All News Local News Peace

တပ်မတော်ပိုင်Mytel နှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်နေသော IGT လုပ်ငန်းများ ရပ်ဆိုင်းရေး တောင်းဆို

တပ်မတော်ပိုင်Mytel နှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်နေသော IGT လုပ်ငန်းများ ရပ်ဆိုင်းရေး တောင်းဆို

ရန်ကုန်၊ ဇွန် ၂၄

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးတာဝါတိုင်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် Irrawaddy Green Towers (IGT) အနေဖြင့် တပ်မတော်ပိုင် Mytel နှင့် ချိတ်ဆက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ရပ်တန့်ရန် Justice For Myanmar က ယနေ့ ထုတ်ပြန်တောင်းဆိုသည်။

Irrawaddy Green Towers ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ လေးခုမြောက် မိုဘိုင်းဖုန်းအော်ပရေတာ ဖြစ်သည့် စစ်တပ်ပိုင် Mytel ၏ စီးပွားရေးမိတ်ဖက်ဖြစ်ပြီး Mytel ဟာ မြန်မာစစ်တပ်နဲ့ စီးပွားရေး ဖက်စပ်လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ယင်းစီးပွားရေး သည်လျှို့ဝှက်ငွေကြေး ရင်းမြစ်တစ်ခု ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး ထိပ်ပိုင်းစစ်ဗိုလ်ချုပ်များကို ကြွယ်ဝချမ်းသာစေကြောင်း Justice for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီးယူအဖွဲ့ဝင် လူဇင်ဘက်နိုင်ငံ အခြေစိုက် CVC ကုမ္ပဏီ၊ မလေးရှားနိုင်ငံအခြေစိုက် Axiata Group Bhd. ပိုင် edotco ကုမ္ပဏီနှင့် တရုတ်နိုင်ငံအခြေစိုက် Guodong Network Communication Group Co. Ltd တို့သည် မြန်မာ့အကြီးဆုံးတာဝါအော်ပရေတာဖြစ်သည့် IGT အတွက် လေလံစာရင်းတွင်ပါဝင်နေကြောင်း ၊အဆိုပါ ကုမ္ပဏီများအနေဖြင့် အရေးပါသည့် ဘဏ်များထံမှ စုပေါင်းချေးငွေ ပမာဏ အမေရိကန်ဒေါ်လာ သန်း ၃၀၀ မှ ၄၀၀ အထိ ချေးယူရန် ညှိနှိုင်းလျှက်ရှိကြောင်း သိရှိရသည်။

၂၀၁၇ ခုနှစ်တွင် IGT အနေဖြင့် နိုင်ငံတစ်ဝန်း တာဝါတိုင် ၆၇၇ တိုင်အတွက် ငှားရမ်းမှုမာစတာ သဘောတူညီချက်တစ်ရပ်ကို Mytel နဲ့ ချုပ်ဆိုခဲ့ကြောင်း၊ ယင်းငှားရမ်းမှုမူလကြေညာချက် ထုတ်ပြန် အပြီးနောက်ပိုင်း ငှားရမ်းမှုသဘောတူညီချက်ကို ထပ်မံတိုးချဲ့မှုများ ရှိမရှိ မသိရသေးကြောင်း၊ IGT ၏ စီးပွားရေးပုံစံသည် မြန်မာနိုင်ငံအတွင်း တယ်လီဖုန်းတာဝါတိုင်များ တည်ဆောက်ပြီး စီမံလည်ပတ်ခွင့်ရသည့် (build and operate) ပုံစံဖြစ်ပြီး တယ်လီဖုန်းအော်ပရေတာများထံ တာဝါတိုင်များ ဌားရမ်းအသုံးပြုစေခြင်းဖြစ်ကြောင်း သိရှိရသည်။

တပ်မတော်ပိုင် Mytelနှင့် ချုပ်ဆိုထားသည့် ငှားရမ်းမှုမာစတာ သဘောတူညီချက်က IGT အတွက် Mytel မှတစ်ဆင့် တိုက်ရိုက်အကျိုးအမြတ်ရရှိပြီး Mytel အနေဖြင့်လည်း IGTနှင့် မိတ်ဖက်ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့ရဲ့ ဈေးကွက်ဝေစုကို ချဲ့ထွင်နိုင်ကြောင်း၊ အချုပ်အားဖြင့် IGT ၏ စီးပွားရေးပုံစံသည် စစ်တပ်စီးပွားရေးဆီက အကျိုးအမြတ်တွေ ရရှိရေးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Mytel အနေဖြင့် တပ်မတော် ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံးနှင့် ချိတ်ဆက်နေပြီး ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး၏ ညွှန်ကြားရေးမှူးဖြစ်သည့် ဗိုလ်ချုပ်သော်လွင်က မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ ဒါရိုက်တာဖြစ်ကြောင်း၊ ၂၀၁၇ မေလအတွင်း ဗိုလ်ချုပ်သော်လွင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ ယင်းခရီးစဉ်အတွင်း Mytel ရှယ်ယာရှင်ဖြစ်သည့် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel ကုမ္ပဏီနှင့် Mytel မိတ်ဖက်ဆောင်ရွက်ခြင်း၊ ဗီယက်နမ်ဆက်သွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက် ခြင်းတို့ အပါအဝင် “ရှင်သန်ဖွံ့ဖြိုးသောပူးပေါင်းဆောင်ရွက်မှုများ” ကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ Mytel နှင့် Irrawaddy Green Towers ကုမ္ပဏီ နှစ်ခုလုံးကို စစ်တပ်စီးပွားရေးနှင့် ချိတ်ဆက်မှုများကြောင့် အမည်စာရင်းဖော်ပြခဲ့ပြီး မြန်မာစစ်တပ်နှင့် ဆက်နွယ်မှုများကို ဖြတ်တောက်ရန် စီးပွားရေးလုပ်ငန်းအားလုံးကို ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်က တိုက်တွန်းခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၁၇ ခုနှစ် မတ်လ ၁၆ ရက်နေ့ မြန်မာနိုင်ငံတွင် တယ်လီဖုန်းတာဝါတိုင်များ တည်ဆောက်ရန်အတွက် IGT ကို ထောက်ပံ့ရန် IFC အတည်ပြုခဲ့ကြောင်း၊ IFC ၏ ထုတ်ပြန်ချက်အရ ငွေကြေးထောက်ပံ့မှု၏ ရည်ရွယ်ချက်သည် ငှားရမ်းသူတစ်ဦးမက အသုံးပြုနိုင်သည့် တာဝါတိုင်များ တိုးချဲ့ရန်ဖြစ်ပြီး တာဝါတိုင်များအား မိုဘိုင်းဖုန်းအော်ပရေတာများစွာသို့ ငှားရမ်းခွင့် ပြုထားခြင်းဖြစ်ကြောင်း၊ IFC ၏ စုစုပေါင်း ရင်းနှီးမြှပ်နှံမှုက အမေရိကန်ဒေါ်လာ ၅၂ သန်းရှိပြီး ယင်းတွင် ကုမ္ပဏီရှယ်ယာ တန်ဖိုး ဒေါ်လာ ၁၀ သန်းနှင့် ချေးငွေ ဒေါ်လာ ၄၂ဒသမ ၅ သန်း ပါဝင်ကြောင်း၊ အဆိုပါ ချေးငွေသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ဖက်စပ်ငွေချေးမှုအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း ၊၂၀၁၆ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ ADB အနေဖြင့် တာဝါလုပ်ငန်းတိုးချဲ့ရန် IGT ကို အမေရိကန် ဒေါ်လာ သန်း ၅၀ ချေးငွေပေးရန် အတည်ပြုပေးခဲ့ကြောင်း သိရှိရသည်။

၂၀၁၅ ဒီဇင်ဘာလအတွင်းမှာ ဒတ်ချ်အစိုးရကအများစုပိုင်ဆိုင်ပြီး ပုဂ္ဂလိက-အစိုးရပူးပေါင်းဆောင် ရွက်မှုဖြစ်သည့် ဒတ်ချ်ဖွံ့ဖြိုးရေးဘဏ် FMO အနေဖြင့် IGT အတွက် ချေးငွေ ဒေါ်လာ ၁၂၂ သန်းကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်းချေးငွေအစီအစဉ်တွင် ဒတ်ချ်အစိုးရ၏ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာနမှ ဒေါ်လာ ၁၃ သန်းနှင့် European Development Finance Institutions (EDFI) မှ ဒေါ်လာ ၁၀၉ သန်း ပါဝင်ကြောင်း၊ IGT အတွက် ဘဏ္ဍာရေးအစီအစဉ်တွင် ပါဝင်သည့် EDFI အဖွဲ့အစည်းများအနေဖြင့် Deutsche Investitions- und Entwicklungsgesellschaft mbH DEG (Germany), Proparco (France), CDC Group (Great Britain), BIO (Belgium) and OeEB (Austria) တို့ ဖြစ်ကြောင်း သိရှိရသည်။

Justice For Myanmar အနေဖြင့် Irrawaddy Green Towers ၏ ရောင်းဝယ်မှုတွေကို အနီးကပ် စောင့်ကြည့်လျက် ရှိကြောင်း၊ ဘဏ်များမှတစ်ဆင့် ကုမ္ပဏီကို ချေးငွေများပေးအပ်မှုသည် တပ်မတော်အတွက် အကျိုးအမြတ် ထွက်စေမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts