Local News Peace political news

တပ်မတော်ထိပ်တန်းဗိုလ်ချုပ်များ ဦးပိုင်နှင့် MEC ကုမ္ပဏီတွင် အဓိကရာထူးများ ရယူထားမှု အကျိုးစီးပွား ပဋိပက္ခ ဖြစ်နိုင်၍ စုံစမ်းစစ်ဆေးရန် Justice for Myanmar ထုတ်ပြန်

တပ်မတော်ထိပ်တန်းဗိုလ်ချုပ်များ ဦးပိုင်နှင့် MEC ကုမ္ပဏီတွင် အဓိကရာထူးများ ရယူထားမှု အကျိုးစီးပွား ပဋိပက္ခ ဖြစ်နိုင်၍ စုံစမ်းစစ်ဆေးရန် Justice for Myanmar ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၁၇

တပ်မတော်က ထူထောင်ထားသော အများနှင့်သက်ဆိုင်သော မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ( MEHL ) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းMEC ၏ ဒါရိုက်တာရာထူးများတွင် တပ်မတော်ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများက ရယူထားသဖြင့် အကျိုးစီးပွားပဋိပက္ခဖြစ်နိုင်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရန် Justice for Myanmar အဖွဲ့က ဇွန်လ ၁၇ ရက်နေ့ နေ့စွဲဖြင့် ကြေညာချက်တစ်ရပ်ထုတ်ပြန်သည်။

မြန်မာ့စီးပွားရေးဦးပိုင်၏ ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေဆဲဖြစ်သော အုပ်ချုပ်ရေး၊ ပစ္စည်းဝယ်ယူရေး၊ ထောက်ပံ့ရေးနှင့် တရားရေးဆိုင်ရာ ကိစ္စရပ်များတွင် တာဝန်ရှိသည့် ထိပ်တန်းအကြီးအကဲအရာရှိကြီးများက လွှမ်းမိုးထားကြောင်း Justice for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးဦးပိုင်၏ စီမံခန့်ခွဲမှု ဒါရိုက်တာတစ်ဦးဖြစ်သူ ဗိုလ်ချုပ်ခင်မောင်သန်းသည် စစ်လက်နက်များအပါအဝင် ပစ္စည်းများ ဝယ်ယူရေးအတွက် တာဝန်ယူဆောင်ရွက်ရသည့် တပ်မတော် ပစ္စည်း ဝယ်ယူရေးဌာန ညွှန်ကြားရေးမှူး တစ်ဦးဖြစ်ကြောင်း၊ အလားတူ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC ၏ ဥက္ကဋ္ဌ လည်းဖြစ်၊ မြန်မာ့စီးပွားရေးဦးပိုင် MEHL ၏ နာယက အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သော စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်း သည် တပ်မတော်တွင် စစ်လက်နက်ပစ္စည်းများ အပါအဝင် စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုများ၏ တာဝန်ခံဖြစ်ပြီး ထောက်ပံ့ရေးဘတ်ဂျက် စီမံခန့်ခွဲရသူဖြစ်ကြောင်း၊ မြန်မာစီးပွားရေးဦးပိုင်၏ နာယက အဖွဲ့ ဦးဆောင်သူသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်ကြောင်း၊ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများသည် ရှယ်ယာရှင်များဖြစ်ကြောင်း ဖော်ပြထားသည်။

Justice for Myanmar အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရတနာမောင်က ” စစ်တပ်ရဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေကို စီးပွားရေးလုပ်ငန်းလို စီမံခန့်ခွဲနေတာကို အစိုးရက ဘာလို့ ဆက်လက် ခွင့်ပြုနေတာလဲဆိုတာကို ပြည်သူက မေးခွန်းထုတ်ရမယ့် အချိန်ရောက်ပါပြီ။ ဒါကို ချက်ချင်းအမြန် စုံစမ်းစစ်ဆေးဖို့ ပြုပြင်ပြောင်းလဲဖို့ ဒီမိုကရေစီနည်းကျ လုပ်ဟန်ပြောင်းလဲဖို့ လိုအပ်တယ်” ဟု ပြောဆိုသည်။

မြန်မာ့စီးပွားရေးဦးပိုင် အပါအဝင် တပ်မတော် စီးပွားရေးလုပ်ငန်းများ၏ အကျိုးအမြတ်များ မည်သည့်နေရာသို့ ရောက်ရှိသွားသည်မှာ ပွင့်လင်းမြင်သာမှု ကွယ်ပျောက်လျက်ရှိကြောင်း၊ ယခင် မြန်မာ့အမျိုးသားစာကြည့်တိုက်ကဲ့သို့သော ယဉ်ကျေးမှုအရ ၊ သမိုင်းကြောင်းအရ တန်ဖိုးရှိသည့် အချို့သော ပိုင်ဆိုင်မှုများသည်လည်း ကွန်ဒိုမီနီယံ အဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံသို့ နှစ်ရှည် ဦးပိုင်က ငှားရမ်းထားကြောင်း၊ ဦးပိုင်သည် အများပြည်သူနှင့်သက်ဆိုင်သော ကန်ထရိုက်လုပ်ငန်းများရရှိမှုများရှိကြောင်း၊ ဥပမာအားဖြင့် ဦးပိုင်၏ ဆောက်ရေးလုပ်ငန်းခွဲ ဖြစ်သော Myanmar Land and Development ကုမ္ပဏီသည် နေပြည်တော်ဝန်ထမ်းအိမ်ရာနှင့် ဝန်ကြီးဌာနများ ဆောက်လုပ်ရေး အပါအဝင် ကန်ထရိုက်စာချုပ်များ ရရှိထူထောင်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြထားသည်။

တပ်မတော် ဥပဒေပိုင်းဆိုင်ရာ အဓိက အရာရှိကြီးနှစ်ဦးဖြစ်သည့် တပ်မတော်စုံစမ်းစစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့မှာ မြန်မာ့စီးပွားရေးဦးပိုင်၏ ဘုတ်အဖွဲ့ဝင်များဖြစ်ကြောင်း ဖော်ပြထားသည်။

ကာကွယ်ရေးပစ္စည်း ဝယ်ယူမှု ညွှန်ကြားရေးမှူးရုံး ဦးဆောင်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ခင်မောင်သန်းသည် MEHL ဦးပိုင် ၊ Myanmar Five Star Line ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း၊ Kayah State Mineral Production လုပ်ငန်း၊ Myanmar Land and Development ကုမ္ပဏီ ၊ Myanmar IMperial Jade (Gems & Jewelry ) ၊ Myanmar Ruby Enterprise ( Gems & Jewelry ) ကုမ္ပဏီ၊ မြဝတီထရေးဒင်း၊ ဂန္ဓမာထရေးဒင်း ၊ အဓိပတိ စိုက်ပျိုးရေးကုမ္ပဏီ အပါအဝင် အနည်းဆုံး ပုဂ္ဂလိကပိုင်နှင့် အများပိုင် ကုမ္ပဏီ ၁၉ ခု၏ ညွှန်ကြားရေးမှူး တာဝန်ယူထားသူဖြစ်ကြောင်း လည်းဖော်ပြထားသည်။

Justice for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်တွင်မူ မြန်မာ့စီးပွားရေးဦးပိုင် ဒါရိုက်တာ ဗိုလ်ချုပ်ခင်မောင်သန်းကို သမ္မတဦးဝင်းမြင့်က ယခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က ဇေယျာကျော်ထင်ဘွဲ့ ချီးမြှင့်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

မြန်မာ့စီးပွားရေးဦးပိုင်တွင် ဒါရိုက်တာများအဖြစ် ဗိုလ်ချုပ်ထွန်းအောင်(စစ်ဦးစီးအရာရှိချုပ်- လေ) ၊ ဗိုလ်ချုပ်မိုးမြင့်ထွန်း (ကစထ-၆)၊ ဗိုလ်ချုပ်မိုးအောင် (စစ်ဦးစီးအရာရှိချုပ်- ရေ) တို့ပါဝင်ကြောင်းလည်း ဖော်ပြထားသည်။

ဗိုလ်ချုပ်မိုးအောင်သည် ကွယ်လွန်သူ ယခင်စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်း၏ သားဖြစ်ပြီး IGE ကုမ္ပဏီပိုင်ရှင် ဦးနေအောင်နှင့်ပြည်အောင်တို့နှင့် ညီအစ်ကို တော်စပ်ကြောင်းလည်းဖော်ပြထားသည်။

Justice for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဇွန်လ ၁၇ ရက်နေ့ ညနေ ၂ နာရီ ၂၆ မိနစ်တွင် ဖုန်းခေါ်ဆို၍ သဘောထားမှတ်ချက် တောင်းခံရန် ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပေ။

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts