All News Features Peace

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၉ )

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ရေးဖြင့် ဖြတ်သန်းခဲ့ခြင်း (အပိုင်း ၉ )

By ရဲဘော်အောင်မင်းနိုင်

လိုင်ဇာမြို့ရယ်လို့ ဖြစ်လာမယ့် ရွာဈေးတန်း ကနေ လိုင်စင်တက်ဖို့ KIA က ရဲဘော် ၆ ယောက်လောက် ကျနော်တို့ကျာင်းသား အုပ်စု ရှိရာကို ရောက်လာပါတယ်။ ဆက်သွယ်ရေးစက်နဲ့ ကချင်လို ပြောပြီး သတင်းပို့ပြောဆိုနေတာ ကြားနေရပါတယ်။ ဦးဆောင်တဲ့ သုံးရစ် ဆရာကြီးက ကျောင်းသားတွေ စထွက်ရအောင်လို့ ဆော်သြပါတယ်။

လမ်းလျှောက် ပြီးထွက်လာကြရင်း တဖြည်းဖြည်း တောင်ပေါ်စတက်လာကြပါတယ်။ ရာသီဥတု အအေးဓာတ်ကတော့ တော်တော်သိသိသာသာ အေးနေပါပြီ ။ လိုင်စင်ကို ညနေလောက်ရောက်မယ် ဆိုလို့ ခြေလှမ်းတွေကလည်း တက်ကြွနေပါတယ် ။ တောင်ပေါ် တက်တဲ့အချိန် စတက်ကာစတော့ ဘာမှ မဖြစ်ပေမယ့် တစ်ဝက်ရောက်ရောက်တဲ့အခါ ဟောဟဲလိုက်နေပါတယ် ။

ကျနော်တို့ အုပ်စုကသာ ဟောဟဲဖြစ်နေပေမယ့် KIA ကရဲဘော်တွေကတော့ ပုံမှန်ဖြစ်နေပြီး ကျနော်တို့ကို ပြုံးပြီးကြည့်နေပါတယ်။ ယောက်ဖ တို့ ဖြည်းဖြည်း တက်ကြဆိုပြီး အားပေးစကားပြောပါတယ် ။ နေရာကောင်းတစ်ခုမှာ ခဏနားကြတုန်း ရဲဘော်တစ်ယောက်က ကျောက်တုံးတစ်ခုပေါ် က သစ်ရွက်တွေကို လှန်လောရှာဖွေနေပါတယ်။

ခဏနေတော့ ကျနော်တို့ကို လှမ်းခေါ်ပြီး ယောက်ဖတို့ ဒါလေးချိုးပြီးထည့်လာကြ ပြီးရင် နည်းနည်းချင်းစား အမောပြေတယ်ဆိုလို့ သွားယူကြပါတယ်။ ကျောက်တုံးပေါ်မှာ အထပ်လိုက် ပေါက်နေတဲ့ ဂျင်းတက်တွေလို တွေ့ရပါတယ်။

ဘာခေါ်လဲ လို့ မေးကြည့်လိုက်တော့ ကျောက်ဂျင်း ခေါ်တယ်လို့ ပြောပြပါတယ်။ စားကြည့်လိုက်တဲ့အခါ ပူရှိန်းနေပြီး လည်ချောင်းတလျောက် ရှင်းသွားပါတယ် ။ အားရပါးရ လေရူ သွင်းလိုက်အချိန် အဆုတ်တခုလုံး အေးပြီး အသက်ရူရတာ တော်တော်ကောင်းလာပါတယ် ။ တဖြည်းဖြည်းနဲ့ တက်လာလိုက်ကြတာ တောင်ထိပ်ပေါ် ရောက်လာတဲ့အခါ မြင်လိုက်ရတဲ့မြင်ကွင်းက မောနေတဲ့အမောတွေ ပြေပြီး တောင်စဉ်တောင်တန်းတွေနဲ့ အရမ်းလှနေပါတယ် ။

KIA ကရဲဘော်က တော့ ဘယ်တောင်က နာမည်ကဘယ်လိုခေါ်တယ် ဘယ်နေရာက တော့ တရုတ် နိင်ငံ ဖြစ်တယ်ဆိုတာ လက်ညိုး ထိုးပြီး ရှင်းပြနေပါတယ်။ တောင်ကြောတစ်လျှောက် လမ်းလျှောက်လာလိုက်ကြတာ အချို့နေရာတွေဆို တစ်ဖက်တောင်ကြား ထဲမှာ စီးဆင်းကျနေတဲ့ ရေတံခွန်တွေထိ မြင်တွေ့နေရပါတယ် ။ ကျနော်တို့ လျှောက်နေတဲ့တောင်ကြောဟာ တော်တော်မြင့်ပါတယ်။

ပတ်ဝန်းကျင်ကိုသတိထားမိတော့ ရာသီဥတုက တဖြည်းဖြည်းအေးလာပြီး သစ်ပင်ပေါက်ပုံတွေက အပင်ကြီးဆိုပေမယ့် ပင်စည် က တဖြောင့်တည်း မဟုတ်တော့ဘဲ ကိုင်းတွေဖြာနေတဲ့အပင်တွေအဖြစ်ပြောင်းလာပါတယ်။ သစ်ပင်တွေမှာ ရေညှိတွေကပ်နေတာတွေ့ရပါတယ်။

သစ်ပင်မှာ ရေညှိကပ်နေတာ ကိုကြည့်ပြီး အရပ်မျက်နှာ ခွဲခြားလို့ရကြောင်း KIA ကရဲဘော်တွေက ရှင်းပြပါတယ်။ ရေရှိတဲ့ ချောက်နေရာလေးမှာ ခဏနားကြရင်း နေ့လယ်စာ ချက်ပြုတ်စားသောက်ကြပါတယ်။ ဟင်းကတော့ ထုံးစံအတိုင်း ဂျွန်မဂျပ်ပါဘဲ (ကချင်လို အသံထွက်မှားနိင်ပါတယ်၊ ဆားနဲ့ငရုတ်သီးပါ)။ အဲဒီအရပ်မှာ ငရုတ်သီးတွေက မြေပြန့်မှာ ဆို သပိတ်သီးလို့ ခေါ်တဲ့ အညိုရင့်ရင့် လုံးလုံး ပုံစံအသီးတွေပါ။တော်တော်စပ်ပါတယ်။ KIA က ရဲဘော်တွေက ဒရင်ကောက်ရွက်တွေ ခူးပေးပါတယ်။

သူတို့က ကျနော်တို့ကို ဘာမှာလဲဆိုတော့ အရွက်တခုခု ခူးစားမယ်ဆို သူတို့ကိုအရင် ပြပါလို့ ပြောထားပါတယ်။ အဲဒီဒေသ မှာ စားလို့ရတဲ့အပင်နဲ့ အဆိပ်ရှိတဲ့အပင်တွေဟာ ပုံသဏ္ဍန် တူတယ်လို့ ပြောပြပါတယ်။ ဒရင်ကောက်နဲ့ ပတ်သက်လို့ ရာဇဝင်ရှိပါတယ်။ ဒရင်ကောက် ပုံ သဏ္ဍန် အမွေးစုတ်စုတ် ပါတဲ့ အပင်ရှိပါတယ်။ တခါက ပလောင်ရဲဘော်တွေ ချက်စားပြီး အဆိပ်သင့် သေဆုံးလို့ အဲဒီအရွက်ကို ပလောင်သေ ရွက်လို့ နံမည်ပေးထားတယ်လို့ ပြောပြပါတယ် ။

ထမင်းစားပြီးလို့ KIA ရဲဘော်တွေက ပွတ်ချွန်းလိပ်ပြီးသောက်နေတာ မြင်တော့ လိပ်ပြီးသားတစ်လိပ် တောင်းသောက်ကြည့်ပါတယ်။ တော်တော် သောက်ကောင်းပါတယ် ဗမာဆေးစပ်နဲ့ ခါချဉ်ပေါင် ဆေး ရောစပ်ထားပြီးသောက်တာလို့ ပြောပြရင်း ပွတ်ချွန်းလိပ်ပုံ လိပ်နည်းသင်ပြပေးပါတယ် ။ ပွတ်ချွန်းကို အချို့က ဝါးစွပ်တံ လေးနဲ့ သောက်ကြပါတယ်။

တရုတ်က လာတဲ့ ပွတ်ချွန်းစက္ကူလည်း ရှိသလို သတင်းစာ စာရွက်နဲ့လည်း လိပ်ပြီးသောက်ကြပါတယ်။ ကျနော်အတွက်တော့ တရုတ်က လာတဲ့စက္ကူနဲ့သောက်ရတာ စက္ကူညှော် မနံလို့ ပိုကြိုက်ပါတယ်။ လမ်းခရီးက လုံခြုံ စိတ်ချရလို့ စကားတပြောပြောနဲ့ အေးအေးဆေးဆေး လျှောက်နေကြပါတယ်။

လိုင်စင်ရောက်ခါနီး သစ်ပင်ကြီး တစ်ပင်ပေါ်မှာ တွဲလောင်းသီးနေတဲ့ ဘူးသီး သီးသလို အလုံးတွေ အများအပြားမြင်မိလို့ KIA ကရဲဘော်ကို အဲဒါဘာတွေ လဲလို့ မေးကြည့်မိပါတယ်။ ကြောင်ပျံလို့ ခေါ်ကြောင်းပြောပြပြီး ဒေသမှာတော့အရက်နဲ့စိမ်သောက်တဲ့အားဆေး တမျိုးလို့ ပြောပြပါတယ် ။ ပုံစံကြည့်ရတာကဘငယ်ငယ်က ကလေးတွေကို ကြောင်ပုံ ဆွဲပြတဲ့အတိုင်း ဝလုံးနှစ်း ဆင့်ပြီး အပေါ်ခေါင်းပိုင်းက သေးသေး ကိုယ်က ကြီးကြီး ရေးထားပြီး အမြှီးနေရာမှာ မျဉ်းကြောင်းလေးရေးထားသလိုပါပဲ ။

သူတို့ရှင်းပြတာက နုရင် နွားနို့လို အရောင်ထွက်ပြီး ရင့်တယ်ဆိုရင် အနီရောင်ထွက်တယ်ဆိုပါတယ်။ လက်လှမ်းမီတဲ့ နေရာ ကနေ တစ်လုံးခူးပြီး ဓားနဲ့ ခုတ်ကြည့်လိုက်တဲ့အချိန်မှာ အသားစတွေလို ဖြစ်နေပါတယ်။ အခု ၂၀၁၈ အချိန်မှာ ကြောင်ပျံ တို့ ကျောက်ဂျင်းတို့လည်း ရှားပါးဖြစ်ကုန်ပြီထင်ပါတယ်။

သိပ်မကြာခင်မှာပဲ KIA ဂိတ်တစ်ခု ကိုရောက်ပါတယ်။ ကျနော်တို့ ရောက်မယ်ဆိုတာ ဆက်သွယ်ရေးစက်တွေနဲ့ လှမ်းပြီးအကြောင်းကြားထားလို့ KIA က ကျောင်းသား တာဝန်ယူထားတဲ့ လူကြီးတွေအပြင် အရင်ရောက်ပြီး သင်တန်းတက်နေတဲ့ ကျောင်းသားတွေ လာရောက်ကြိုဆိုကြပါတယ်။ ကျနော်တို့ကို နူတ်ဆက်ပြီး ကျောင်းသားတပ်မတော် အခြေတည်မယ့် ပါဂျောင် ကို ရောက်လာကြပါတယ်။

ရောက်တဲ့နေ့ ကို (၈ ရက်သို့မဟုတ် ၉ ရက် ဒီဇင်ဘာလ ၁၉၈၈ နေ့လို့ ထင်ပါတယ် ။ ) တိတိကျကျ မမှတ်မိတော့ပါဘူး။ မှတ်မိတာကတော့ ရင်း ၅ ကနေ လိုင်စင်(ပါဂျောင်) ထိ ၈ ညအိပ် ၉ ရက် လမ်းလျှောက် လာခဲ့ရတာရယ် လမ်းမှာ ထမင်း နှစ်ရက် ငတ်တာရယ် တော့ မှတ်မိပါတယ်။ ရောက်ရောက်ချင်း သိတဲ့ လူတွေနဲ့ နူတ်ဆက်ကြပြီး ပုံစံ ဖောင်တွေဖြည့်ဖို့ စာရွက်တွေ လာပေးပါတယ်။

ဖောင်တွေ ဖြည့်ပြီးချိန်မှာ KIA က ဗိုလ်မှုး က နုတ်ဆက်စကားပြောပြီး အခု ကျောင်းသားတပ် မတော် အတွက် အပတ်စဉ် (၁) သင်တန်းပေးနေတာ တစ်လ ကျော်ပြီ ဖြစ်သည့်အတွက် အခုရောက်လာတဲ့ ကျောင်းသားနဲ့ ကျန်တဲ့လူတွေက အပတ်စဉ် (၂) သင်တန်းမှ တက်ရောက်ရမည့်အကြောင်း ရှင်းပြပါတယ်။

အပတ်စဉ် (၁) ကို KIA က သင်တန်းပေးနေတာဖြစ်ပြီး အပတ်စဉ် (၂) ကို အခုသင်တန်းဆင်းမည့် ကျောင်းသားများက ပြန်လည် သင်တန်းပေးပြီး KIA က အရာရှိတစ်ယောက် လာကြီးကြပ်ပေးမယ့် အကြောင်း ပြောပြပါတယ်။ အခု သင်တန်းမစသေးခင်အချိန်မှာ အသစ်ရောက်လာတဲ့ကျောင်းသား ရဲဘော်သစ်များ လည်း ကျရာတာဝန် ယူကြဖို့ ပြောပြပါတယ်။

ရောက်လာတဲ့ သူတွေအားလုံးကို တာဝန်ခွဲ ပေး ချိန်မှာ ကျနော်က စားဖို ထဲ မှာ တာဝန်ကျပါတယ်။ ပါဂျောင်ဟာ ပင်လယ်ပြင်အထက် ပေ ၆၀၀၀ ကျော်ခန့်မြင့်မယ်ထင်ပါတယ် ။ ရာသီဥတုကလည်း နှစ်မျိုးပဲ ရှိတယ်လို့ သိရပါတယ်။ မိုးရာသီ နဲ့ ဆောင်းရာသီပဲ ရှိပြီး ဆောင်းရာသီမှာ တစ်ခါတစ်ရံ နှင်းမုန်းတိုင်းကျတတ်တယ်လို့ ပြောပြပါတယ်။

ကျနော်တို့ ကို မြက်ဖျာ တခု နဲ့ ဂွမ်းစောင် တစ်ထည်စီ ပေးပါတယ်။ ကိုယ်ပါလာတဲ့ စောင် နှစ်ထည်နဲ့ဆို ပါဂျောင် အအေးဓာတ်ကို အံတုနိုင်မယ်ထင်ပါတယ်။ ပါဂျောင် ရဲ့ ညအအေးဓာတ်ဟာ မှောင်လာတာနဲ့ သိသိသာသာ အေးလာပါတယ် ။ကိုယ့် နေရာ ဖြစ်တဲ့ စားဖိုထဲ ဝင် ပြီး အရင်ရောက်နှင့်နေတဲ့ ကျောင်းသားတွေဆောက်ပေးထားတဲ့ ဝါးကွပ်ပစ် ပေါ်မှာ အခင်းခင်းပြီး စားဖို ထဲ အရင်ရောက်နှင့်နေတဲ့ သူတွေကို လိုက်နုတ်ဆက်ဖြစ်ပါတယ် ။

တော်တော်များများက ကချင်ပြည်နယ် ကလူတွေများပါတယ်။ သူတို့နဲ့ မြို့ပေါ်က အကြောင်း လမ်းခရီးအကြောင်း စကားတွေပြောဖြစ်နေကြပါတယ်။ ကျနော်ကို အရင်ရောက်နှင့်နေတဲ့ ရဲဘော်အသစ် တစ်ယောက်က အရက်ပုလင်းခွံ တစ်ခုလာပေးပါတယ်။ ဘာလုပ်ဖို့လဲ လို့ မေးလိုက်တော့ သောက်ရေ ထည့်ရအောင်လို့ ပြောပါတယ် ။

ပါဂျောင် ရဲ့အအေးဓာတ်ဟာ ပုလင်းထဲ ရေထည့်ပြီး ဒီအတိုင်းထားရင် ကို အေးခဲ သွားလို့ သောက်ရေအတွက် ပုလင်းထဲ ရေထည့်ပြီး ညဆို ရင်ဘတ်ထဲ ထည့်ပြီး ကိုယ်ငွေ့နဲ့ ရေခဲမဖြစ်သွားအောင် ထားပြီး အိပ်ကြရပါတယ်။ မနက်မိုးလင်းတာနဲ့ အဲဒီရေကို ဝအောင်သောက်မှ အပူ မကန်တာဖြစ်ပါတယ် ။ ရေသောက်နည်းလို့ကတော့ အပူတွေကန်ပြီး နေရ ထိုင်ရ တော်တော်ခက်ပါတယ်။ အရင်ရောက်နှင့်သူတွေက တပ်စည်းမျဉ်း စည်းကမ်းတွေအကြောင်းပြော ပြပြီး ရာသီဥတုက တအားအေးတော့ လုပ်လုပ်ရှားရှား နေမှ ထုံမဖြစ်တာ ဆိုတဲ့အကြောင်းပြောပြပါတယ် ။

စားဖိုထဲ မှာ မှောင်လာတာ နဲ့ အောက်လင်းမီးအိမ်တွေ ထွန်းထားရင်း မီးဖိုးဘေးနားမှာ ဝိုင်းဖွဲ့ပြီး စကားတွေ ပြောဖြစ်နေကြပါတယ်။မိုးညှင်း မြို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတယောက်ကလည်း သူတို့ လုပ်ခဲ့တဲ့အလုပ်အတွက် ဂုဏ်ယူစွာနဲ့ ပြောပြရင်း ကျနော်တို့အတွက် မနက်ဖြန်များဟာ မျှော်လင့်ချက်တစ်ခု ဖြစ်နေပါတယ်။

(ရဲဘော်အောင်မင်းနိုင်သည် ယခုအခါ ကျောင်းသား လက်နက်ကိုင်အဖွဲ့တွင် တာဝန်ထမ်းဆောင်ခြင်းမရှိတော့ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရားသူတစ်ဦးအဖြစ် ရပ်တည်လျက်ရှိနေပြီဖြစ်သည်)

(ဆက်လက်ဖော်ပြပါမည်)

သင့်ရဲ့ထင်မြင်ချက်ကို မှတ်ချက်ပေးလိုက်ပါ

Related Posts