကုမ္ပဏီတွေမှာ လုပ်ကိုင်နေတယ်။ ဒီပေါ်မှာ အကြောင်းပြုပြီးတော့ Information ရတာဖြစ်စေ အခွင့်အရေးရတာဖြစ်စေ ဒါမျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် ကျွန်တော်တို့ ပြောရရင်တော့ အစိုးရဝန်ထမ်းလုပ်ချင်ရင်တော့ ချမ်းသာချင်လို့မရဘူးပေါ့နော်။ ချမ်းသာချင်ရင်တော့ အပြင်စီးပွားရေးသပ်သပ်လုပ်ပေါ့။ နိုင်ငံဝန်ထမ်းကတော့ နိုင်ငံဝန်ထမ်း အထိုက်အလျောက်နဲ့တော့ သူ့ဟာနဲ့သူတော့ ရှိလိမ့်မယ်။ သို့သော် အရမ်းကြီးချမ်းသာချင်လို့တော့ မရဘူး” ဟု ၎င်းကပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော် သမ္မတဆီ တင်ပြထားခြင်းမရှိသော်လည်း တင်ပြလာလျှင် ဥပဒေကြောင်းအရ လုပ်ဆောင်ရမည်အပိုင်းများရှိသကဲ့သို့ conflict of interest အပေါ်မှာ အများပြည်သူ၏ သံသယကင်းအောင် လုပ်ရမည့် အပိုင်းများရှိကာ အဆိုပါ အကြောင်းအရ နှစ်ခုပေါ်မူတည်ပြီး လူကြီးများက ဆုံးဖြတ်မည်ဖြစ်ကြောင်း ဦးဇော်ဌေးကပြောဆိုသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တို့ကို အရေးယူပေးရန်အတွက် မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက် မဟာမိတ်အဖွဲ့(MATA) ကလည်း ပြီးခဲ့သည့် ဇွန်လ ၁၈ရက်နေ့က နိုင်ငံတော် သမ္မတဦးဝင်းမြင့်ထံ အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။

တပ်မတော်ဦးပိုင်ကုမ္ပဏီ(MEHL) ၏ မိတ်ဖက်ဖြစ်သော ထာဝရနဒီအုပ်စုကုမ္ပဏီများလီမိတက် Ever Flow River -EFR သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစုကြီးတို့ ပူးပေါင်းကာ ရန်ကုန်ရှိ ကုန်းတွင်း ဆိပ်ကမ်းပေါင်းစပ် အဆောက်အအုံတစ်ခုဖော်ဆောင်ရေးကို Hlaing Inland Terminal and Logistics Co.,Ltd အမည်ဖြင့် မှတ်ပုံတင်၍ ဆောင်ရွက်လျက်ရှိကာ အဆိုပါစီမံကိန်းအတွက် EFR က အမေရိကန်ဒေါ်လာ ၄၇ သန်း ထည့်ဝင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး MEHL ၏ လက်အောက်ခံ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် လန်းပြီပင်လယ်ရေကြောင်း ကုမ္ပဏီလီမိတက်က နှစ် ၅၀ သက်တမ်းဖြင့် မြေငှားရမ်းပေးမည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်း မြေနေရာသည် အောင်ဇေယျတံတားနှင့် ရွှေပြည်သာတံတားအကြား လှိုင်သာယာရှိ ဧက ၁၅၀ အကျယ်အဝန်းရှိသော မြေနေရာ၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ကြောင်း၊ MEHL ၏ လက်အောက်ခံ လုပ်ငန်းခွဲတစ်ခုဖြစ်သော လန်းပြီ ပင်လယ်ရေကြောင်း ကုမ္ပဏီလီမိတက်မှတစ်ဆင့် Hlaing Inland Terminal and Logistics Co.,Ltd တွင် ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး EFR က ကျန် ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်းကိုလည်း Justice for Myanmar အဖွဲ့က မေလ ၂၅ရက်နေ့တွင် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts